Tag Archives: wunna

Kiss Me Quick Valentine

လွန်ခဲ့သော နှစ်ပေါင်း ၁၇၀၀ ကျော် အတိတ် ခရစ်ခုနှစ် AD ၃ ရာစုခန့်၊ ရောမနိုင်ငံတွင် ကလောဒီယပ်စ် ဟူသော ဘုရင်ရှိခဲ့၏။ စစ်ဘုရင်ဖြစ်သည့် အရွယ်ရောက်သော ကိုယ်လက်စုံလင်သည့် အမျိုးသားမှန်လျှင် jan28စစ်ထွက်သောအခါ လိုက်ပါရမည်ဟု ဆင့်ဆိုခဲ့သည်။ ချစ်သူရှိသောလူပျိုများ၊ အိမ်ထောင်သည်အမျိုးသားများ သည် ချစ်သူ အိမ်ထောင်ဖက်ကို မခွဲလို၊ ရှောင်ကြတိမ်းကြသည်။ မတတ်သာ၍ တိုက်ပွဲထွက်ရလျှင်လည်း စစ်သွေးစစ်မာန် တက်ကြွနေရမည့်အစား တလွမ်းလွမ်းတသသ နှင့် ပူဆွေးလွမ်းမောနေကြ၍ တိုက်ရည် ခိုက်ရည် ကျဆင်း အရှုံးတွေ့လေ၏။

ထိုသောအခါ ကလောဒီယပ်စ် ရောမဧကရာဇ်သည် ပြင်းစွာသောအမျက်ထွက်၏။ “ရောမသားတို့ မချစ်ရ၊ အချစ်အကြောင်း မပြောရ၊ အချစ်သီချင်း အလွမ်းသီချင်း မစပ်ရ၊ မဆိုရ၊ လက်ထပ်ခြင်း လုံးဝမပြုရ။ အချစ်ရေး နှင့် အိမ်ထောင်ရေးသည် ရောမအင်ပါယာတွင် လုံးဝမရှိစေရ” ဟု အမိန့်ထုတ်သည်။ အချစ်အကြောင်း ပြောသူများ၊ လက်ထပ်သောသူများ၊ တေးသီသောသူများကို သတ်ဖြတ်ကွပ်မျက်ခြင်းနှင့် ပြင်းထန်စွာ အရေးယူသည်။

ထိုအခါ ချစ်ကြသူများ၊ အချစ်ကို တန်ဖိုးထားသောသူအပေါင်းတို့အား ကြင်နာစွာ ထောက်ထားစာနာသော ခရစ်ယာန်ဘုန်းကြီးတစ်ပါး ပေါ်ထွက်လာ၏။ ဗယ်လင်တိုင်း (Valentine) ဟု အမည်ရှိသော ဘုန်းကြီးသည် ဘုရင်၏ အမိန့်ကို နာခံခြင်းမပြုဘဲ ချစ်သူတို့အား လျှို့ဝှက်စွာ တိတ်တဆိတ် လက်ထပ်ပေးခဲ့၏။ ချစ်သူများ၏ သူရဲကောင်းကြီး ဗယ်လင်တိုင်းအကြောင်း ရောမဧကရာဇ် သိသောအခါ ဖမ်းဆီးချုပ်နှောင် သည်။ ထို့နောက် ခရစ်နှစ် ၂၆၉ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကွပ်မျက်ခဲ့သည်။ ကန္တာရအလယ် ဆူးတောကြီးအတွင်း တစ်စစီ ဖြတ်တောက်ခုတ်ထစ်ပြီး သတ်ဖြတ်လိုက်သည်။ နောက်နေ့တွင် ထူးခြားစွာ ဘုန်းတော်ကြီး ဗယ်လင်တိုင်း၏ သွေးနှင့် စွန်းထင်းသော ဆူးခက်များသည် အရွက်များပေါက်ပြီး အနီရောင် အသည်းနှလုံးပုံ ပွင့်ဖတ်နှစ်ခု ရင်ချင်းကပ်၍ အလယ်တွင် လက်ထပ်ပေးနေသော သူတော်စင် ၀တ်ဆံပုံနှင့် ပန်းပွင့်များ ပွင့်နေပေသည်။

