Tag Archives: သားဖြိုး

ကောင်မလေးကို ချစ်တယ်


နွေဦးလေပြေ
ရင်ကိုတိုးဝှေ့
သစ်ရွက်ကြွေစေ
ရွက်နုဝေလေ။ ။

ငါသည်မြတ်နိုး
ရင်ကိုတိုးလှည့်
လေပြေတစ်ချက်
နင်နမ်းရှိုက်ခဲ့
အဆုံးမဲ့လေ
အိပ်မက်ရှည်သည့်
နွေည။ ။

မိုးရွာသွန်းဖြိုး
ရင်တကိုယ်မိုး
စာဆိုတင်လျှက်
ကဗျာစပ်သည်။ ။

ချစ်မိမိုး၏
အဆင်းချွေရံ
ဒီညယံ၌
ငါ့အိပ်မက်နား
တွဲလဲခိုသည့်
မိုးည။ ။

အေးခါဆောင်းရိပ်
နွေးနွေးထိပ်ဖျာ
လမင်းသာသည်။ ။

သူသည်ဘယ်သို့
ဦးညွတ်ခစား
ချွေရံကြယ်နှင့်
ဝင်းလို့လာသည်
ခဏသာစဉ်
ငါ့အိပ်မက်သည့်
ဆောင်းည။ ။

ထိုနွေမိုးဆောင်း
ဘယ်လိုပြောင်းလဲ
မဟောင်းရက်တွေ
နေ့စဉ်ညတိုင်
ရိပ်တို့ထင်သည့်
နှလုံးအိမ်တွင်
မျှော်လင့်ရနိုး
စောင့်ရနိုးနှင့်
ချစ်နေရသည်
ကောင်မလေးရေ။ ။

သားဖြိုး

ကိုသားဖြိုး ရဲ့လက်ရာတစ်ခုပါ။

မာတိကာတွေ များတဲ့အိမ်

(၁)
ရိုးရိုးပဲပြောပေါ့
အချစ်က ပန်းသီးဆိုလည်း
ခွဲစားဖို့တော့ ဓါးလိုမှာပဲ။

(၂)
လာခဲ့လေ
အိပ်မက်မှာ တွေ့ချင်ရင်
ညတစ်ညတော့ လိုမှာပဲ။

(၃)
ကောင်မလေး
သစ်ရွှက်ကြွေတာတောင် ရင်ခုန်ရင်
ချစ်တတ်ဖို့ အသည်းနှလုံးတော့ လိုမှာပဲ။
Continue reading မာတိကာတွေ များတဲ့အိမ်

အဖြူရောင် သူငယ်ချင်း

အဖြူရောင်စာရွက်လေးတစ်ရွက်
အသိတတ်စ ငယ်ဘ၀မှာ
သူငယ်ချင်းတစ်ယောက်
ပေးခဲ့ဖူးတယ်။ ။

ကကြီး ခခွေး ငါတို့ရေး
Aရယ် Bရယ်တို့ရွေးချယ်
ပညာတတ်ကြီး ဖြစ်ဖို့ကွယ်
ဆရာကြီးလည်း လာခဲ့ပါ
ဆရာမကြီးလည်း လာခဲ့ပါ
စာတွေရတဲ့ ဒီနေ့မှာ
သားသားလေးကို မုန့်ကျွေးပါ
တဲ့

မျက်ရည်တွေ တစ်ဝေ့ဝေ့လည်
အတွေးအိမ်ထဲ
မျက်နှာငယ်နေတဲ့ သူငယ်ချင်း
မင်းကို ငါ သတိရတယ်ကွာ။ ။
Continue reading အဖြူရောင် သူငယ်ချင်း

တိတ်တဆိတ်

အဝေးကြီးကိုလည်း
ထွက်မပြေးရဲဘူး။ ။

အနီးနားမှာလည်း
ငါ…မဖြစ်နိုင်ဘူး။ ။

တိတ်တဆိတ်လေး
ချစ်ခဲ့တယ်။ ။

တိတ်တဆိတ်လေးပဲ
မင်းဆံနွယ်တွေ အနား
ငါ မူးမိုက်နေခဲ့တယ်။ ။

မင်းပတ်ဝန်းကျင်
မင်းကောင်းကင်မှာ
လင်းနေသမျှ
လှနေသမျှ
ကြယ်တစ်ပွင့်သာ မင်းဆိုရင်
အခန်းဆီးနောက်ကွယ်က
အမြဲခိုးကြည့်မိသူက ငါပါ။ ။

