Tag Archives: ရွှေပြည်သူ
သားတို့ ..ဒီမှာ ဘာလာလုပ်နေတာလဲဟင်…?
တစ်နေ့မှာ ကုလားအုတ်လေးတစ်ကောင်က သူ့မိခင် ကုလားအုတ်မကြီးကို မေးပါတယ်။
camel
ကုလားအုတ်လေး – မေမေ သားတို့ ကုလားအုတ် တွေမှာ ဘာလို့ဘို့တွေ ရှိတာလဲဟင်?
မိခင် – သားရယ် မေမေတို့က သဲကန္တာရမှာ ကျက်စားတဲ့ တိရိစ္ဆာန်တွေဆိုတော့ ရေတွေ အများကြီး သိုလှောင်ထားဖို့ ဘို့တွေ လိုတာပေါ့။ ဒါကြောင့် မေမေတို့တွေ ကန္တာရထဲမှာ ရေမသောက်ရလည်းပဲ အသက်ဆက်ရှင်နိုင်တယ်လို့ အားလုံးက သိကြတယ်လေ။
ကုလားအုတ်လေး – ဒါဆိုရင် သားတို့ခြေထောက်တွေက ဘာလို့ရှည်မျောမျောနဲ့ ဖြစ်နေပြီး ခြေဖ၀ါးတွေက ၀ိုင်းဝိုင်းကြီးတွေ ဖြစ်နေတာလဲဟင်?
မိခင် – ဒီခြေထောက်တွေကလည်း သဲကန္တာရထဲမှာ သူများတွေထက် ပိုပြီး လမ်းကောင်းကောင်းလျှောက်နိုင်ဖို့ အတွက်ပေါ့ သားရဲ့။
ကုလားအုတ်လေး – ဟုတ်ကဲ့။ အဲဒါဆို သားတို့မျက်တောင်တွေကရော ဘာလို့အရမ်းရှည်နေတာလဲဟင်။ တစ်ခါတစ်လေ မျက်စိကြည့်ရတာတောင် ရှုပ်တယ်။
မိခင် - အဲဒီမျက်တောင်ရှည်ရှည်လေးတွေက သားမျက်လုံးကို သဲကန္တာရထဲက လေပြင်းတွေ သဲတွေရဲ့ဒဏ်ကနေ ကာကွယ်ပေးထားတဲ့ အကာအကွယ်တွေပေါ့။
ကုလားအုတ်လေး - သြော် သားသိပြီ။ ဒါဆို သားတို့ရဲ့ဘို့က သဲကန္တာရထဲ ရှိနေတဲ့အချိန်မှာ ရေတွေသိုလှောင်ထားဖို့၊ ခြေထောက်တွေကလည်း သဲထဲမှာ ကောင်းကောင်းလျှောက်နိုင်ဖို့၊ မျက်တောင်တွေကလည်း သဲကန္တာရထဲက သဲတွေမျက်လုံးထဲမ၀င်အောင် ကာကွယ်ဖို့ပေါ့နော်။
မိခင် – ဒါပေါ့သားရဲ့
ကုလားအုတ်လေး - ဒါဆို သားတစ်ခုလောက် မေးချင်သေးတယ်။
မိခင် – ဘာများလဲသားရဲ့?
ကုလားအုတ်လေး - သားတို့ ဒီတိရိစ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေတာလဲဟင်…?
မိခင် – …………………………………………………..
လူတစ်ယောက်ရဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတ၊ စွမ်းရည် နဲ့ အတွေ့အကြုံဆိုတာတွေက နေရာမှန်တစ်ခုကို ရောက်နေမှ တကယ်အသုံးကျတာပါ။
သင်ရော… အခုဘယ်မှာလဲ?