ဤအံ့ဖွယ်ဖြစ်ရပ်ကို မလိုလားသော ရောမဘုရင်သည် ပန်းပွင့်သောဆူးပင်ကို ခုတ်ထစ်ရှင်းလင်းစေသည်။ ဆူးပင်တို့သည် ပွစာကြဲပြီး မြေပေါ်ကျ…၊ နောက်တစ်နေ့ အနီရောင်ပန်းတို့ ပွင့်ပြန်သည်။

ထိုသောအခါမှ ရောမဧကရဇ် ကလောဒီးယပ်စ်သည် ကောင်းသောအသိစိတ်ဝင်ကာ သူတော်စင်အား သတ်မိလေခြင်း ဟု နောင်တရကာ နောက်ဆုံး ရောမသားတို့အား ချစ်ခွင့် လက်ထပ်ခွင့် ပြန်၍ ပြုလေ၏။

နုပျိုသော ချစ်သူစုံတွဲတို့အား လွတ်လပ်စွာ လက်ထပ်ပိုင်ခွင့် ရရှိရေးအတွက် အသက်စွန့် သေဆုံးခဲ့သည့် အတိုင်း အချစ် လက်ထပ်မှုအတွက် တိုက်ပွဲဝင်ခဲ့သော သူတော်စင် ဗယ်လင်တိုင်းကို အသိအမှတ်ပြုပြီး ဖေဖော်ဝါရီလ (၁၄)ရက်ကို ဗယ်လင်တိုင်းနေ့ဟု အသိအမှတ်ပြုသလို ဗယ်လင်တိုင်း၏ သွေးစွန်းသော ဆူးကြမ်းပင်မှ ပွင့်သော ပန်းပင်ကိုလည်း အမြတ်တနိုး Kiss Me Quick ဟု ယနေ့တိုင် လက်ဆင့်ကမ်း ယူဆောင်လာကြ၏။

နေအိမ်တစ်ခု၏ ၀ရန်တာတွင်ဖြစ်စေ၊ ပန်းခြံအတွင်းဖြစ်စေ၊ မြေအိုးတစ်လုံးတွင်ဖြစ်စေ ဤအပင် စိုက်၍ ထားရှိပါ။ မြေပန်းအိုးကို ထုံးနှင့် ဖြစ်စေ၊ ဆေးအဖြူ သုတ်၍ဖြစ်စေ ထားရှိပါက ၄င်းအိမ်တွင် ရှိကြသော မိသားစုတစ်စုလုံး တစ်ဦးနှင့် တစ်ဦး အလွန်ချစ်ကြ သံယောဇဉ်ကြီးကြပေလိမ့်မည်။

ပျိုရွယ်သူများအဖို့ ဤအချစ်ပန်းပွင့် Kiss Me Quick ပွင့်ကို ရေမွှေးဖျန်း၍ လူနှင့်ဆောင်ကာ အချစ်ရေးဆို အဖြေတောင်း လက်ထပ်ခွင့် တောင်းခံပါက ဖူးစာမှန်ရှိပါက ၀မ်းမြောက်ဖွယ် ချစ်အဖြေစကားကို ရပေသည်။

ချစ်သူများအဖို့ တစ်ဦးလျှင် တစ်ပင်စီ အသီးသီး ပန်းပင်ကိုစိုက်ထားပြီး တစ်ယောက်၏ အပင် နှင့် တစ်ယောက် ပန်းပင်ချင်း အလဲအလှယ်ပြုပြီး တယုတယစိုက်ထားပါက အချစ်မြဲခြင်း၊ အဆင်ပြေခြင်းများ ဖြစ်စေသည်။

ငွေကြေး နှင့် ချစ်ခင်မြဲမြဲ ငွေဝင်လိုသူများအဖို့ ဤပန်းပင်ကို ရေတွင် နွားနို့နှင့် ပျားရည်စက်အနည်းငယ်ထည့် ပြီး လောင်းပါက ငွေဝင်မည် ငွေမြဲမည်ဟု ဆိုပါသည်။