တိတ်တဆိတ်ပဲ ငါချစ်ခဲ့တယ်
တိတ်တဆိတ်ပဲ ငါလွမ်းနေတယ်
တိတ်တဆိတ်လေးပဲ ကြည်နူးမိတယ်
တိတ်တဆိတ်လေးပဲ မင်းအနားက ငါထွက်ခွါခဲ့တယ်
တိတ်တဆိတ်ပဲ နာကျင်မှုလေးတစ်ချို့ ငါရခဲ့တယ်။ ။

ကြယ်ရောင်ပျောက်တဲ့ညမှာ
ငါ့အချစ်တွေ အလွမ်းတွေနဲ့
ကြည်နူးခြင်းတွေကို
တိတ်တဆိတ်လေး အာခေါင်ခြစ်အော်ညည်းပေမယ့်
မျက်ရည်တစ်စက်က ငါ့ပါးပြင်ပေါ်လာကျတယ်။ ။

မင်းမရှိတဲ့ အခါမှ
ရင်ဖွင့်ပြရဲတဲ့ သတ္တိက
ငါ့နာကျင်မှုလေး ပါပဲကွာ။ ။

by: သားဖြိုး
http://mypoembag.iblogger.org/

ကျွန်တော်မှာ အိမ်တစ်လုံးတော့ရှိသင့်သည်။

အိမ်…
ကျွန်တော်တို့ အလုပ်လုပ်နေရသည်။
ကျွန်တော်တို့ ကျောင်းတတ်နေရသည်။
ကျွန်တော်တို့  အလည်အပတ်ထွက်ကြသည်။
ဘယ်အရပ်သို့ ၊ ဘယ် ရည်ရွယ်ချက်နဲ့  ထွက်ထွက် အချိန်တန်ရင် အိမ်ပြန်ရမည်။

အိမ် ဆိုသောနေရာသည်
.. ကျွန်တော်တို့ ကို လုံခြုံမှုကိုပေးသည်။

အိမ် ဆိုသောနေရာမှာ
.. ကျွန်တော်ကို ချစ်သောသူတွေက ကျွန်တော်တို့ ပြန်လာချိန်ကို မျှော်နေကြသည်။

အိမ် ဆိုသောနေရာမှာ
… ကျွန်တော်ကို အပြုံးနဲ့ နွေးထွေးစွာ ကြိုဆိုနေသည်။

အိမ် ဆိုသောနေရာမှာ
.. ကျွန်တော် ချစ်သောအရာများစွာ သိမ်းဆည်းထားပါသည်။

အိမ် ဆိုသောနေရာမှာ
… ကျွန်တော် အနားယူသည်။
… ..ကျွန်တော် နှလုံးသားရှိသည်။
… …..ကျွန်တော် ချစ်သောသူများရှိသည်။

ကျွန်တော်မှာ အိမ်တစ်လုံးတော့ရှိသင့်သည်။

အိမ်

ကျေးဇူးပါပဲ မေမေ
မေမေ့ အပြုံးတွေနဲ့
သားတို့တွေ တေးသံဆိုတာ
ဒီအိမ်မှာ ကြားခွင့်ရခဲ့တယ်…။ ။

ကျေးဇူးပါပဲ ဖေဖေ
ဖေဖေ့ ခွန်အားနဲ့
သားတို့တွေ တစ်မိုးအောက်မှာ
မိုးလုံခဲ့ကြတယ်…။ ။

ကျေးဇူးပါပဲ မေမေ
မေမေ့ ရင်ငွေ့နဲ့
သားတို့တွေ ဒီအိမ်မှာ
နွေးထွေးမှု ပြည့်ဝခဲ့ရတယ်…။ ။

ကျေးဇူးပါပဲ ဖေဖေ
ဖေဖေ့ ခြေလှမ်းနဲ့
သားတို့တွေ ဒီအိမ်ကို
ခိုင်ခံ့စေခဲ့တယ်…။ ။

မေမေ…
ထာဝရတည်
သားတို့ မှီတည်ရာသည်
မေမေ့ အပြုံးနဲ့ အိမ်…။ ။

ဖေဖေ…
အညတြပေမယ့်
သားတို့ မှီတည်ရာသည်
ဖေဖေ့ခွန်အားတွေထဲက အိမ်…။ ။

မေမေ…
မေတ္တာထွန်းတင့်
ချစ်ခြင်းအားဖြင့်
နွေးထွေးပြည့်စုံခဲ့ မေမေတည်တဲ့
သားတို့အတွက် အိမ်…။ ။

ဖေဖေ…
အားအင်ချိနှဲ့
ခွန်အားမဲ့လည်း
မလျှော့သော ဇွဲ၊ သွေးမကွဲပဲ
သားတို့အတွက် ဆောက်ခဲ့တဲ့ အိမ်…။ ။

