Tag Archives: နိုင်းနိုင်းစနေ
တူညီတဲ့ မတူညီခြင်း
အုတ်နံရံစီနေတဲ့ ပန်းရံသမားသုံးယောက်ကို လူတစ်ယောက်က “ဘာလုပ်နေသလဲ” လို့ မေးလိုက်တယ်။ အမေးခံရတဲ့ပထမ ပန်းရံသမားက “ခင်ဗျား မမြင်ဘူးလား. ကျုပ် အုတ်စီနေတာဗျာ” လို့ ဒေါနဲ့ ပြန်ဖြေလိုက်တယ်။
ဒုတိယ ပန်းရံသမားက “လှပတဲ့ တိုက်တစ်လုံးကို ကျွန်တော်ဆောက်နေပါတယ်” လို့ ပြန်ဖြေတယ်။
လေချွန်ပြီး အလုပ်လုပ်နေတဲ့ တတိယ ပန်းရံသမားက “လှပတဲ့ မြို့တစ်မြို့ကို ကျွန်တော်တည်နေပါတယ်” လို့ ပြန်ဖြေတယ်။
တူညီတဲ့ အလုပ်တစ်ခု၊ ပင်ပန်းတာချင်း အတူတူ တစ်ချို့က ပျော်ရွှင်တဲ့စိတ်နဲ့ ရင်ဆိုင်ကြတယ်။ အရာရာကို အကောင်းမြင်တတ်သူ၊ ပျော်ရွှင်စိတ်ရှိသူက သူတစ်ပါးထက် အမြဲစိတ်ချမ်းသာနေမှာ ဧကန်မလွဲပါ။
ဒီပုံပြင်ဟာ သေးငယ်သောအလုပ်တစ်ခုပေမယ့် ကောင်းသောစိတ်ထားဖြင့် လောကကို အလှဆင်နိုင်တယ်လို့ ဖော်ပြနေခြင်းပါပဲ။
ကြီးကျယ်ခြင်းမြင့်မြတ်ခြင်းဆိုသည်မှာ သူတစ်ဦး၏စိတ်ခံယူချက်စေတနာပေါ်မှာ အများကြီးမူတည်ပါသည်  မဟုတ်ပါလား။
ငါမှာ လောက၀န်းကျင်ကို အလှဆင်ဖို့ တာဝန်ရှိပါလား။
ငါ့ကြောင့် အခြားလူတစ်ယောက်နှင့် လူဝန်းကျင် မညစ်နွမ်းစေရဘူး ။
လမ်းပေါ်မှာ ကျနေသာ ငှက်ပျောခွံလေးကို တွေ့ တဲ့အခါ – သြော်သူများတွေ ချော်လဲနိုင်ပါတယ်လေ။ ငါ ကူညီပြီးလွှင့်ပစ်လိုက်ပါ့မယ်-ဆိုတဲ့ အသိ
ကျွန်တော်တို့ Phd, Master ဘွဲ့ တစ်ခုထက် သေးငယ်သော အကျင်းကောင်းလေးတွေရှိနေဖို့  အလွန်အရေးကြီးပါတယ်။
ကောင်းမွန်သော အကျင့်ကောင်းတွေမရှိပဲ ဘယ်သူမှ စစ်မှန်သော တည်ငြိမ် ပျော်ရွှင်မှုကို မရနိုင်ပါဘူး။
ဒါကြောင့် လောကအလယ်မှာ  တူညီတယ်လို့ ထင်ရပေမယ့် မတူညီသောအချက်တွေ အများကြီးပါပဲ.. ..
ပုံပြင်လေးကို http://nineninesanay.blogspot.com မှ မှီငြမ်းပါသည်။
ကျေနပ်စွာ အလုပ်လုပ်နေရသည်။
ဒီခေတ်ဒီအချိန်မှာ တိုးတက်ခေတ်မီလာသည်နှင့်အမျှ လိုအပ်ချက်တွေ တောင်းဆိုချက်တွေများပြားလာပါတယ်။
နေ့ စဉ်တွေ့ ကြုံနေရတဲ့ သူတွေနဲ့  ၊ နေ့ စဉ်တွေ့ ကြုံနေရတဲ့ ကိစ္စအ၀၀တွေကို ကျေနပ်ပါသလားလို့  တစ်ဦးဦးက မေးခဲ့ရင်
အဖြေကတော်တော်ခက်ပါတယ်။
ကျေနပ်ပါသလား ဆိုတဲ့ အဖြေကို ဘာနဲ့ တိုင်းတာပြီး ဖြေရမှာလဲ. ..