ရည်းစားကွဲနေသူ ချစ်သူ၏ ပစ်ခွာခြင်းခံရသူများအဖို့ ရင့်ရော်ညှိုးနွမ်းသွားသော Kiss Me Quick ပန်းပွင့်၏ အလယ်မှ ၀တ်ဆံကိုယူ၍ ခေါင်းအုံးအောက်ထားပြီး အိပ်စက်ပါက ချစ်သူနှင့် မိမိကြား ထူးခြားသော ပြန်လည် ဆက်သွယ်အဆင်ပြေခြင်းများ ဖြစ်ပေါ်စေနိုင်ပါကြောင်း ယခုနှစ် ဗယ်လင်တိုင်းဒေး အထိမ်းအမှတ်အဖြစ် စမ်းချောင်းဂျာနယ် ပရိသတ်ကြီးအား မျှဝေလိုက်ရပါသည်။

jan28

ကျူပင်၊ အီစွတ် နှင့် ရာဇသင်္ကြန်အမတ်ကြီး

The little reed, bending to the force of the wind, soon stood upright again when the storm had passed over.

– Aesop

အီစွတ်ပုံပြင်ထဲက အဆိုအမိန့်တစ်ခုပဲ။
အဓိပ္ပါယ်ကတော့ ကျူပင်ငယ်ဟာ လေတိုက်တဲ့ဘက်ကို “ရောယိမ်းလိုက် ဘသားယိမ်းလိုက်” လုပ်နေပြီး မုန်တိုင်းလွန်သွားတော့ ပြန်ထောင်လာတယ်တဲ့။

မြန်မာရာဇ၀င်မှာ နရသီဟပတေ့မင်းရဲ့ အမျက်ဒေါသကြောင့် ရာဇသင်္ကြန်အမတ်ကြီး မဲဇာကို အပို့ခံရတဲ့အခါ
အမတ်ကြီးက “ငါဟာ ပဲ့ပြားပင်များလို လေနဲ့ အလိုက်သင့်မနေဘဲ ထန်းပင်တွေလို ထောင်လွှားမိလို့ မုန်တိုင်းနဲ့ ကြုံတဲ့အခါမှာ ကျိုးပဲ့ပျက်စီးရပြီ” လို့
သံဝေဂစကား ဆိုဖူးတယ်။

ပုဂံခေတ်က ရာဇသင်္ကြန်အမတ်ကြီးရဲ့ စကားနဲ့ ပုံပြင်ဆရာ အီစွတ်ရဲ့ အဆိုအမိန့်တို့ ဘာကြောင်းထပ်တူထပ်မျှဖြစ်နေရသလဲဆိုတာကို
စဉ်းစားနေမိတယ်။

အခွင့်အရေး ဆိုတာ အမြဲရှိနေတာပါ

When it is dark enough, you can see the stars.

- Charles A. Beard


အခွင့်အရေး ဆိုတာ အမြဲရှိနေတာပါ။
အမှောင်စိုးမိုးနေလို့  ဘာမှလုပ်လို့ မရဘူးလို့  လက်မလျှော့လိုက်ပါနဲ့ ။
မှောင်မိုက်တဲ့ညတွေမှာ ကြယ်တွေဟာ ကောင်းကင်မှာ ပိုမို လင်းလက်ပါတယ်။

အချိန်တိုင်းမှာ သင်ဘာလုပ်သင့်သလဲ – ရှာဖွေကြည့်ပါ။ သင်လုပ်သင့်တာတစ်ခုကို တွေ့ ပါလိမ့်မယ်။

ပိုလာဝက်ဝံရဲ့ ပုံပြင်

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား…. ?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ အင်အားထုတ်စရာ မလိုဘဲ အဲဒီဝက်ဝံတွေကို ဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။

ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့ အငမ်းမရ လျှာနဲ့ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့ ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုကို သတိမထားမိတော့တဲ့ အထိပါပဲ။

လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။ အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းတဲ့ နှာခေါင်းက လတ်ဆတ်တဲ့ သွေးနံ့ရလေ လျက်နှုန်းက မြန်လေလေ နောက်တော့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးဘဲ ဖမ်းလိုက်ရုံပါပဲ။

ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တစ်ချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေလေ ၀င်ငွေများများ ရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့က အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်း မသိကြဘူး။

ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘ၀ရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ၊ လူမှုရေး၊ ကျန်းမာရေး၊ လူတစ်ဖက်သားကို ကူညီဖို့အရေး ဆိုတာကိုတောင် သူတို့ မေ့နေခဲ့ကြတယ်။

အမေရိကားရဲ့ အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက “ တကယ်လို့ ဘ၀ကို အသစ်ပြန်စရရင် သားသမီးတွေနဲ့ အတူနေတဲ့ အချိန်ကို လက်မလွတ် ချင်ဆုံးပါ” လို့ ပြန်ဖြေခဲ့ကြတယ်။

တစ်ချို့လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေချာ မစဉ်းစားခဲ့ရင် နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့… ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ဘဲ ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကို သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား…

တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး။

မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။


Article Curtsy Ms. Nine Nine Sanay

မြန်မာ့အင်း

တစ်ခုသောညနေခင်းတွင် တောင်သမန်အင်းသို့ ကျွန်တော်ရောက်ခဲ့ပါသည်။

ဦးပိန်တံတား၏ တိုင်လုံးကြီးများဘေးတွင်ထိုင်ရင်း အဝေးကြီးကို လှမ်းမျှော်ကြည့်နေမိသည်။

ညနေရီလေပြည်သည် မယ်ဇယ်ပင်တန်းထဲကို တိုးဝင်လိုက် ပြန်ထွက်လိုက်နှင့် ဟိုဟိုဒီဒီ မြူးတူးနေသည်။ တိမ်တွေက ကောင်းကင်ပေါ်တွင် ထုနှင့်ထည်နှင့် ငြိမ်ကာ ရပ်နေကြသည်။ အိပ်တန်းပြန်ငှက်တွေကလည်း ဟိုအဝေးမှ ပျံသန်းသွားကြသည်။ ၀င်လုဆဲနေ၏ ညှိုးရည်သစ် အလင်းတစ်ချို့က တိမ်ငြိမ်ထုအစွန်းမှာ ခိုတွဲကာ တွယ်ကပ်နေကြသည်။ ပူပြင်းခြောက်သွေ့သော မန္တလေးနွေနေ့လည်ခင်းမှ လွတ်မြောက်ခါစ တောင်သမန်ညနေရီကလေးသည် မွှေးရနံ့တစ်မျိုးဖြင့် ချစ်ဖို့ကောင်းနေလေသည်။

တောင်သမန်၏ မြန်မာ့အင်းသည် ကြည်လင်စိမ်းလဲ့သောရေတို့ဖြင့် လှနေသည်။ အင်းရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသောလေသည် လတ်ဆတ်မွှေးမြနေသည်။ ပြီးတော့ သည်အင်း၏ ရင်ခွင်ထဲမှာ စားသောက်ဖွယ်ရာ ငါးတွေရှိသည်။ ဒါကို လုပ်အားရှင် ကိုတံငါတို့က အတ္တပရ အတွက် ရှာဖွေဖမ်းဆီးကြမည်။ ဒါသည် ကြည်နူးစရာ မြန်မာ့ဝေါဟာရ “အင်း”

အဲဒီအသံထွက်နှင့်တူညီသော “အင်း” သည် ယခုအခါ တံခါးဖွင့်ထားသော စီးပွားရေးမူဝါဒများ ကြောင့် မြို့ပြတွင် ပုံရိပ်တစ်ခုဖြစ်လာခဲ့သည်။

အဲသည် မြို့ပြအင်း(Inn)မှာ ဘာတွေရှိပါသနည်း။

တို့မြို့ပြအင်း(Inn)တွေ…

ရေမရှိ

လှေမရှိ

သို့သော် ငွေရှိ၏။

ငါးမရှိ

ဖားမရှိ

သို့သော် ကျားရှိ၏။

ကဗျာမရှိ

စာမရှိ

သို့သော် ဒေါ်လာရှိ၏။

(ကာရာအိုကေညချမ်း

နှုတ်ခမ်း နှင်းဆီ ဘီယာအဆီတက်

အိပ်မက်ကြေကွဲ

ဒေါ်လာကြဲတဲ့ ဖဲစက်ရာ….)

ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ စရိုက်လက္ခဏာ ရုပ်လွှာအမျိုးမျိုးဖြင့် ခရီးသွားဧည့်သည်တို့သည် ယဉ်ကျေးမှုထွန်းကားသော ကျွန်တော်တို့နိုင်ငံသို့ အလုံးအရင်းဖြင့် လာရောက်လည်ပတ်လျက်ရှိပါသည်။ ဤတွင် လူ့စိတ်သည် ရည်ရွယ်ချက်များ ထပ်တူမနေကြ။ ထိုအခါတွင် အတိမ်းအစောင်းအကွာအဟများ ရှိလာကြပေမည်။ မတူညီသော ယဉ်ကျေးမှုစရိုက်လက္ခဏာများများလည်း တွေ့ဆုံလာကြပေမည်။ ဘယ်လိုအကျိုးဆက်များဖြစ်လာမည်ကတော့ ကိုယ့်အတွေး နှင့် ကိုယ်ပဲဖြစ်သည်။

ယခုပဲကြည့်။ မြိ့ပြအင်း(Inn)၏ အချို့သောစရိုက်လက္ခဏာများကို ကဗျာရှင်က ဖျတ်ခနဲ လှစ်ခနဲ ဖွင့်ပြသည်ကို မြင်တွေ့ခဲ့ကြရပြီ။ ဒေါ်လာကြဲတဲ့ ဖဲစက်ရာမှာဖြင့် အဘယ်သို့သော ပန်းပွင့်များ ကြွေခဲ့ကြပါပြီနည်း။

ပန်းပွင့်များကြွေလေရာအဆောက်အုံကား မြို့ပြအင်း(Inn)ဟုဆိုလျှင်…

တောင်သမန်အင်းကား သန့်စင်လတ်ဆတ်၍ လွမ်းစရာကောင်းလောက်သည့် ဂုဏ်ရည်တို့ဖြင့် ပြည့်လျှမ်းနေသည်မှာ သေချာပါသည်။

ကျွန်တော်သည် တောင်မန်ညနေခင်း၏ အလှကို အရသာခံနေရင်းမှ အတွေးတို့ နယ်ကျွံနေမိသည်။ လန်းဆန်းသော လေပြေလေညှင်းကလေးက မျက်နှာ၊ အင်္ကျီနှင့် လုံချည်တို့ကို တိုက်ခတ်၍ ကလူကျီစယ်နေလေ၏။ အနောက်ဖက်တွင် နေလုံးကြီးသည် ၀င်းမှည့်နေသော ပန်းသီးနီနီကြီးတစ်လုံးကဲသို့ စစ်ကိုင်းတောင်တန်းကြီးများပေါ်သို့ မေးတင်လျက် တစ်နေ့တာအတွက် နှုတ်ဆက်နေလေပြီ။

တောင်သမန်ညနေခင်းကား တဖြည်းဖြည်းနှင့် အားမှိန်ဖျော့တော့လာသည်။ ညသည် အနက်ရောင်ဇာလွှာပါးဖြင့် လောကကို ဖုံးလွှမ်းရန် ကြိုးစားနေ၏။

ခနကြာလျှင် မြို့ပြအင်းတွေ နိုးထတော့မည်။ ကာရာအိုကေညချမ်း၊ ဒေါ်လာကြဲတဲ့ ဖဲစက်ရာ၊ ဘီယာနှုတ်ခမ်း၊ နှင်းဆီပွင့်ဖတ် တစ်ဖတ်စီကြွေ….

