Category Archives: အက်ဆေးများ

လက်ထဲက လိမ္မော်ချို

မိဘမဲ့ကျောင်းက ကြီးပြင်းလာခဲ့တဲ့ လူငယ် တစ်ယောက်က သူတွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံကို ဒီလိုပြောပြသွားခဲ့ တယ်။

ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေ ဆုံးပါးသွားခဲ့လို့ ကျွန်တော် ၉နှစ်သားအရွယ်မှာ လန်ဒန်မြို့က မိဘမဲ့ ကျောင်းတစ်ကျောင်းမှာ သွားနေခဲ့ရတယ်။ မိဘမဲ့ကျောင်းလို့သာဆိုတယ် ထောင်နဲ့မကွာလှဘူး။ နေ့အချိန်မှာ ကျွန်တော်တို့ ၁၄နာရီလောက် အလုပ်လုပ်ရတယ်။ ပန်းခြံမှာ စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တစ်ခါတလေ လယ်တွေ ထွန်ယက်ရတယ်။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ရဲ့ ဘ၀ မပြောင်းလဲခဲ့ဘူး။ တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲ ရှိတယ်။ အဲဒီနေ့က ခရစ်စမတ်နေ့ပဲ။ အဲဒီနေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်း လိမ္မော်သီး တစ်လုံးစီရကြတယ်။ ခရစ်စမတ်မှာ ကျွန်တော်တို့ အတွက် အစားအသောက်ကောင်းတွေ မရှိဘူး… ကစားစရာ အရုပ်မရှိဘူး… ကျွန်တော်တို့ရဲ့ ဝေစုဟာ လိမ္မော်သီး တစ်လုံးပဲဖြစ်တယ်။ တစ်နှစ်ပတ်လုံး အမှား မကျူးလွန်တဲ့သူ၊ ပြောသမျှ စကားကို နားထောင်ပြီး လိမ္မာတဲ့သူမှ လိမ္မော်သီးကို ရတယ်။ ဒါကြောင့် ခရစ်စမတ်ရဲ့ လိမ္မော်သီးဟာ ကျွန်တော်တို့ တစ်နှစ်ပတ်လုံးရဲ့ မျှော်လင့်ချက် ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ ခရစ်စမတ် ပွဲတော်ရက် တစ်ရက်ရောက်လို့လာပြန်တယ်။ အဲဒီရက်က ကျွန်တော့် အတွက် ကမ္ဘာပျက်တဲ့ နေ့ပဲ…. ကလေးတွေ အားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့ တန်းစီနေချိန်မှာ ကျွန်တော်က အခန်းရဲ့ ထောင့်တစ်နေရာမှာ အပြစ်ပေးတာခံနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ် နွေတုန်းက ကျောင်း ကနေ ကျွန်တော်ထွက်ပြေးဖို့ ကြိုးစားခဲ့မိလို့ပဲ။ လိမ္မော်သီးရတဲ့ ကလေးတွေ ခြံထဲ ကစားခွင့်ရတဲ့ အချိန်မှာ ကျွန်တော်က အိပ်ခန်းထဲမှာ တစ်နေကုန် လဲလျောင်းနေရတယ်။ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်။ အရမ်းလဲ ရှက်မိတယ်။ ရှိုက်သံတွေကို မျိုသိပ်ရင်း ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလောကမှာ ကျွန်တော် အသက်ရှင် နေတာ ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူး။

တအောင့်ကြာတော့ ကျွန်တော့်အခန်းထဲ ၀င်လာတဲ့ ခြေသံကို ကျွန်တော် ကြားမိလိုက်တယ်။ ကျွန်တော့် ကိုယ်နဲ့ လုံးထွေးနေတဲ့ စောင်ကို လက်တစ်ဖက်က ဆွဲလှန်လိုက်တာကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော် မျက်စိကို ဖွင့်ကြည့်လိုက်တော့ ၀ီလီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ကုတင်ရှေ့မှာ ရပ်နေတာကို တွေ့လိုက်တယ်။ သူ့ ညာဖက်လက်မှာ ဆုပ်ကိုင် ထားတဲ့ လိမ္မော်သီး ကျွန်တော်ကို ကမ်းပေးနေတယ်။ သူ့ ဆီမှာ ဘယ်လိုလုပ်ပြီး လိမ္မော်သီး တစ်လုံးပိုနေရတာလဲ… ကျွန်တော် နားမလည်ခဲ့ဘူး…. ၀ီလီကို ကြည့်လိုက် လိမ္မော်သီးကို ကြည့်လိုက်နဲ့ ကျွန်တော် ဇဝေဇ၀ါဖြစ်နေမိတယ်။

