Tag Archives: koKTH
အဆုံးမသတ်စေနှင့်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အချစ်ပျယ်သောစကား မကြာခဏကြားနေရသည်။
ဘာမှမမျော်လင့်တော့ဘူး စိတ်ကုန်ပြီ လို  လုံ့ လပြေလျော့သောသူတွေ ဒုနဲ့ ဒေးရှိနေကြသည်။
ဘ၀မှာ အဓိပ္ပါယ်မရှိတော့ပါဘူး – ဘ၀ဟာ သေဆုံးသွားပြီလို့ ရေရွက်နေသူတွေ ရှိနေကြသည်။
ဘာကြောင့်လဲ …
ဘယ်သူကြောင့်လဲ …
အချစ်တို့ သည် ဘယ်အချိန်မှာ ပြေလျော့သလဲ။
မျော်လင့်ချက်တို့  ဘယ်အခါမှာ ပျောက်ကုန်သလဲ။
ဘ၀သည် ဘယ်အခါမှာ သေဆုံးသွားသလဲ။အဖန်တလဲလဲ စဉ်းစားရင်း ကျွန်တော် အဖြေရှာခဲ့သည်။
..
. . .နေ့ တစ်နေ့ ၊နေရာတစ်ခုမှာ ကျွန်တော် သိခဲ့ရသည်-
Life ends; when you stop Dreaming.
Hope ends; when you stop Believing.
Love ends; when you stop Caring.
And Friendship ends; when you stop Sharing.
ကျွန်တော် ယုံကြည်ပါတယ်-
တစ်ဖက်သားအပေါ် ဖေးဖကူညီမှုရှိနေသရွေ့  မိတ်ဆွေဆိုတာ မရှားပါဘူး။
တစ်ဦးနှင့်တစ်ဦးအပေါ် ဂရုစိုက်ခြင်း တည်ရှိနေသရွှေ အချစ်တို့ သည် အဆုံးမသတ်သေးပါ။
ယုံကြည်ချက်တွေ တည်ရှိနေသရွှေ မျော်လင့်ချက်ဆိုတာ မကွယ်ပျောက်ပါ။
မျော်လင့်ချက်တွေရှိနေသေးသရွေ့  ဘ၀ဆိုတာ မသေဆုံးပါဘူး။
စိုသာလက်ကိုလည်း မခြောက်စေနှင့်။
ဘ၀ ကိုလည်း အဆုံးမသတ်စေနှင့်။
အချစ် ကိုလည်း အဆုံးမသတ်စေနှင့်။
ယုံကြည်ချက်ကိုလည်း အဆုံးမသတ်စေနှင့်။
စမ်းချောင်းလေးသည် ဆက်လက်စီးဆင်းရင်း . . . ဒီစာကိုလည်း အဆုံးမသတ်စေနှင့်။
KoKTH
မွန်းလွဲ ၂ နာရီ
လွန်လေပြီးသောအခါ ကဖြစ်ပါသည်။
တစ်ခုတည်းသော ဘင်ခရာဝိုင်းကို ဘူတာရုံသို့ ဆင့်ခေါ်သည်။
အလှဆုံးမိန်းမပျိုဆယ်ဦးကို သစ်လွင်သော အ၀တ်အစားများ ဆင်မြန်းစေကာ ပန်းကုံးများကိုင်ကာ မွန်းလွဲ ၂း၀၀ နာရီ တိတိတွင် ဆိုက်ရောက်လာမည့် ရထားကို စောင့်ကြိုနေသည်။
ရထားက တကယ်ကို ၂း၀၀ နာရီ ဒေါင်ခနဲအမြည်တွင် ဘူတာရုံ ပလက်ဖောင်းသို့ ကျွိခနဲ ဆိုက်ရောက်လာသည်။ စက်ခေါင်းမောင်းသည် ရထားပေါ်မှ ဆင်းလာသောအခါ လှပျိဖြူလေးတစ်ဦးက စက်ခေါင်းမောင်းအား ပန်းကုံးစွပ်လိုက်သည်။ တီးဝိုင်းက အောင်မြင်မှုကို ဖော်ကျူးသော တေးသွားကို တီးခတ်သည်။
စက်ခေါင်းမောင်းသူက “ဘာကို ဂုဏ်ယူတာပါလဲ မြို့ ပိုင်မင်း ခင်ဗျာ” ဟု စည်းကားနေသော ဘူတာရုံ မြင်ကွင်းကို တစ်ချက် ဝေ့၀ဲကာ ကြည့်ရှုပြီး မေးလိုက်သည်။
စက်ခေါင်းမောင်းသူက “မွန်းလွဲ ၂း၀၀ နာရီပါခင်ဗျာ” ။