သက်ပြင်းကို လေးလေးတွဲ့တွဲ့ ချမိသည်။ နားထဲမှာတော့ အင်းရေပြင်က လှိုင်းခတ်သံတွေ ဆူညံနေဆဲ။

ဆယ်စုနှစ်တော့ ကြာခဲ့ပါပြီ။

ဒါပေမယ့် ယနေ့တိုင် တောင်သမန်ည လွမ်းနေရဆဲပါ။

အညာကျေးလက်ဟာသများ

ဥာဏ်ကြီးရှင်သူကြီးမင်း

 

မောင်မြရဲ့ ခြံထဲကပန်းပင်တွေကို မောင်လှရဲ့ဆိတ်က ၀င်စားတယ်။

မောင်မြက စိတ်ဆိုးလို့ ဆိတ်ကို ရိုက်သတ်တယ်။

မောင်လှက မခံနိုင်လို့ မောင်မြကို ထင်းချောင်းနဲ့ လှမ်းပစ်တယ်။

မောင်မြကို မထိဘဲ မောင်မြမိန်းမဗိုက်ကိုထိပြီး ကိုယ်ဝန်ပျက်ကျသွားတယ်။

အဆုံးအဖြတ်ပေးဖို့ ဥာဏ်ကြီးရှင်သူကြီးထံကိုရောက်သွားတော့ သူကြီးမင်းဆုံးဖြတ်ပေးလိုက်ပုံက

 
`မောင်လှက မောင်မြရဲ့ ပန်းပင်တွေကို ပြန်စိုက်ပေးလိုက်၊

မောင်မြက မောင်လှရဲ့ဆိတ်ကို ပြန်လျော်ပေးလိုက်၊

မောင်လှက မောင်မြမိန်းမကို ကိုယ်ဝန်ရှိအောင်ပြန်လုပ်ပေးလိုက်၊

ကဲ ကျေနပ်ကြပြီလား။´

ဇာတ်စင်ပေါ်မှ ပြက်လုံးများ

ပြက်လုံး ( ၁ )

လူရွှင်တော် (၁) ဒို့ မင်းသမီးလေး ပရိသတ်အပေါ်မှာ စေတနာထားပုံများ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲအောင်ကို ကမယ် ဆိုပါလားကွ။

လူရွှင်တော် (၂) မင်းသမီး ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲရင် ငါ့တစ်ခြမ်း ပေးပါကွာ။

လူရွှင်တော် (၁) ဘာလုပ်မလို့တုန်းကွ

လူရွှင်တော် (၂) ငါ့အိမ်က ရေနွေးကြမ်းကရားအိုး အဖုံးမရှိလို့ ကရားအိုးဖုံးချင်လို့ပါကွာ ။ ။

ပြက်လုံး (၂) ရုက္ခစိုး နှင့် မင်းသမီးတွေ့ခန်း

မင်းသမီး ။ ။ အလို ဟို သစ်ပင်ခေါင်းထဲက မဲမဲ မဲမဲ လှုပ်လှုပ် လှုပ်လှုပ် နဲ့ ရုက္ခစိုးမင်းထင်ပါရဲ့။
ရုက္ခစိုးလုပ်သူ ။ ။ အိမ်း … ငါထိုင်နေတာ နဲနဲပေါ်သွားတယ်။