ဝီလီက လက်ကို ရှေ့တိုးပြီး ထပ်ကမ်းပေးလာပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်လိုက်မိမှ အရာရာကို ကျွန်တော် သဘောပေါက်သွားတော့တယ်။ ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလို့ လာပြန်တယ်။ ၀ီလီကမ်းပေးလာတဲ့ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ ကျွန်တော် တယုတယ ယူလိုက်တယ်။ နို့မဟုတ်ရင် လိမ္မော်သီးတွေ အစိပ်စိပ် အမွှာမွှာ ကွဲကုန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေစုရတဲ့ ကလေးဆယ်ယောက်က ဒီခရစ်စမတ်မှာ ကျွန်တော်ကိုလည်း လိမ္မော်သီးတစ်လုံး ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒနဲ့ သူတို့ဝေစုထဲက လိမ္မော်သီး တစ်စိပ်စီကိုယူပြီး လိမ္မော်သီး တစ်လုံးဖြစ်အောင် ပေါင်း လိုက်တာပဲဖြစ်တယ်။ ကျွန်တော့်ဘ၀မှာ အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ်စမတ် လက်ဆောင် ဖြစ်ခဲ့တယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းပီသမှုကို ကျွန်တော်ခံစားလိုက်ရတယ်။


သူငယ်ချင်း မိတ်ဆွေဆိုတာ ဘ၀မှာ အဖိုးတန်တဲ့ အပေါင်းအဖော်တွေပါ။ မတော်တဆ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းနဲ့ အပြုအမှုအတွက် သင် စိတ်ထိခိုက်နေသလား… သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်ကို မျှဝေလိုက်ပါ….. နှလုံးသားရဲ့ ရီမောသံတွေကို သင် ပြန်ကြားပါလိမ့်မယ်။

Essay Courtesy – Ms. Nine Nine Sanay

ဖိုးသူတော် ပြောသော ပုံပြင်(၁)

တစ်ခါတုန်းက
ဝက်ဝံကြီးတစ်ကောင်ဟာ လက်ပတ်နာရီလိုချင်တာနဲ့ မြို့မှာ သွားဝယ်ဖို့ဆိုပြီး ခရီးထွက်လာခဲ့သတဲ့။  သူ လက်ပတ်နာရီ လိုချင်နေတာ ကြာပြီ၊ မြို့ကို ရောက်ဖူးချင်နေတာလည်း ကြာပြီ။မြို့ကိုရောက်ရင် ကြိုးသိုင်းခေါင်းစွပ်ပါတဲ့ တီရှပ်တစ်ထည်ဝယ်မယ်။
ပြီးရင် ကာကီရောင်ဖျော့ဖျော့ ဂျီယော်ဒါနို ဘောင်ဘီရှည်ပါဝယ်ပြီး ၀တ်ဦးမှပဲ… လို့  ၀က်ဝံကြီးက စိတ်ကူးယဉ်သတဲ့။ပြီးမှ မြို့သားတွေရဲ့ စတိုင်အတိုင်း ဆယ်လူလာဖုန်းတစ်လုံး ခါးမှာ ချိတ်ပြီး မြို့ထဲလျှောက်လည်ရင်း နာရီရှာဝယ်မယ်လို့ ၀က်ဝံကြီးက တွေးလိုက်တယ်။သူလိုချင်တဲ့ နာရီက ဒိုင်ခွက် အချိန်ပြဂဏန်းတွေ နေရာမှာ စိန်ပွင့်သေးသေးလေးတွေ မြှုပ်ထားပြီး ပတ်ပတ်လည်မှာ သလင်းကျောက်တွေ စီထားတဲ့ ဒီဇိုင်မျိုး။

ပုံစံလှလှပေါ့။ နာရီက ရွှေရောင်ဖြစ်ရမယ်။ ကြိုးက သားရေကြိုးပျော့အနက်ရောင်ဖြစ်ရမယ်တဲ့။

“နှစ်ပေါင်းတစ်ရာမှာ စက္ကန့်ပိုင်းလောက်ပဲ အချိန်အတိမ်းအစောင်း အလွဲအမှား ရှိရမယ်” လို့ ကြော်ငြာထားတဲ့ ရိုးလက်(စ်) နာရီကို ၀က်ဝံကြီးက သိပ်စိတ်ဝင်စားတာပဲတဲ့..။