မြို့ ပိုင်မင်းက “ အိမ်း အခု မင်းရထားဆိုက်တဲ့ အချိန်ကို ကြည့်လိုက်ပါဦး။
၂း၀၀ နာရီ တိတိ မဟုတ်လား။ အချိန်အတိအကျဆိုက်အောင် စွမ်းဆောင်နိုင်တဲ့ မင်းရဲ့ လုပ်ရပ်ကို ဂုဏ်ပြုတာပေါ့ကွယ်။”
စက်ခေါင်းမောင်းသူသည် မျက်နှာကြီးဝန်းထိန်လာမည့်အစား ခေါင်းကိုတွင်တွင်ခါယမ်းပြီး
မြို့ ပိုင်မင်းသည် ကော့တက်နေသော နှုတ်ခမ်းမွှေးနှစ်ဖက်ကို လက်ဖြင့် ဟန်ပါပါသပ်ရင်း
“မမှားပါဘူးကွယ်။ အချိန်မှားနေပြီလို့ ထင်လို့ လား၊ ဦးလက်ထဲကနာရီ၊ ဘူတာရုံကနာရီ ပြီးတော့ မင်ရဲ့ လက်ထဲက လက်ပတ်နာရီ အားလုံးဟာ၂ နာရီအတိမှာ ပြနေတယ်လေကွယ်” ။
“ဦးလည်း အကောင်းဆုံး စီစဉ်ထားပါပဲ။ မောင်ရင် ဘာကို အလိုမကျတာလဲ”
“ကိုင်း ဒါဆိုလဲ ရှင်းရှင်းလင်းလင်း ပြောစမ်းပါဦး”
မြိုပြ၏ရထား ဆောင်းပါးမှ
ဓန အောက်တိုဘာ
မှတ်ချက် ။လွန်လေပြီးသောအခါ ကဖြစ်ပါသည်။
ကျွန်တော်မှာ အိမ်တစ်လုံးတော့ရှိသင့်သည်။
အိမ်…
ကျွန်တော်တို့ အလုပ်လုပ်နေရသည်။
ကျွန်တော်တို့ ကျောင်းတတ်နေရသည်။
ကျွန်တော်တို့  အလည်အပတ်ထွက်ကြသည်။
ဘယ်အရပ်သို့ ၊ ဘယ် ရည်ရွယ်ချက်နဲ့  ထွက်ထွက် အချိန်တန်ရင် အိမ်ပြန်ရမည်။
အိမ် ဆိုသောနေရာသည်
.. ကျွန်တော်တို့ ကို လုံခြုံမှုကိုပေးသည်။
အိမ် ဆိုသောနေရာမှာ
.. ကျွန်တော်ကို ချစ်သောသူတွေက ကျွန်တော်တို့ ပြန်လာချိန်ကို မျှော်နေကြသည်။
အိမ် ဆိုသောနေရာမှာ
… ကျွန်တော်ကို အပြုံးနဲ့ နွေးထွေးစွာ ကြိုဆိုနေသည်။
အိမ် ဆိုသောနေရာမှာ
.. ကျွန်တော် ချစ်သောအရာများစွာ သိမ်းဆည်းထားပါသည်။
အိမ် ဆိုသောနေရာမှာ
… ကျွန်တော် အနားယူသည်။
… ..ကျွန်တော် နှလုံးသားရှိသည်။
… …..ကျွန်တော် ချစ်သောသူများရှိသည်။
ကျွန်တော်မှာ အိမ်တစ်လုံးတော့ရှိသင့်သည်။
အိမ်
ကျေးဇူးပါပဲ မေမေ
မေမေ့ အပြုံးတွေနဲ့
သားတို့တွေ တေးသံဆိုတာ
ဒီအိမ်မှာ ကြားခွင့်ရခဲ့တယ်…။ ။
ကျေးဇူးပါပဲ ဖေဖေ
ဖေဖေ့ ခွန်အားနဲ့
သားတို့တွေ တစ်မိုးအောက်မှာ
မိုးလုံခဲ့ကြတယ်…။ ။
ကျေးဇူးပါပဲ မေမေ
မေမေ့ ရင်ငွေ့နဲ့
သားတို့တွေ ဒီအိမ်မှာ
နွေးထွေးမှု ပြည့်ဝခဲ့ရတယ်…။ ။
ကျေးဇူးပါပဲ ဖေဖေ
ဖေဖေ့ ခြေလှမ်းနဲ့
သားတို့တွေ ဒီအိမ်ကို
ခိုင်ခံ့စေခဲ့တယ်…။ ။
မေမေ…
ထာဝရတည်
သားတို့ မှီတည်ရာသည်
မေမေ့ အပြုံးနဲ့ အိမ်…။ ။
ဖေဖေ…
အညတြပေမယ့်
သားတို့ မှီတည်ရာသည်
ဖေဖေ့ခွန်အားတွေထဲက အိမ်…။ ။
မေမေ…
မေတ္တာထွန်းတင့်
ချစ်ခြင်းအားဖြင့်
နွေးထွေးပြည့်စုံခဲ့ မေမေတည်တဲ့