ပြောင်းလဲနေတဲ့စိတ်တွေ

အီဂျစ်အဆိုအမိန့်တစ်ခုရှိပါတယ်။ ‘နိုင်းမြစ်ကြီးကမပြောင်းလဲပါဘူး၊ ပြောင်းလဲနေတာက ကျွန်တော်တို့ရဲ့ စိတ်တွေပါ’ တဲ့။
ပုံပြင်လို့ပဲ ဆိုပါတော့။
အီဂျစ်မိန်းမပျိုလေးတစ်ယောက်ရှိသတဲ့။ သူက မျက်စိမမြင်ရှာဘူးတဲ့။ မျက်မမြင်ဘ၀မို့လို့ သူ့ကိုယ်သူ မကျေနပ်ဖူးတဲ့။ သူ့မှာ ရည်းစားတော့ရှိတယ်။ သူ့ရည်းစားကလွဲရင် ဘယ်သူ့ကိုမှလဲ မကျေနပ်ဖူးတဲ့။ သူ့ရည်းစားကတော့ သူ့ကိုသိပ်ချစ်ပြီး သူ့ဘေးမှာ တစ်ချိန်လုံး နေပေး နေပါသတဲ့။ တစ်နေ့မှာကောင်မလေးက ‘အစ်ကိုရယ်’တဲ့ ‘ဒီကမ္ဘာလောကကြီးကို မြင်ခွင့်ရရင်၊ ဟောဒီ နိုင်းမြစ်ကြီးစီးဆင်းနေတာကို မြင်ခွင့်ရရင် ကျွန်မအစ်ကို့ကို လက်ထပ်ပါ့မယ်’ လို့ ပြောသတဲ့။
တစ်နေ့မှာ ကောင်လေးကအီဂျစ်ဆေးပညာရှင်ကြီးတစ်ဦးနဲ့ တွေ့သတဲ့။ ဆေးဆရာကြီးက မင်းချစ်သူရဲ့ မျက်လုံးတွေကို အကောင်းပကတိအတိုင်း ပြန်မြင်အောင် ငါကုပေးနိုင်ပါတယ် လို့ပြောသတဲ့။ ဒါနဲ့ ကုကြရောဆိုပါတော့။ နောက်ဆုံးတော့ ကောင်မလေး ရဲ့ မျက်စိနှစ်ကွင်းဟာ အလင်းရသွားပါတယ်။ ကောင်မလေးက သိပ်ပျော်သွားတာပေါ့။ အီဂျစ်တိုင်းပြည်ကြီး ဟာ နေရောင်အောက်မှာ လှလိုက်တာ။ နိုင်းမြစ်ကြီးကလည်းစီးဆင်းလို့။ စွံပလွန်ပင်တွေကလဲ စိမ်းစိုလန်းဆန်းလို့။
သို့သော်
သူ့ချစ်သူကောင်လေးကတော့ သူ့လိုပဲ မျက်မမြင်လေးတစ်ယောက်ဖြစ်နေတာကို တွေ့ရပါ သတဲ့။ ကောင်လေးက ‘အခု ကမ္ဘာလောကကြီးကို မြင်ခွင့်ရပြီ၊ နိုင်းမြစ်ကြီးစီးဆင်းနေတာကိုလဲ မြင်ဖူးပြီ။ ဒို့လက်ထပ်ကြစို့’ လို့ ဆိုသတဲ့။ ကောင်မလေးက ‘ကျွန်မဘယ်လိုလုပ်ပြီးတော့ မျက်မမြင်တစ်ယောက်ကို လက်ထပ်နိုင်မှာလဲ’ လို့ ပြောပြီး ကောင်လေးကို ငြင်းပယ်လိုက် ပါရောတဲ့။ ကောင်လေးခမျာ ဘယ်လိုတောင်းပန်လို့မှ မရတဲ့အဆုံး မျက်ရည်တွေနဲ့ခွဲခွာ သွားရှာ ပါသတဲ့။ နောက်တော့ ကောင်မလေးဆီကို ကောင်လေးဆီက စာကလေးတစ်စောင် ရောက်လာပါတယ်။ ‘သူ့ကိုမချစ်တော့ပေမယ့် သူ့မျက်လုံးတစ်စုံကိုတော့ ဂရုတစိုက် စောင့်ရှောက်ပေးပါ’ တဲ့။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ လူတွေရဲ့စိတ်တွေဟာ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲ နေတတ်ပါတယ်။ ကိုယ့်မှာ အားအနည်းဆုံးအချိန်တွေတုန်းက ကိုယ့်ဘေးမှာ အမြဲရှိနေပေးတဲ့သူတွေကို အသိအမှတ်ပြုပေးတတ်သူ ဆိုတာ သိပ်နည်းပါတယ်။
ဘာပဲပြောပြော နိုင်းမြစ်ကြီးကတော့ စီးဆင်းနေဆဲပါ။