“ဘ၀မှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ်” လို့ ၀က်ဝံကြီးက သူ့ဘာသာသူ တစ်ယောက်တည်း ပြောလိုက်တယ်။ ဒီစကားဟာ ၀က်ဝံကြီး တစ်သတ်လုံး ပြောပြောလာခဲ့တဲ့ သူ့ရဲ့ ခံယူချက်လည်း ဖြစ်တယ်ဆိုပဲ။

ဒီလိုနဲ့ ၀က်ဝံကြီးဟာ တရွေ့ရွေ့လျှောက်ရင်း တောအုပ်ကြီးရဲ့ အပြင်ဘက်ကို ရောက်လာပါလေရော။ တောအုပ်က ထွက်ပြီဆိုတော့ ရွာနဲ့ နီးလာတာပေါ့။

ရွာနားရောက်တော့ ရွာခြံစည်းရိုး အပြင်ဘက်မှာ ပြောင်းခင်းကြီး တစ်ခင်းကို တွေ့ရတယ်။ ပြောင်းခင်းကြီးက အကျယ်ကြီး၊ မိုးကုပ်စက်ဝိုင်းထိအောင် ကျယ်သလားမှတ်ရတယ်။ မျက်စိတစ်ဆုံးပဲ..တဲ့။

ပြောင်းဖူးတွေကလည်း စားချင်စဖွယ်၊ ပြွတ်သိပ်.. လို့။

“အင်း.. ပြောင်းဖူးတွေက အင်မတန်အရသာ ရှိမယ့်ပုံပဲ။ ငါသွားရမယ့် ခရီးကလည်း ဝေးသေးတယ်။ အဲဒီတော့ လမ်းမှာ စားဖို့ နည်းနည်းပါးပါး ခူးသွားဦးမှပဲ” ဒါနဲ့ပဲ.. ၀က်ဝံကြီးဟာ ပြောင်းခင်းထဲကို တိုးဝင်သွားတယ်။ ပြီးတော့ အကြီးဆုံး အကောင်းဆိုးလို့ ထင်ရတဲ့ ပြောင်းဖူး နှစ်ဖူးကို ရှာပြီး ခူးလိုက်တယ်။

ဒါပေမယ့်.. ရှေ့မှာ အဲဒီထက် ပိုကြီးပြီး ပိုကောင်းတယ်လို့ အောက်မေ့ရတဲ့ ပြောင်းဖူးတွေကလည်း တစ်သီတစ်သန်းကြီး ရှိနေသေးတာ။ ဒါနဲ့ ၀က်ဝံကြီးဟာ ထပ်ပြီးလိုချင်လာပြန်ရော။ ခက်တာက သူ့လက်နှစ်ဖက်မှာ ခူးပြီးသား ပြောင်းဖူးနှစ်ဖူးကို ကိုင်ထားရတော့ လက်မအားတော့ဘူး။

ဒါနဲက.. ၊ ၀က်ဝံကြီးဟာ လက်ထဲက ပြောင်းဖူးနှစ်ဖူးကို ချိုင်းကြားထဲမှာ ညှပ်ထားလိုက်တယ်။ ပြီးတော့ ရှေံကို တိုးတိုးသွားရင်း တွေဲတဲ့ ပြောင်းဖူးတွေကို လက်နှစ်ဖက် ဆန့်ထုတ်ပြီး ခူးပြန်သတဲ့။ အဲသည်လို.. နောက်ထပ် ပြောင်းဖူးတွေချိုးဖို့ လက်ဆန့်လိုက်တဲ့အခါ ချိုင်းကြားထဲက ပြောင်းဖူးနှစ်ဖူးက ထွက်ကျသွားတာပေါ့။

ဝက်ဝံကြီးကတော့ မသိရှာဘူး။ ပြောင်းဖူးနှစ်ဖူးကို လှမ်းခူးပြီး ချိုင်းကြားထဲ ညှပ်ထားလိုက်..၊ နောက်ထပ် ပြောင်းဖူးတွေ ထပ်ခူးဖို့ လက်ဆန့်တဲ့အခါ ချိုင်းကြားထဲ ပြောင်းဖူးတွေက ထွက်ကျသွားလိုက်…။
နောက်နှစ်ပေါင်းများစွာ ကြာတော့မှ ၀က်ဝံကြီဟာ ပြောင်းခင်းကြီးထဲက ပြန်ထွက်လာခဲ့တော့တယ်။ သူ့ချိုင်းကြားမှာတော့ ပြောင်းဖူးလေး နှစ်ဖူးပဲ ပါလာခဲ့ပါသတဲ့။