သားတို့အတွက် အိမ်…။ ။
ဖေဖေ…
အားအင်ချိနှဲ့
ခွန်အားမဲ့လည်း
မလျှော့သော ဇွဲ၊ သွေးမကွဲပဲ
သားတို့အတွက် ဆောက်ခဲ့တဲ့ အိမ်…။ ။
ခွန်အားနဲ့ မိုး
အပြုံးနဲ့ ထုဆစ်
နွေးထွေးမှု လွှမ်းခြုံ
ပျော်ရွှင်အောင် ခြေရာမထပ်
အမြဲမပြတ် သားတို့အတွက် ဂရုစိုက်တဲ့
ဒီအိမ်ဟာ…
ကျူထရံနှင့်ပေမယ့်
ဘာနဲ့မှ မလဲနိုင်ပါဘူး
ဖေဖေနဲ့ မေမေ…။ ။
ဒီကဗျာလေးက ကျွန်တော် ငယ်ငယ်တည်းက လိုချင်တပ်မက်ခဲ့ဖူးတဲ့ ကျွန်တော်တို့ မိသားစု အိမ် ကလေးပါ…။
ကိုသားဖြိုးရဲ့ ထူးခြားတဲ့ကဗျာလေးတစ်ပုဒ်ပါ။
သားဖြိုး (http://mypoembag.iblogger.org/?p=93)
ကိုသားဖြိုးရဲ့ အရေးအသား ၊ အယူအဆတွေ လေးစားစွာနဲ့ ကျွန်တော် နှစ်သက်ခုံမင်ခဲ့တယ်။
တန်ဖိုးထား မြတ်နိုးပါ
ဘ၀ မှာ ဘာတွေ ပိုင်ဆိုင်နေဖို့ လိုအပ်ပါသလဲ
ချစ်သူတွေတည်လဲတွဲနိုင်ဖို့ လိုအပ်ပါသလား
ဘွဲ့ တွေအများကြိးပိုင်ဆိုင်ထား လိုအပ်ပါသလား
ငွေတွေအများကြီး လိုအပ်ပါသလား
လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ အာဏာလိုအပ်ပါသလား
ဘ၀ မှာ
ချစ်ခြင်းမေတ္တာတွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ပါဘူး။
ချစ်ခြင်းမေတ္တာတွေ အများကြီးပေးဆပ်လိုက်ရလို့သာ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။
“အကောင်းဆုံး၊အလှဆုံးအရာကို ဖန်တီးခဲ့ပြီးပြီ” ဆိုတဲ့အသိနဲ့ ဘ၀သည် ပို၍နေပျော်သွားခဲ့သည်။
ဘ၀ ဆိုတာ ခဏလေးပါပဲ
အကြောင်းအရာတွေဆိုတာလဲ ခဏလေးပါပဲ။
လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။
ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။
ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?
ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..?
နှုတ်ဆက်ခွင့်ရနိုင်မလဲ?
သူတို့ ကိုယ်တိုင်လည်းမသိကြပါဘူး။
စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။
လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
မောင်နှမလို့  အမည်တပ်ဖို့ လွယ်ကူပါသလား?
မိဘလို့  အမည်တပ်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
ချစ်သူလို့  အမည်တပ်ဖို့ လွယ်ကူပါသလား?
မလွယ်ကူတဲ့ အကြောင်းအရာတွေအကြားမှာ ကျွန်တော်တို့ တစ်တွေ တွေ့ ခွင့်ရခဲ့တယ်။ ဆုံခွင့်ရခဲ့တယ်။
ဒီလို တွေ့ တဲ့အခါ ဆုံတဲ့အခါ -ကျွန်တော်တို့  ဘယ်လိုဆက်ဆံကြမလဲ.
စကားလေး တစ်ခွန်းပါပဲ ….