ခွေးပူမုန့်(Hot Dog)

သူငယ်ချင်းနှစ်ယောက် အမေရိကားသို့ သွားလည်ကြသည်။

သူငယ်ချင်း ၁ - `အမေရိကန်တွေက ခွေးသားလဲ စားတာပဲဆို´

သူငယ်ချင်း ၂ - `ပြောကြတာပဲ´ ။ ` ဟိုရောက်ရင် သူတို့စားသလိုစားရမှာပေါ့´

သို့နှင့် လည်ရင်းပတ်ရင်း လမ်းဘေးမှာ ရောင်းသော Hotdog ဆိုင်တွင် Hotdog ၀ယ်စားကြသည်။ မုန့်ရောင်းသူက Hotdog ပူပူလေးကို သေချာစွာ ထုပ်ပိုးပြီး တစ်ယောက်တစ်ခုစီ ပေးလိုက်သည်။ တစ်ယောက်က Hotdog ကို ဖွင့်ကြည့်ပြီး မျက်နှာ ရဲကနဲ ဖြစ်သွားသည်။ ပြီးမှ သူ့သူငယ်ချင်းကို တိုးတိုးမေးကြည့်သည်။

`ရှင်ရော ခွေးရဲ့ ဘယ်အပိုင်းကို ရတာလဲဟင်´

စမ်းသပ်ခ

တိရစ္ဆာန်ဆေးကုဆရာဝန်ထံသို့ လူတစ်ယောက် သူ့ခွေးကိုပွေ့ပြီး လာပြသည်။

ဆရာဝန်ကစမ်းသပ်ကြည့်သောအခါ ခွေးမှာ သေနေပြီဖြစ်သည်။

ခွေးပိုင်ရှင်က လက်မခံဘဲ ထပ်မံစမ်းသပ်ပေးရန် အရေးဆိုသည်။

ထိုအခါ ဆရာဝန်က ကြောင်တစ်ကောင်ကိုခေါ်လာပြီး ခွေးဘေးတွင်ချထားလိုက်သည်။

ကြောင်က ခွေးကို တစ်ကိုယ်လုံးနမ်းကြည့်ပြီး `ညောင်´ ဟုအော်သည်။

ဆရာဝန် – ကဲ တွေ့ပြီမဟုတ်လား။ ကြောင်က ခင်ဗျားခွေးသေပြီလို့ ပြောတယ်။

ခွေးရှင် – သေသေချာချာထပ်စမ်းကြည့်ပါဦးဆရာရယ်။

ဆရာဝန်က ထပ်စမ်းပြဦးမယ်ဟု ဆိုကာ သူ၏ Labrador ခွေးကြီးကိုခေါ်လာခဲ့ပြီး ခွေးသေကို နမ်းကြည့်ခိုင်းသည်။ ခွေးကြီးက နှုတ်သီးမှ အမြီးအထိ နမ်းကြည့်ပြီး `၀ုတ်´ ဟု တစ်ချက် ဟောင်သည်။

ဆရာဝန် – သေချာပြီ နော်၊ ခွေးကလဲ ပြောတယ်။

ခွေးရှင် – သေချာပါပြီဆရာရယ်။ စမ်းသပ်ခဘယ်လောက်ပေးရမလဲ။

ဆရာဝန် – ဒေါ်လာ ၆၅၀ ကျပါတယ်။

ခွေးရှင် – ဗျာ။ ခွေးသေ မသေ စမ်းသပ်တာ ဒေါ်လာ ၆၅၀ တောင်။ မများဘူးလားဗျာ။

ဆရာဝန် – ကျွန်တော့် စမ်းသပ်ခက ဒေါ်လာ ၅၀ ပဲကျပါတယ်။ ခင်ဗျားကမယုံဘူးဆိုလို့ ထပ်စမ်းပြရတာ cat scan က ဒေါ်လာ ၃၀၀၊ Lab scan က ဒေါ်လာ ၃၀၀ အားလုံးပေါင်း ဒေါ်လာ ၆၀၀ ပိုကျသွားတာပါဗျာ။