source : http://shwepyithu.blogspot.com/2008/03/blog-post_08.html
ကျွန်တော်တို့ တစ်တွေ  မေးခွန်းအမေးခံရမှာ အရမ်းကြောက်ကြတယ်။
အသည်းကွဲနေရင်
“လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြဘူး” လို့ ပြောလေ့ရှိကြပါတယ်။ အချစ်နဲ့ မကင်းနိုင်ကြတဲ့အတွက် အချစ်ရဲ့ နောက်ဆက်တွဲ ကောင်းကျိုးတွေကို ခံစားရသလို ဆိုးပြစ်တွေကိုလည်း ရင်ဆိုင်ကြရမှာပါပဲ။ အဲဒီအထဲမှာ အသည်းကွဲခြင်းဆိုတာလည်း ပါတာပေါ့နော်။ ကျွန်မကတော့ အသည်းကွဲခြင်းကို အချစ်ရဲ့ ဆိုးပြစ်ထဲမှာရော ကောင်းကျိုးထဲမှာပါ မထည့်ချင်ပါဘူး။ ရင်နဲ့အမျှ ဆိုးဆိုးရွားရွား ခံစားနေရတဲ့ကြားက သူဟာ ကောင်းကျိုးတွေကိုပါ သယ်ဆောင်လာတတ်လို့ပါ။ “ဒီလောက် ခံစားနေရတာကို ဘာများကောင်းတာ ရှိဦးမှာလဲ”လို့ မေးချင်စရာပါပဲ။ ဒါပေမယ့် အဲဒီခံစားနေရတဲ့ ဒဏ်ကို တန်ပြန်တွန်းလှန်ရင်း ရလာတဲ့အားကို အရယူတတ်ရင် ကိုယ့်ဘ၀အတွက် တိုးတက်မှုတစ်ခုခု အောင်မြင်မှုတစ်ခုခုကို ရတတ်လို့ပါ။ ဝေဒနာမှန်ပေမယ့် ကုစားတတ်ရင် ကိုယ့်အတွက် အကျိုးရှိစေမယ့် ဝေဒနာတစ်မျိုးလို့ပဲ ထင်မိပါတယ်း)
ဒီအတွေးကို အသည်းကွဲနေရင် ဘယ်လိုကုစားရမလဲ ဆိုတဲ့ အချက်လေးတွေကို ဒီနေရာက ဖတ်မိရင်း ရလာလို့ ဘာသာပြန်ပြီး မျှဝေပေးလိုက်ပါတယ်။
၁) ကိုယ့်ခံစားချက်ကို အသိအမှတ်ပြုပါ ~ ဆိုလိုချင်တာက ကိုယ့်ရင်ထဲမှာ ခံစားနေရပါရက်နဲ့ ကိုယ်ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး မနေသင့်ပါဘူး။ ငိုတာဟာ ဘာမှမှားယွင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ (ဒီနေရာမှာ ကျွန်မ ယောက်ျားလေးတွေကိုရော စိတ်မာတဲ့ မိန်းကလေးတွေကိုပါ ပြောချင်တာက ငိုချင်စိတ်ပေါက်လာရင် ငိုသာငိုချ ပစ်လိုက်ပါ။ လူတွေရှေ့မှာ မာနနဲ့ တင်းထားမိရင်တောင် ဘယ်သူမှ မရှိတဲ့နေရာမှာ တိတ်တိတ်လေး ငိုလို့ရပါတယ်။ ငိုဖို့အတွက် မျက်ရည်ဆိုတာ ကျွန်မတို့ လူသားတွေရဲ့ စိတ်ထွက်ပေါက်အတွက် သဘာဝက ပေးထားတဲ့လက်ဆောင် တစ်ခုပါ။ ဒါကြောင့် မိန်းကလေးရော ယောက်ျားလေးပါ အသုံးပြုခွင့်ရှိပါတယ်။)
၂) ကိုယ့်ကိုဂရုစိုက်တဲ့လူတွေနဲ့ ဆက်သွယ်ပါ ~ ကိုယ့်ခံစားချက်တွေကို သူတို့တွေနဲ့ မျှဝေရင်ဖွင့်ပါ။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ကို သူတို့ပံ့ပိုးပေးနိုင်တဲ့ အားကို လျော့မတွက်ပါနဲ့။ (ကိုယ့်ခံစားချက်ကို ပြက်ရယ်မပြုတတ်တဲ့ ကိုယ်တကယ် ယုံကြည်ရတဲ့သူ ဖြစ်ဖို့တော့ အရေးကြီးတယ်လို့ ကျွန်မထင်ပါတယ်။)