“တန်ဖိုးထား မြတ်နိုးပါ”
တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
“ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။
ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး”
တဲ့…..
ဟုတ်ပါတယ်။ ကံမပါရင် ပခုံးချင်းယှဉ်တိုက်သွားရင်တောင် ရင်းနှီးခွင့်မရပါဘူး။
ကံ အကြောင်းတရားတွေရှိနေလို့ သာ ရင်းနှီးခွင့်ရခဲ့တာပါ..
ရင်းနှီးခွင့်ရတဲ့အခါ စော်ကားခြင်းအမှုကို မပြုဘဲ တန်ဖိုးထားတုန့် ပြန်ရအောင်။
အပြစ်အကြောင်းမပြောဘဲ အချစ်အကြောင်းပဲပြောရအောင်။
ဖောက်ပြန်ခြင်းအမှုမပြုဘဲ စောင့်ရှောက်ခြင်းအမှုကိုပြုရအောင်။
ဒီလိုနဲ့ . . . . .တစ်ယောက်တစ်နေရာဆီသွားရမယ့် အချိန်ရောက်ပြီ်ဆိုရင်-
ဒဏ်ရာမပေးဘဲ ၊ လှပတဲ့ အကြင်နာနဲ့ ၊ ခိုင်မြဲတဲ့ မေတ္တာကိုပဲ လက်ဆောင်အဖြစ်ပေးရအောင်။
ဒီလိုဆို ဘ၀သည် နေ့ ရက်တိုင်းမှာ လှပနေမှာပါ။
စကားလေး တစ်ခွန်းပါပဲ ….
“တန်ဖိုးထား မြတ်နိုးပါ”
ဘ၀ဆိုတာ ခရီးတစ်ခုပါပဲ
ခရီးသွား
ခရီးသွားချင်းအတူတူ
မငြူစူဘူး
.
..
…..
ခရီးကြိုပြု
မိတ်ဆွေတွေ စုပြီး
ကောင်းတာကို ပြုရအောင်။
ဒီ ကဗျာလေးကို စမ်းချောင်းဂျာနယ်အတွက် ရေးခဲ့တယ်။
ဒီ ကဗျာကို ရေးဖြစ်အောင် အစဖော်ပေးခဲ့တာ ကိုသားဖြိုးရဲ့ “ခရီး” ကဗျာပါပဲ။
ကဗျာတစ်ပုဒ်ရဲ့ ခေါ်ဆောင်မှုမှာ အဓိပ္ပါယ်တွေအများကြီးမြင်တွေ့ ရလိမ့်မယ်။
ကျွန်တော်တို့ တစ်တွေ ရပ်တန့် နေလို့ မရပါဘူး။
အချိန်ကသွားနေတယ်။
ဘ၀တစ်ခုက သံသရာမှာ မရပ်မနားသွားနေတယ်။
ခရီးတစ်ခုမှာ တစ်ဦးတစ်ယောက်နဲ့  ကြုံတွေ့ ရမယ်၊ ဆုံတွေ့ ရမယ်။
ဆုံတွေ့ တဲ့အခါ ကျွန်တော်တို့ တစ်တွေ ဘယ်လို နှုတ်ဆက်မှာလဲ၊ ဘယ်လို တန်ဖိုးထားမှာလဲ-
ဘ၀ဆိုတာ -တိုက်ပွဲလို့ ကြွေးကြော်ပြီး–
…………….သူတပါးရဲ့မျက်ရည်နဲ့ ပျော်ပါးတဲ့သူတွေ၊ သူတပါးရဲ့ ချွေးနဲ့ ကျေနပ်နေသူတွေ၊ သူတပါးရဲ့ သွေးနဲ့ အောင်မြင်နေသူတွေ တွေ့ ခဲ့ရတယ်။
ဘ၀ဆိုတာ တိုက်ပွဲပဲလား- ကျွန်တော်မေးကြည့်ချင်တယ်။
တိုက်ပွဲလို့ အဖြေရှိခဲ့၇င် – ဒီတိုက်ပွဲမှာ ဘယ်သူက ဘယ်သူကို သတ်မှာလဲ။
တိုက်ပွဲတစ်ခုအတွက် ဘယ်သူတွေ သေဆုံးပေးရမှာလဲ၊ ဘယ်သူတွေ ငိုကြွေးပေးပေးရမှာလဲ၊၊
အဲဒီလို သေဆုံးရမယ့်သူတွေ၊ ငိုကြွေးရမယ့်သူတွေထဲမှာ ကိုယ်ကရော လွတ်မြောက်နိုင်မှာလား။
နောက်ဆက်တွဲမေးခွန်းတွေ ဖြေပေးကြပါအုံး-
ကျွန်တော်ကတော့ ဘ၀ဆိုတာ ခရီးတစ်ခုပါပဲ
ခရီးသွားချင်းအတူတူ
မငြူစူဘူး
လဲကျတဲ့အခါ ထူပေးရမှာ
ပျော်ရွှင်တဲ့အခါ မျှဝေရမှာ
စိတ်ထားချင်းတူ
သဘောဖြူက
လာသာ လာပါ ချစ်မိတ်ဆွေရာ။
မာနမထား
မစော်ကားဘဲ
အလှတရား
မျှဝေထားလို့ 
ခရီးကြိုပြု
မိတ်ဆွေတွေ စုပြီး
ကောင်းတာကို ပြုရအောင်။
Sanchuang Journal
Give to the world
the best you have and
the best will come back to you.