အလုပ်သမားအတွက် လုပ်အားခသည် သူရဲ့ ကျေနပ်မှုလား
စီးပွားရေးသမားအတွက် အမြတ်သည် သူရဲ့ ကျေနပ်မှုလား
ကျောင်းသားတစ်ယောက်အတွက် အောင်စာရင်းသည် သူရဲ့ကျေနပ်မှုလား။
လုပ်အားခရတိုင်း အလုပ်သမားသည် မကျေနပ်ပါ
အမြတ်ရတိုင်း စီးပွားရေးသမားသည် မကျေနပ်ပါ
အောင်စာရင်းမြင်တိုင်းကျောင်းသားသည်  မကျေနပ်ပါ
ဒီလိုဆို ဘယ်အချိန်မှာ ကျေနပ်ပါသလဲ.. . .
ဆေးသုတ်သမားနှင့် မျက်မမြင် ပုံပြင်လေးကို http://nineninesanay.blogspot.com မှဖော်ပြပေးထားပါတယ်။
ဆေးသုတ်သမားနှင့် မျက်မမြင်
တစ်ခါက ဆေးသုတ်သမားတစ်ဦးဟာ အိမ်တစ်အိမ်ကို ဆေးသုတ်ဖို့ ရောက်သွားခဲ့တယ်။ အိမ်ထဲဝင်လိုက်တာနဲ့ မျက်စိကွယ်နေတဲ့ အိမ်ရှင်ယောင်္ကျားကိုတွေ့တော့ ကရုဏာသက်မိတယ်။
အိမ်ရှင်ယောင်္ကျားဟာ မျက်စိကွယ်နေပေမယ့် ပျော်ပျော်နေတတ်လို့ ဆေးသုတ်သမားနဲ့ ခဏအတွင်းမှာ ခင်မင်သွားကြတယ်။ ဆေးသုတ်သမား အိမ်မှာ ဆေးသုတ်တဲ့ ရက်အတောအတွင်း သူတို့ စကားတွေ ဖောင်ဖွဲ့ပြောဆိုကြပေမယ့် ဆေးသုတ်သမားဟာ မျက်စိကွယ်နေတဲ့ အိမ်ရှင်ယောင်္ကျားရဲ့အားနည်းချက်ကို လုံးဝမမေးခဲ့ဘူး။
ဆေးသုတ်ပြီးလို့ စာရင်းရှင်းတဲ့အခါ ဆေးသုတ်သမားက ဆေးသုတ်ခကို သတ်မှတ်ထားတဲ့ ဈေးထက် တစ်ဝက်လျှော့ယူခဲ့တယ်။
အိမ်ရှင်မက ဘာဖြစ်လို့ လျှော့ပေးရသလဲလို့ မေးတော့ ဆေးသုတ်သမားက “ခင်ဗျားယောက်ျားနဲ့ စကားအတူပြောရတာ ကျွန်တော်အရမ်းပျော်တယ်။ သူရဲ့ ဘ၀အမြင်နဲ့ စိတ်သဘောထားတွေကြောင့် ကျွန်တော့်အဖြစ်က အဲဒီလောက်မဆိုးသေးဘူးဆိုတာ သိလာရတယ်။ ဒါကြောင့် သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်ဈေးလျှော့ယူလိုက်တာပါ။ သူ့ကြောင့် အလုပ်တွေလုပ်ရတာကို ပင်ပန်းတယ်လို့ ကျွန်တော်မမြင်တော့ဘူးဗျာ” လို့ ပြန်ပြောလိုက်တယ်။
အဲဒီနောက် အိမ်ရှင်မ ကမ်းပေးတဲ့ ဆေးသုတ်ခကို တစ်ဖက်တည်းသာရှိတဲ့လက်နဲ့ သူလှမ်းယူလိုက်တယ်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ပုံပြင်ထဲက ဆေးသုတ်သမားပြောခဲ့သလို – “သူ့ကြောင့် အလုပ်တွေလုပ်ရတာကို ပင်ပန်းတယ်လို့ ကျွန်တော်မမြင်တော့ဘူးဗျာ”
ကိုယ့်အပေါ်နားလည်မှုရှိစွာ၊ ရပ်တည်ပေးသော သူတစ်ယောက်အတွက် အလုပ်လုပ်ခွင့်ရမယ်ဆိုရင်
ကျွန်တော်တို့  ရင်းနှီးခဲ့၊ စွန့် လွှတ်ခဲ့ရတာတွေအတွက် ပင်ပန်းတယ်လို့ မထင်မြင်မိတော့ပါဘူး။
ရင်းနှီးခဲ့၊ စွန့် လွှတ်ခဲ့ရတာတွေအတွက် ကျေနပ်မိပါတယ်။
ကျွန်တော်တို့ အားလုံး အလုပ်လုပ်နေပါသည်။
အချို့ ကျေနပ်စွာ အလုပ်လုပ်နေရသည်။ အချို့ သည် ပင်ပန်းစွာ အလုပ်လုပ်နေရသည်။
ဘ၀အတွက် လိုအပ်ချက်တွေ ရှိနေသူတွေ အချင်းချင်း
တစ်ဦးနှင့်တစ်ဦး အပေးအယူမျှတစွာ နားလည်မှုထားရှိမယ်၊ဖေးမကူညီမယ် ဆိုခဲ့လျှင်
. . . . .ကျေနပ်စွာ အလုပ်လုပ်နေရမှာပါ။
တစ်ဦးနှင့်တစ်ဦး
စည်းလည်းမဖောက်၊
စေတနာမပျောက်
ခရီးရောက်အောင်
ဖေးမနိုင်ပါစေ….