ခွန်အားနဲ့ မိုး
အပြုံးနဲ့ ထုဆစ်
နွေးထွေးမှု လွှမ်းခြုံ
ပျော်ရွှင်အောင် ခြေရာမထပ်
အမြဲမပြတ် သားတို့အတွက် ဂရုစိုက်တဲ့
ဒီအိမ်ဟာ…
ကျူထရံနှင့်ပေမယ့်
ဘာနဲ့မှ မလဲနိုင်ပါဘူး
ဖေဖေနဲ့ မေမေ…။ ။

ဒီကဗျာလေးက ကျွန်တော် ငယ်ငယ်တည်းက လိုချင်တပ်မက်ခဲ့ဖူးတဲ့ ကျွန်တော်တို့ မိသားစု အိမ် ကလေးပါ…။
ကိုသားဖြိုးရဲ့ ထူးခြားတဲ့ကဗျာလေးတစ်ပုဒ်ပါ။

သားဖြိုး (http://mypoembag.iblogger.org/?p=93)
ကိုသားဖြိုးရဲ့ အရေးအသား ၊ အယူအဆတွေ လေးစားစွာနဲ့ ကျွန်တော် နှစ်သက်ခုံမင်ခဲ့တယ်။

အချစ်…အချစ် (သူသိအောင် ဘယ်လိုပြောရမလဲနော်)

အချစ်ဆိုတာကို
လက်ကလေးနဲ့ ဆုတ်ကိုင်လို့ပြချင်တယ်…
သူမြင်အောင်လို့။ ။

ညညကျ…
ကျွန်တော်ရွတ်ဆိုနေတဲ့
သူ့ကို ချစ်တဲ့အကြောင်းလေးတွေကို
သူကြားစေချင်တယ်။ ။

တကယ် ဘုရားစူး
ကျွန်တော်ချစ်တာ
သူသိစေချင်ရဲ့။ ။

နွေလည်းနွေမို့
သက်သေပြပါဆိုတဲ့စကားတစ်ခွန်းကို
ကြိုးစားခဲ့တာ ပိတောက်တွေသိတယ်။ ။

မိုးကျတော့လည်း
မိုးပြာရောင် ထီးကလေးအသိဆုံးပဲ
ကျွန်တော်မိုးပေးထားတဲ့ ထီးကလေးက
သူ့တစ်ယောက်စာ။ ။

ဆောင်း ပန်းချယ်ရီ
နှင်းငွေ့ရီရီတွေကြားမှာလေ
နွေးထွေးခွင့်ရဖို့ အဖြေတောင်းတော့။ ။

အချစ်ဆိုတာဘာလဲ…၊
ကျွန်မကို သက်သေတစ်ခုခုပြပါလားတဲ့…
ကဲ…..

source : http://mypoembag.iblogger.org/

ခရီး

ခရီး

ဘယ်လမ်းကို ကွေ့ကွေ့
အမှားတစ်ခု၊
အမှန်တစ်ခုနဲ့
စကားတစ်ခွန်း ဒွန်တွဲပါလာတယ်။ ။

ဘယ်အရိပ် နားနား
အေးချမ်းမှုတစ်ခု၊
ပူလောင်မှုတစ်ခုနဲ့
ရေတစ်ခွက်စာ စဉ်းစားမှုပါလာတယ်။ ။

လိုချင်တဲ့လမ်း လိုချင်တဲ့ခရီးသွားဖို့
လောကလမ်းတစ်ခု၊
ငါ့ကိုယ်ပိုင်လမ်းတစ်ခုနဲ့
ပေးဆပ်ရမယ့် ၀ဋ်ကြွေးစာရင်းတွေပါလာတယ်။ ။

ခရီး…ခရီး
အဆုံးသတ်ပြီလို့ ထင်တဲ့လမ်းမှ
ချောက်၊ကမ်းပါးက
ရှေ့မှာပိတ်ကားချထားတယ်။ ။

ချွေးသီးတွေကျ၊ မြေခရတဲ့ ဒီခရီး
အဆုံးသတ် အရိပ်ကလေးတစ်ခု ပြလှည့်ပါ
မောပန်းရကျိုးနပ်ချင်လို့။ ။

ရယ်သံတွေကြား ခဏပျော်ချင်လို့။ ။

ငိုသံတွေအနားက ခဏခွာချင်လို့။ ။

သားဖြိုး

http://mypoembag.iblogger.org

ကိုသားဖြိုးရဲ့
အမှန်တရားကို တင်ပြပုံကြိုက်နှစ်သက်တယ်။
ကိုယ့်ခရီး၊ကိုယ်လမ်း ကိုယ်မေ့သလောက်
သူကတော့ အကောင်းဆုံးလက်တို့ ပေးပြန်တယ်။