စိတ်ဖိစီးမှုနည်းသောအလုပ်
အလုပ်မရှိတော့လည်း အလုပ်မရှိလို့ မျက်နှာငယ်ရ၊ ၀င်ငွေနည်းရ၊ ပူပန်ရ ကြောင့်ကြရနဲ့ ။
အလုပ်ရှိတော့လည်း အလုပ်များလို့ ၊ အလုပ်မပြီးလို့ - စိတ်ပျက်လိုက်တာအလုပ်မသွားချင်တော့ဘူး။
သူဌေး ကြောင့် ၊ လစာကြောင့်၊ လုပ်ငန်းခွင် သာယာမှုမရှိလို့ စိတ်ညစ်ရတာ။
သဌေးလည်းသူ့ အလုပ်အတွက် ကားအကောင်းစားကြီးစားပြီး ပမာဏကြီးစွာစိတ်ပူရတာ။
အလုပ်ဆိုတာ ရှိလည်းမကောင်း၊ မရှိလည်းမကောင်းလို့ ပြောင်းလဲပြီး သတ်မှတ်ရတော့မှာလား။
လက်ရှိအလုပ်က မကောင်းဘူး၊ လက်ရှိအလုပ်မှာမပျော်ဘူးဆိုရင် သင်ဘာလုပ်မလဲ၊
ကျွန်တော်တို့ ဘာလုပ်မလဲ။
ပျော်စရာကောင်းတဲ့ အလုပ်၊ စိတ်ဖိစီးမှုနည်းသော အလုပ်ကို ကျွန်တော်တို့ မလိုချင်ဘူးလား။
ပျော်စရာကောင်းတဲ့ အလုပ်၊ စိတ်ဖိစီးမှုနည်းသော အလုပ်ဆီကို မသွားချင်ဘူးလား။
အလုပ်ရှင်တို့ ပုဂ္ဂလိက အပြုအမှုတွေကို ဘေးဖယ်ပြီး ၊ အလုပ် သဘော၊သဘာဝ အရ သက်တောင့်သက်သာရှိသော အလုပ်ကို စစ်တမ်းကောက် လေ့လာကြည့်ရအောင်-
တွေ့ ရှိချက် ကတော့ အလုပ်အမျိုးအစား ၇ မျိုးကို ရွေးချယ်ပေးထားတယ်။ ၀င်ငွေ၊ စိတ်ဖိစီးမှု၊ လုပ်ငန်ခွင်အနေအထား အားလုံးကို ချိန်ဆတွက်ချက်ထားတာပါ။
ဒီရွေးချယ်မှုဟာ လက်ရှိ မြန်မာပြည်အနေအထားနဲ့  အံဝင်ဂွင်ကျမှုမရှိပေမယ့်၊ နောက်တစ်ချိန်မှာ မြန်မာပြည်ကြီး ခေတ်မီတိုးတက်လာတဲ့အခါ ကမ္ဘာကြီးနဲ့ ရင်ပေါင်တန်းလာတဲ့ အချိန်မှာ မြန်မာလူမျိုးတွေ ဗဟုသုတအပြည့်နဲ့ မိမိရဲ့ အလုပ်ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ
ရွေးချယ်တတ်စေဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးကို တင်ပြလိုက်ပါတယ်။
အမှတ်စဉ် (၁) Accountant စာရင်းကိုင်အလုပ်တွေ
စာရင်းဇယားဆိုတာ ရိုးသားမှုသာရှိရင် အမှားအယွင်းနည်းသောအလုပ်ပါတဲ့။
သတ်မှတ်ထားတဲ့ ပုံစံအတိုင်းသာ ရေးသားစာရင်းသွင်းမည်ဆိုရင် မည်သူကမျှ
အထွန့် တက်လို့  မရပါဘူး။ အထွန့် တက်ချင်ရင် ၊ပြုပြင်ပြောင်းလဲချင်ရင် လုပ်ထုံးလုပ်နည်းကို တရားဝင်ပြောင်းပါ ကျွန်တော်၊ကျွန်မကို ဟိုဟာ၊ဒီဟာ မပြင်ခိုင်းပါနဲ့ လို့ ကာကွယ်ပြောဆိုလို့ ရတယ်။
အမှတ်စဉ် (၂) မူလတန်းကြိုဆရာတွေ