သူဟာ သိပ်ကို အိုမင်းသွားပါပြီ။ မြို့ကို သွားဖို့ အချိန်လည်း မရှိတော့ပါဘူး။
သူလိုချင်လွန်းလှတဲ့ နာရီကိုလည်း မ၀ယ်နိုင်တော့ပါဘူး။

“ဘ၀မှာ အချိန်ဆိုတာ သိပ်အရေးကြီးတယ်” လို့ တတွတ်တွတ် ရေရွတ်ရင်းနဲ့ပဲ သူလာခဲ့ရာ တောအုပ်ဆီ တရွေ့ရွေ့ ပြန်ဝင်သွားရပါသတဲ့။

ဒီပုံပြင်လေးကို နားထောင်ပြီး ကျွန်တော်တွေးမိတာတွေ အများကြီးပါပဲ။

ကျွန်တော်တို့ဟာ အချိန်တွေကို ဘယ်လို ကုန်လွန်စေခဲ့သလဲ။ အဲ့ဒီကုန်ခဲ့တဲ့ အချိန်တွေအတွက်
တစ်စုံတစ်ရာကို ပြန်ရလိုက်တာလား..
ပြန်ရလိုက်တယ်လို့ ထင်နေခဲ့တာလား..
နောက်ဆုံးကျရင်ကော…

နောက်တစ်နေ့ မနက်အိပ်ရာထတဲ့ အခါကျတော့ ကျွန်တော့ ခုတင်ဘေးမှာ လူတစ်ယောက်၊ ထိုင်နေတာကို တွေရတယ်။
အံ့သြဖို့ကောင်းတာက အဲဒီလူဟာ ကျွန်တော်ကိုယ်တိုင်ပါပဲ။
ချိုင်းကြားမှာ ပြောင်းဖူးနှစ်ဖူး ညှပ်လို့…..။

ဖိုးသူတော် ပြောသော ပုံပြင်
မင်းခိုက်စိုးစံ

မြန်မာ့အင်း

တစ်ခုသောညနေခင်းတွင် တောင်သမန်အင်းသို့ ကျွန်တော်ရောက်ခဲ့ပါသည်။

ဦးပိန်တံတား၏ တိုင်လုံးကြီးများဘေးတွင်ထိုင်ရင်း အဝေးကြီးကို လှမ်းမျှော်ကြည့်နေမိသည်။

ညနေရီလေပြည်သည် မယ်ဇယ်ပင်တန်းထဲကို တိုးဝင်လိုက် ပြန်ထွက်လိုက်နှင့် ဟိုဟိုဒီဒီ မြူးတူးနေသည်။ တိမ်တွေက ကောင်းကင်ပေါ်တွင် ထုနှင့်ထည်နှင့် ငြိမ်ကာ ရပ်နေကြသည်။ အိပ်တန်းပြန်ငှက်တွေကလည်း ဟိုအဝေးမှ ပျံသန်းသွားကြသည်။ ၀င်လုဆဲနေ၏ ညှိုးရည်သစ် အလင်းတစ်ချို့က တိမ်ငြိမ်ထုအစွန်းမှာ ခိုတွဲကာ တွယ်ကပ်နေကြသည်။ ပူပြင်းခြောက်သွေ့သော မန္တလေးနွေနေ့လည်ခင်းမှ လွတ်မြောက်ခါစ တောင်သမန်ညနေရီကလေးသည် မွှေးရနံ့တစ်မျိုးဖြင့် ချစ်ဖို့ကောင်းနေလေသည်။

တောင်သမန်၏ မြန်မာ့အင်းသည် ကြည်လင်စိမ်းလဲ့သောရေတို့ဖြင့် လှနေသည်။ အင်းရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသောလေသည် လတ်ဆတ်မွှေးမြနေသည်။ ပြီးတော့ သည်အင်း၏ ရင်ခွင်ထဲမှာ စားသောက်ဖွယ်ရာ ငါးတွေရှိသည်။ ဒါကို လုပ်အားရှင် ကိုတံငါတို့က အတ္တပရ အတွက် ရှာဖွေဖမ်းဆီးကြမည်။ ဒါသည် ကြည်နူးစရာ မြန်မာ့ဝေါဟာရ “အင်း”

အဲဒီအသံထွက်နှင့်တူညီသော “အင်း” သည် ယခုအခါ တံခါးဖွင့်ထားသော စီးပွားရေးမူဝါဒများ ကြောင့် မြို့ပြတွင် ပုံရိပ်တစ်ခုဖြစ်လာခဲ့သည်။

အဲသည် မြို့ပြအင်း(Inn)မှာ ဘာတွေရှိပါသနည်း။

တို့မြို့ပြအင်း(Inn)တွေ…

ရေမရှိ

လှေမရှိ

သို့သော် ငွေရှိ၏။

ငါးမရှိ

ဖားမရှိ

သို့သော် ကျားရှိ၏။

ကဗျာမရှိ

စာမရှိ

သို့သော် ဒေါ်လာရှိ၏။

(ကာရာအိုကေညချမ်း

နှုတ်ခမ်း နှင်းဆီ ဘီယာအဆီတက်

အိပ်မက်ကြေကွဲ

ဒေါ်လာကြဲတဲ့ ဖဲစက်ရာ….)

ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ စရိုက်လက္ခဏာ ရုပ်လွှာအမျိုးမျိုးဖြင့် ခရီးသွားဧည့်သည်တို့သည် ယဉ်ကျေးမှုထွန်းကားသော ကျွန်တော်တို့နိုင်ငံသို့ အလုံးအရင်းဖြင့် လာရောက်လည်ပတ်လျက်ရှိပါသည်။ ဤတွင် လူ့စိတ်သည် ရည်ရွယ်ချက်များ ထပ်တူမနေကြ။ ထိုအခါတွင် အတိမ်းအစောင်းအကွာအဟများ ရှိလာကြပေမည်။ မတူညီသော ယဉ်ကျေးမှုစရိုက်လက္ခဏာများများလည်း တွေ့ဆုံလာကြပေမည်။ ဘယ်လိုအကျိုးဆက်များဖြစ်လာမည်ကတော့ ကိုယ့်အတွေး နှင့် ကိုယ်ပဲဖြစ်သည်။

ယခုပဲကြည့်။ မြိ့ပြအင်း(Inn)၏ အချို့သောစရိုက်လက္ခဏာများကို ကဗျာရှင်က ဖျတ်ခနဲ လှစ်ခနဲ ဖွင့်ပြသည်ကို မြင်တွေ့ခဲ့ကြရပြီ။ ဒေါ်လာကြဲတဲ့ ဖဲစက်ရာမှာဖြင့် အဘယ်သို့သော ပန်းပွင့်များ ကြွေခဲ့ကြပါပြီနည်း။

ပန်းပွင့်များကြွေလေရာအဆောက်အုံကား မြို့ပြအင်း(Inn)ဟုဆိုလျှင်…

တောင်သမန်အင်းကား သန့်စင်လတ်ဆတ်၍ လွမ်းစရာကောင်းလောက်သည့် ဂုဏ်ရည်တို့ဖြင့် ပြည့်လျှမ်းနေသည်မှာ သေချာပါသည်။

ကျွန်တော်သည် တောင်မန်ညနေခင်း၏ အလှကို အရသာခံနေရင်းမှ အတွေးတို့ နယ်ကျွံနေမိသည်။ လန်းဆန်းသော လေပြေလေညှင်းကလေးက မျက်နှာ၊ အင်္ကျီနှင့် လုံချည်တို့ကို တိုက်ခတ်၍ ကလူကျီစယ်နေလေ၏။ အနောက်ဖက်တွင် နေလုံးကြီးသည် ၀င်းမှည့်နေသော ပန်းသီးနီနီကြီးတစ်လုံးကဲသို့ စစ်ကိုင်းတောင်တန်းကြီးများပေါ်သို့ မေးတင်လျက် တစ်နေ့တာအတွက် နှုတ်ဆက်နေလေပြီ။

တောင်သမန်ညနေခင်းကား တဖြည်းဖြည်းနှင့် အားမှိန်ဖျော့တော့လာသည်။ ညသည် အနက်ရောင်ဇာလွှာပါးဖြင့် လောကကို ဖုံးလွှမ်းရန် ကြိုးစားနေ၏။

ခနကြာလျှင် မြို့ပြအင်းတွေ နိုးထတော့မည်။ ကာရာအိုကေညချမ်း၊ ဒေါ်လာကြဲတဲ့ ဖဲစက်ရာ၊ ဘီယာနှုတ်ခမ်း၊ နှင်းဆီပွင့်ဖတ် တစ်ဖတ်စီကြွေ….

သက်ပြင်းကို လေးလေးတွဲ့တွဲ့ ချမိသည်။ နားထဲမှာတော့ အင်းရေပြင်က လှိုင်းခတ်သံတွေ ဆူညံနေဆဲ။

ဆယ်စုနှစ်တော့ ကြာခဲ့ပါပြီ။

ဒါပေမယ့် ယနေ့တိုင် တောင်သမန်ည လွမ်းနေရဆဲပါ။