၃) ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်ပါ ~ အသည်းကွဲနေတဲ့ အချိန်တွေမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ်သာ ဂရုမစိုက်မိရင် ကျန်းမာရေး အခြေအနေ ပိုဆိုးသွားတတ်ပါတယ်။ (အသည်းကွဲနေတုန်း နေမကောင်းဖြစ်ရတာ တော်တော့ကို နာကျင်ခံစားရတဲ့ ကိစ္စပါပဲ။)
၎) တစ်ချို့လူတွေကတော့ ခရီးသွားရတာ ကြိုက်ကြပါတယ်။
(ခရီးသွားတာ ကြိုက်တဲ့လူတွေအတွက်တော့ စိတ်ပြေလက်ပျောက်ဆိုသလို ပတ်ဝန်းကျင် အပြောင်းအလဲ အာရုံအပြောင်းအလဲ ဖြစ်အောင် ခရီးသွားတာဟာလည်း စိတ်သက်သာရာ ရစေမှာပါ။ ခရီးသွားရတာ မကြိုက်တဲ့ ကျွန်မလို အိမ်တွင်းအောင်းတတ်သူတွေ အတွက်ကတော့ သိပ်ကောင်းတဲ့ အကြံဥာဏ် မဟုတ်ပါဘူး။ ခရီးကလည်းပန်းသေး အသည်းကလဲကွဲသေးဆိုရင် ပိုပြီး စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရတာပဲ အဖတ်တင်မှာပါး)
၅) အသည်းကွဲခြင်းကို ဖြတ်ကျော်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်တကယ် နှစ်သက်တာ တစ်ခုခုကို လုပ်နေတာပါပဲ။ ကိုယ့်ဝါသနာတစ်ခုခု (သို့) ကိုယ့်ရဲ့အလုပ် (သို့) တခြားဘာမဆို ဖြစ်နိုင်ပါတယ်။ ကိုယ့်ဘာသာ တစ်ခုခုနဲ့ အလုပ်ရှုပ်နေရင် အသည်းကွဲတာကို ပိုပြီး မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်မှာပါ။ (ကျွန်မ ဒီPostရဲ့ အစပိုင်းမှာ ပြောခဲ့တဲ့ အသည်းကွဲတာကို ကုစားရင်းနဲ့ တိုးတက်မှုရတတ်တယ် ဆိုတာ ဒီအချက်နဲ့ ဆက်စပ်နေပါတယ်။ အသည်းကွဲတဲ့ဒဏ်ကို အလုပ်ထဲမှာ နှစ်မြုပ်ကုစားရင်းနဲ့ အလုပ်မှာ အောင်မြင်သွားတဲ့လူတွေ၊ ကိုယ့်ချစ်သူ (သို့) ချစ်ရသူအတွက် ခံစားချက်တစ်ခုခု ကြောင့် အပြင်းအထန်ကြိုးစားရင်းနဲ့ ထူးချွန်သွားတဲ့လူတွေ ကျွန်မတကယ်ပဲ တွေ့ဖူးလို့ပါ။)
ဒီဆောင်းပါးလေးမှာ နောက်ဆုံးရေးထားတာက ကိုယ့်ကိုကိုယ် အချိန်ပေးပါတဲ့။ ဒီလိုအရာမျိုးက ခပ်မြန်မြန်ကုစားလို့ မရပါဘူးတဲ့။ ကိုယ့်ချစ်သူကို တကယ်မပြတ်နိုင်လို့ ပြန်ဆက်သွယ်ချင်တယ် ဆိုရင်လည်း ဇာတ်လမ်းကို ပြန်မစခင်မှာ အရင်ကအမှားတွေကို ပြန်ဆင်ခြင်ပြီး သေချာပြင်ဆင်ပြီးမှ ပြန်စသင့်ပါတယ်တဲ့ရှင်။