အလယ်တန်း၊အထက်တန်းဆရာတွေနဲ့ နှိုင်းယှဉ်လျှင် မူကြိုဆရာတွေ အတွက် လေးလံသော ၀န်ထုပ်ဝန်ပိုးမရှိဘူးလို့ ဆိုကြတယ်။ အနီးစပ်ဆုံးဥပမာကတော့ စာမေးပွဲစစ်ပေးရတာ၊ အတန်းတင်ပေးရတာတွေအတွက် ၀န်ထုပ်ဝန်ပိုးမရှိဘူးပေါ့။ ကလေးအချင်းချင်းရန်ဖြစ်တဲ့ ရာခိုင်နှုန်း၊ မိဘမသိဘဲ ကျောင်းပြေးတဲ့ ရာခိုင်နှုန်း၊ စာမလိုက်နိုင်လို့  မိဘကိုခေါ်ယူအကြံပေးရတဲ့ ရာခိုင်နှုန်း အရမ်းနည်းပါတယ်။ ကလေးတွေ အတွက် အခြေခံ အကျဆုံးဖြစ်တဲ့ သီချင်းဆိုတတ်အောင် ၊ ပုံဆွဲတတ်အောင်၊ အခြေခံပေါင်းတာနှုတ်တာ၊ မြန်မာစာ အက္ခရာနှင့် သူတို့ ၏ အဓိပ္ပါယ်၊ English အက္ခရာ သူတို့ ၏ အဓိပ္ပါယ်တွေကို နေ့ စဉ်သင်ရင်း ရိုးသားသော အပြစ်ကင်းသော ကလေးများအကြားမှာ မိမိသည်လည်း အမြဲရိုးသားပျော်ရွှင်ပါလိမ့်မယ်။
အမှတ်စဉ် (၃) Nursing Assistant သူနာပြုအကူတွေ
ဆရာဝန်တွေလို ဆေးပညာတွေကို ခက်ခဲစွာမသင်ရပါဘူး။ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း လူနာတွေကို စိတ်ရှည်စွာ ကူညီစောင့်ရှောက်နိုင်ရင်၊ လူနာကလည်းကျေးဇူးတင် မိမိရဲ့တာဝန်လည်းကျေပွန်ပါတယ်။
အမှတ်စဉ် (၄) Financial Planner ငွေကြေးစီမံခန်ခွဲပေးရသူတွေ
သင့်မှာ ၀င်ငွေတွေများလာရင် အခွန်ဆောင်ရဖို့ ၊ ဒီငွေတွေအလုံးအထည်မပျက်ဘဲရှိဖို့ ၊ ဒါအပြင်တိုးပွားလာဖို့ .. အတွက် သင် အတော်စိတ်ပူရမှာပဲ။
ဒီတော့သင် ဘာလုပ်သလဲ….ငွေကြေးစီမံခန်ခွဲပေးရသူတွေနဲ့ တွေ့ ရမှာပေါ့။
သူတို့ တွေက အခွန်ဥပဒေတွေ၊ လက်ရှိဈေးကွက်ရဲ့ တောင်းဆိုချက်တွေ၊ ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကိုးကားပြီး သင့်ငွေကို ချွေးမထွက်ဘဲ စားပွဲပေါ်မှာတင် စီမံခန့် ခွဲပေးတယ်။ ပြီးတော့ ရာခိုင်နှုန်းနဲ့  ကော်မရှင်ယူပါတယ်။ သင့်ဆီမှာ ငွေများများရှိရင်သူတို့ တွေကို ငွေများများပေးရတယ်။
အမှတ်စဉ် (၅) Massage Therapist / Physical Therapy Assistant အရိုးအကြောပညာရှင်တွေ
ပညာတတ်သူတွေက နေ့ စဉ် ခါးချိအောင် ထိုင်ပြီးအလုပ်လုပ်ရတယ်။ ပညာမတတ်တဲသူတွေက
နေ့ စဉ် နေပူ၊မိုးရွာ မှာ ခြေတိုအောင် မနားမနေအလုပ်လုပ်ရတယ်။ ဒီတော့သင်တို့ အားလုံးရဲ့ အရိုးအကြောတွေ ခံနိုင်ပါအုံးမလား။ ယခုခေတ် နေထိုင်မှုစနစ်ကလည်း TV ကိုတောင် လမ်းလျှေက်ပြီးပိတ်စရာတော့ဘူးလေ။ ဒီတော့ လူတွေရဲ့ အရိုးအကြောတွေ ဆိုင်းရောပေါ့။ ခေတ်မီလေ အရိုးအကြောတွေ ဆိုင်းလေပါပဲ။ အရိုးအကြောပညာရှင်တွေ ၀င်ငွေတိုးလေပေါ့။
အမှတ်စဉ် (၆) Graphic Design
မိမိစိတ်ကူးကို ကွန်ပျုတာနဲ့ ကွန့် မြုးပြီး အလုပ်အပ်သူတွေကို ကျေနပ်အောင် ပြုလုပ်နိုင်စွမ်းရှိသူတွေပေါ့။
အလုပ်ရှင်တွေက ဟိုဟာ၊ဒီဟာ အရစ်မရှည်ဘူး သူတို့ တွေကို စိတ်တိုင်းကျ ဖန်တီးခွင့်ပေးထားပါတယ်။ ၀င်ငွေလည်းကောင်းပါတယ်။
အမှတ်စဉ် (၇) Desktop Support ကွန်ပျုတာ ဒေါက်တာလေးတွေ
သူတို့ တွေက ကွန်ပျုတာ ကျွမ်းကျင်တယ် ၊နှံ့ စပ်တယ်။ ဒါပေမဲ့ကွန်ပျုတာနဲ့ ပတ်သတ်ရင် ဘာမှ မတီထွင်ပါဘူး၊ဒီတော့ ခေါင်းမစားဘူး။ ကွန်ပျုတာ သုံးစွဲသူတွေကို အကူအညီပေးတယ်။
သူတို့ မကူညီနိုင်တဲ့ အခက်အခဲရှိရင် တီထွင်တဲ့သူတွေကို အပြစ်တင်ပြီး ကွန်ပျုတာ သုံးစွဲသူတွေဆီက အကြံညဏ်ပေးခ၊ လုပ်အားခယူပါတယ်။
အလုပ်နှင့်ပတ်သတ်ပြီးကျေနပ်ပျော်ရွှင်နိုင်ပါစေ
koKTH
Internet တွင် ဖတ်မိသော ဆောင်းပါးတစ်ပုဒ်ကို ကိုးကားထားပါတယ်။
အလုပ်ခွင်အသီးသီးရှိ သူငယ်ချင်းများကို အမှတ်တရနှင့် အပြုသဘောဆောင်လို့  ရေးသားခဲ့တာပါ။
အချစ်သည် “ရှင်သန်စေတဲ့ဆေး”
ချစ်ခြင်းအနုပညာ(၁) သို့ 
အချစ်သည် “ရှင်သန်စေတဲ့ဆေး”
ချစ်ခြင်းအနုပညာ(၂)
# ကိုယ်ချစ်သူအတွက်
ချစ်ခြင်းအနုပညာဖြင့်
တစ်ရက်ပြီးတစ်ရက်
ချစ်မြတ်နိုးရင်း
အချိန်ကာလတစ်ခုမှာ
ကိုယ့်ချစ်သူဟာ
“ဒီကမ္ဘာပေါ်မှာ အလှဆုံးသူတစ်ယောက်” ဆိုတာ
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
မှတ်တမ်းတင်ခဲ့တယ်။
Continue reading အချစ်သည် “ရှင်သန်စေတဲ့ဆေး”
အမှား(၁)+အမှား(၂)
အမှား(၁)
တစ်ခါမှားမိရင်ပဲ
ပေးဆပ်ရတဲ့ အကြွေးက
တိုး ရင်း ပေါင်း
များလှပါတယ်။
ပေးဆပ်လို့ 
မရနိုင်တဲ့
အမှားမျိုးကတော့
အဆိုးဆုံးပါပဲ။
အမှား(၂)
“မမှားသော ရှေ့ နေ
မသေသော ဆေးသမား”တဲ့
ဒီဖြေဆေးဟာ
ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။
မမှားတာ
အကောင်းဆုံးပဲ။
KoKTH
ချစ်သူ့ဂီတ
နှစ်သက်သော အချစ်သီချင်းစာသား
Lover’s Concerto
How gentle is the rain
That falls softly on the meadow
Birds high up in the trees
Serenade the clouds with their melody
Oh! See there beyond the hills
The bright colors of the rainbow
Some magic from above
Made this day for us
Just to fall in love
You hold me in your arms
And say once again you love me