အသည်းကွဲဖို့ပဲ ကံပါလာခဲ့ရင်လည်း ရှောင်လွှဲလို့ မရမဲ့အတူတူ အဲဒီက အားကိုယူပြီး ကြိုးစားနိုင်ရင် ကိုယ့်ဘ၀ရဲ့ အချိုးအကွေ့ကောင်း တစ်ခုကိုတောင် ဖန်တီးနိုင်မှာပါ။ အဲဒီလောက်အထိ မလုပ်နိုင်ဘူး ဆိုရင်လည်း အနည်းဆုံးတော့ ကိုယ်အဆုံးအစမရှိ ခံစားနေရတာတွေကနေ သက်သာအောင်တော့ ကိုယ့်ကိုကိုယ် ကယ်တင်နိုင်မှာပါ။ ကျွန်မကတော့ အသည်းမကွဲဖူးလို့ လွယ်လွယ်လေး ပြောနေတာလို့ မထင်စေချင်ပါဘူးရှင်။ စာနာစိတ်တစ်ခုနဲ့ အားလုံးကို စိတ်သက်သာရာ ရစေချင်တဲ့ စေတနာထားပြီး ရေးလိုက်တာပါး) ငိုတဲ့အချိန်လည်း ငိုပေါ့နော်။ ပြီးရင်တော့ ဘ၀အတွက် ရှေ့ဆက်ကြရမှာပါပဲ။ ခံစားချက်ကို ကိုင်တွယ်ရတာဆိုတော့ ခက်ချင် ခက်မှာပေါ့ရှင်။ ဒါပေမယ့် ဘာဖြစ်လို့ မလုပ်နိုင်ရမှာလည်း။ ကျွန်မတို့အားလုံး စွမ်းဆောင်နိုင်တဲ့ လူသားတွေပဲနော်…း)
မှတ်ချက်။ ။ http://shwepyithu.blogspot.com/ ကနေ ကူးယူထားတာပါ။
အလှပဆုံး အဝတ်အစား
မုန်တိုင်း ဒုက္ခသည်တွေအတွက် အသုံးအဆောင် ပစ္စည်းတွေ ကောက်ခံပေးနေတဲ့ နေရာတွေအကြောင်း တွေးမိရင်း အ၀တ်အစား လှူဒါန်းတာနဲ့ ပတ်သက်ပြီး ဒီပို့စ်လေး ရေးဖြစ်တာပါ။ အ၀တ်အစားလှူတာဟာ ဒုက္ခသည်တွေအတွက် ချက်ချင်းလက်ငင်း အကျိုးရှိစေတဲ့ အလှူမျိုးမို့လို့ပါ။ “အ၀တ်အစားတွေ လှူတော့လှူချင်တယ်။ ဒါပေမယ့် လှူစရာ မရှိဘူးထင်တယ်” လို့ တွေးမိကြတဲ့ သူငယ်ချင်းတွေ၊ မောင်ငယ် ညီမငယ်တွေ အတွက် အကြံဥာဏ်လေး တစ်ချို့ပေးချင်ပါတယ်။
ပထမဆုံး ကိုယ့်ဘီဒိုထဲက အ၀တ်အစားတွေကို အကုန်ထုတ်ကြည့်လိုက်ပါ။ လှူဖို့ အ၀တ်အစားတွေ ထည့်ဖို့ အိတ်လေးတစ်လုံးလည်း အသင့်ပြင်ထားပေါ့နော် (အ၀တ်တွေ အကုန်ထုတ်လိုက်လို့ အခန်းပွသွားပေမယ့် ပြီးလို့ ကျန်တဲ့အင်္ကျီတွေ ပြန်ခေါက်သိမ်းပြီးရင် ကုသိုလ်အပြင် ကိုယ့်ဗီဒိုလေးလည်း ရှင်းလင်းသွားတဲ့ အကျိုးကျေးဇူးပါ အဆစ်ရဦးမှာပါ။ ပြီးရင် အ၀တ်အစားတွေကို အိပ်ယာပေါ် (သို့) သန့်ရှင်းထားတဲ့ မျက်နှာပြင် တစ်ခုခုပေါ်မှာ ရှင်းရှင်းလင်းလင်း မြင်ရအောင် ချထားလိုက်ပါ။ အဲဒီနောက် အ၀တ်တစ်ထည်ချင်းစီ ကိုကြည့်ပြီး စဉ်းစားရမှာတွေကတော့ –
(၁) ဒီအ၀တ် ကိုယ်နဲ့တော်ရဲ့လား ဆိုတာကို အမှန်အတိုင်း တွေးပါ။ “ငါပိန်သွားရင် ၀တ်မယ်” တို့ “ငါဝလာမှ ၀တ်မယ်” တို့ ဆိုတာတွေက နောင်ဘယ်နှနှစ်ကြာမှ ဖြစ်လာမယ်ဆိုတာ မသိပေမယ့် တကယ်လိုအပ်တဲ့သူတွေအတွက်ကတော့ အခုချက်ချင်းလက်ငင်းကို လိုအပ်နေတယ်ဆိုတာလေး တွေးပေးပြီး လှူဖို့အိတ်လေး ထဲကို ထည့်လိုက်ပါနော်
(၂) ဒီအ၀တ်ကို လှလွန်းလို့ဆိုပြီး (ကိုယ်နဲ့လည်း မလိုက်ဖက် ဘယ်တော့မှလည်း မ၀တ်ဖြစ်ဘဲ) သိမ်းထားမိတာလား ဆိုတာစဉ်းစားပါ။ လှတဲ့အ၀တ်လေးကို ဒီလိုပဲသိမ်းထားရင် ဘီဒိုနောက်မှာပဲ ဆွေးမြေ့ဟောင်းနွမ်း သွားပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအ၀တ်လှလှလေးကို မြင်လိုက်ရလို့ တဒင်္ဂလောက် နှစ်သက်ကြည်နူးသွားမယ့် ဒုက္ခသည်ကလေး တစ်ယောက်ရဲ့အပျော်ကို မြင်ယောင်ကြည့်ပြီး လှူဖို့အိတ်လေး ထဲကို ထည့်လိုက်ပါနော်။ လှတဲ့အ၀တ်လေး လောကကို လှလှပပ အကျိုးပြုပါစေ…