And if your love is true
Everything will be just as wonderful
Now, I belong to you
From this day until forever
Just love me tenderly
And I’ll give to you
Every part of me
Oh! Don’t ever make me cry
Through long lonely nights without love
Be always true to me
Keep this day in your heart eternally
You hold me in your arms
And say once again you love me
And if your love is true
Everything will be just as wonderful
 http://www.fileden.com/files/2008/2/4/1739086/songs/lover_concerto.mp3
ချစ်သူ့ဂီတ
ညင်သာမိုးဖွဲ ကျဆင်းမြက်ပြင်
ငှက်ငယ်လေအား ပင်ယံထက်ဝယ်
ညဥ့်ယံလွမ်းချင်း သီဆိုကျူးရင့် …
တောင်ကုန်းကျော်လွန် လှမ်းမျှော်ကြည့်က
သက်တန့်ယှက်(လျှက်)ဖြာ ချစ်သူတို့အတွက်
မှော်အတတ်ဖြင့် နေ့သစ်မွေးဖွား …
ယုယပိုက်ထွေး ချစ်ခွန်းထပ်မံ
သီဆိုပါက အရာအားလုံး
ချစ်ခြင်းတို့ဖြင့် ပြီးပြည့်စုံစေ …
ယနေ့မှစ ထာဝရကြင်နာ
ပိုင်ဆိုင်မှုဖြင့် အလိုရှိသမျှ
ပေးချင်လှ၏ …
အချစ်မရှိ အထီးကျန်ညဖြင့်
အငိုမပေး သစ္စာရှိစွာ
နှလုံးသားမှာ ယနေ့ကိုဖြင့်
ထာဝရရင်တွင်း တည်နေမင်း …
ယုယပိုက်ထွေး ချစ်ခွန်းထပ်မံ
သီဆိုပါက အရာအားလုံး
ချစ်ခြင်းတို့ဖြင့် ပြည့်စေမင်း …
ကဗျာအဖြစ် ဖွဲ့ ဆိုပေးသော သူငယ်ချင်း သိမ့် အား ကျေးဇူးတင်လျှက်
KoKTH
ချစ်ခြင်းအနုပညာ-(၁)
# ချစ်တာဟာ
အနုပညာ(အတတ်ပညာ) တစ်ခုလား။
ဒါမှမဟုတ်
အလိုအလျောက်ပေါ်လာတဲ့ ပကတိစိတ်မျိုးလား။
#အနုပညာဆိုတာ ဘာလဲ-
ကျွန်တော်ကတော့ အနုပညာဆိုတာ
“ ပကတိရိုးရှင်းစွာရှိသော စိတ်ခံစားမှု
(ပျော်ရွင်ခြင်း၊ကျေနပ်ခြင်း၊၀မ်းနည်းခြင်း)
တို့ ကို အတတ်ပညာတစ်ခုဖြင့်
ဖန်တီးဖော်ပြခြင်း ” ဟုနားလည်ထားပါသည်။
# ချစ်တာမှာလည်း
အနှပညာရှိတယ်လို့ လက်ခံထားပါသည်။
# ဖန်တီးမှု တစ်စုံတစ်ရာမရှိပါပဲ
ချစ်တယ် ဟု သက်သေထူလျှင်
ဘယ်သူယုံမည်နည်း။
# “သူ့ ကိုချစ်ရမလား” လို့ 
မေးခွန်းထုတ်ဖို့ တော့ မသင့်ပါဘူး။
ချစ်တယ် မချစ်ဘူးဆိုတာ
မေးခွန်းထုတ်ဖို့  မလိုဘဲ
ကိုယ်ရင်ထဲမှာအလိုလိုသိရမယ့်ကိစ္စဖြစ်ပါတယ်။
# အချစ်ဟာ
သဘာဝ အလျောက်
အလိုလို မွေးဖွားလာခြင်းဖြစ်ပါတယ်။
ချစ်ခြင်းအနုပညာကို
နောက်မှ လေ့ကျင့်ယူရတာပါ။
ဆက်လက်ရေးသားပါမည်။
KoKTH