(၃) ဒီအ၀တ်ကို အမှတ်တရ တစ်ခုခုအတွက် (ကိုယ်လည်းတကယ် မ၀တ်ဖြစ်ဘဲ) သိမ်းထားမိလားဆိုတာ စဉ်းစားကြည့်ပါ။ အရေးပါတဲ့ အမှတ်တရတစ်ခုခုအတွက် သိမ်းထားတာမျိုးဖြစ်ပြီး ကိုယ်လည်းတကယ် မစွန့်လွှတ်နိုင်တာမျိုး ဆိုရင်တော့ အရမ်းမတိုက်တွန်းလိုပါဘူး။ ဒါပေမယ့် တချို့အမှတ်တရ ပစ္စည်းတွေဟာ သိမ်းထားတာ ကြာလာတာနဲ့အမျှ ပစ္စည်းကိုတင်မကဘဲ ပေးတဲ့လူကိုပါ မေ့သွားတတ်ပါတယ်။ အဲဒါမျိုးတွေဆိုရင်တော့ နှစ်ခါမစဉ်းစားဘဲ လှူဖို့အိတ်လေးထဲကို ထည့်လိုက်ပါနော်။ တကယ်လို့ ကိုယ်တန်ဖိုးထားတဲ့ အမှတ်တရ အ၀တ်အစားလေး ဖြစ်နေခဲ့ရင်တောင် ကိုယ်မ၀တ်ဖြစ်ဘဲ သိမ်းထားမယ့်အစား (စွန့်လွှတ်နိုင်တယ်ဆိုရင်) လှူဖို့အိတ်လေးထဲကို ထည့်လိုက်စေချင်ပါတယ်။ ဒါဆိုကိုယ်တင်မကဘဲ ကိုယ့်ကိုလက်ဆောင်ပေးတဲ့သူပါ နှစ်ယောက်စလုံး ကုသိုလ်အတူတူရကြမှာပါ။ ဒါထက်ပိုကောင်းတာကတော့ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်လေးတစ်ယောက် (အခုအချိန်မှာ သူ့အတွက် တန်ဖိုးကြီးလှတဲ့) အ၀တ်လေးတစ်ထည် ရလိုက်တာပါပဲ။ ကျွန်မနဲ့ကျွန်မသူငယ်ချင်းတွေလည်း လာမယ့်ရုံးပိတ်ရက်မှာ သွားလှူဖို့ အ၀တ်အစားလေးတွေ စုထားပြီးပါပြီ။ ကြိုက်လွန်းလို့ဆိုပြီး အကြာကြီးသိမ်းထားတဲ့ အ၀တ်အစားတွေကိုင်မိတိုင်း တွန့်ဆုတ်မိတဲ့ကျွန်မ စောစောကပြောသလို ဒုက္ခသည်တွေကို မြင်ယောင်လိုက်တဲ့ခဏမှာတော့ ဘာမှမစဉ်းစားတော့ဘဲ လှူဖို့အိတ်လေးထဲကိုပဲ ထည့်နေမိပါတော့တယ်။ ကျွန်မအခုပြောသွားတာတွေကို အားလုံးလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ သူငယ်ချင်းတို့ရဲ့ လှူမယ့်အိတ်လေးတွေထဲမှာ အင်္ကျီလေးတစ်ထည်လောက် တိုးသွားတယ်ဆိုရင်ပဲ ကျေနပ်လှပါပြီ။ မေတ္တာ၊ စေတနာ၊ ကြင်နာမှု၊ ကူညီလိုစိတ် တွေနဲ့ ပို့လိုက်တဲ့ အ၀တ်တွေလောက် လှတဲ့အ၀တ်တွေရှိမယ်မထင်ပါဘူး။ကိုယ့်အတွက်တော့ ဘီဒိုရဲ့ဟိုးထောင့်ဆုံးမှာ ထည့်ထားတဲ့ သာမာန်အင်္ကျီလေး တစ်ထည် ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် အဲဒါလေးက သူတို့အတွက်တော့ အခုချိန်မှာ အအေးဒဏ်နဲ့ကိုယ်ခန္ဓာကို ကာကွယ်ပေးမယ့် တန်ဖိုးကြီးပစ္စည်းတစ်ခုဖြစ်တယ် ဆိုတာကို အမြဲသတိရပေးပါနော်…
Post Courtesy, http://shwepyithu.blogspot.com