ကျွန်တော် ချစ်သောသူများ နေ့ ရက်တိုင်းမှာ ကျေနပ်စွာပျော်ရွင်နိုင်ပါစေ။
ဘီလ်ကိတ် ဘယ်လောက်ချမ်းသာသလဲ?
၁) ဘီလ်ကိတ်ရဲ့ တစ်စက္ကန့် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅ဝ ဖြစ်တယ်။ တစ်နေ့ဝင်ငွေက သန်း၂ဝဝကျော် ဖြစ်တယ်။ တကယ်လို့ သူ့ပိုက်ဆံအိတ်ကနေ ဒေါ်လာ၁ထောင် ကျသွားရင်တောင် ဘီလ်ကိတ် ကောက်ချင်မှကောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခါးကိုင်းပြီး ကောက်လိုက်တဲ့ အချိန်၎စက္ကန့်ရဲ့ ဝင်ငွေဟာ အဲဒီငွေနဲ့ ညီမျှလိုပဲဖြစ်တယ်။
၂) အမေရိကန် အစိုးရတင်နေတဲ့ အကြွေးက 5.62 trillion dollars ဖြစ်တယ်။ ဘီလ်ကိတ်ကို အဲဒီအကြွေးတွေ ဆပ်ခိုင်းဖို့ရာ အချိန်(၁ဝ)နှစ်ပဲ လိုပါလိမ့်မယ်။
၃) ဘီလ်ကိတ်ရဲ့ ချမ်းသာမှုဟာ အမေရိကန်အစိုးရ စုထားတဲ့ ရွှေတန်ဖိုးရဲ့ ၃ဆဖြစ်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေတိုင်း လူတစ်ဦးကို ဒေါ်လာ၁၅ကျပ်နှုန်း ဝေခဲ့ရင်တောင် ဘီလ်ကိတ်မှာ လက်ကျန်ငွေ ဒေါ်လာ ၅ သန်း ကျန်ခဲ့နိုင်ပါသေးတယ်။
၎) မိုက်ကယ်ဂျော်ဒန်က ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားဖြစ်တယ်။ ဂျော်ဒန်ဟာ သူ့တစ်နှစ်ဝင်ငွေ သန်း၃ဝကို မစားမသောက်ဘဲ စုခဲ့ရင်တောင် နောင်နှစ်ပေါင်း (၂၇၇)နှစ်စုမှ ဘီလ်ကိတ်ရဲ့ လက်ရှိချမ်းသာမှုနဲ့ ညီမျှမှာဖြစ်တယ်။
၅) ဘီလ်ကိတ်ဟာ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုရင် သူဟာ နံပါတ် (၃၇)မြောက် အချမ်းသားဆုံးနိုင်ငံ ဖြစ်တယ်။ ဒါမှမဟုတ် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တယ်ဆိုရင် နံပါတ်(၁၃)မြောက် အမေရိကန်ရဲ့ အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ IBM ထက်တောင်ကြီးပါတယ်။
၆) ဘီလ်ကိတ်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ကျပ်တစ်ဒေါ်လာအဖြင့် လဲပြီး ရသမျှ ကျပ်တစ်ဒေါ်လာကို အထပ်ထပ် ထပ်လိုက်ရင် လကမ္ဘာကို အသွားအပြန် ၁၈ခေါက် ရနိုင်ပါတယ်။ ဒီကျပ်တစ်ဒေါ်လာကို ၇၁၃ ဘော်ရင်းဂျက်၊ ၇၄၇ လေယာဉ်နဲ့ မအိပ်မနေ နှစ်ပေါင်း ၁၄ဝဝ ကြာအထိ တင်ယူသယ်ဆောင်မှ ရနိုင်ပါလိမ့်မယ်။
၇) ဘီလ်ကိတ်အသက်(၄ဝ) ရှိပါပြီ။ အမေရိကန်ယောက်ျားတွေရဲ့ သက်တမ်းနဲ့ တွက်ချက်မယ်ဆိုရင် နောက်ထပ် ၃၅နှစ် သူအသက်ရှင် နိုင်ပါသေးတယ်။ သူ့ဝင်ငွေထဲက တစ်နေ့ကို ၆၇သိန်းသုံးမှ သူမသေခင် သူ့ငွေတွေကုန်မှဖြစ်ပါတယ်။
၈) တကယ်လို့ ကွန်ပြူတာ သုံးနေသူတွေရဲ့ဝင်းဒိုး တစ်ခါဟမ်းသွားတိုင်း သူ့ကုမ္ပဏီကို ၁ဒေါ်လာ အလျှော်တောင်းကြရင် သုံးနှစ်အတွင်းမှာ ဘီလ်ကိတ် ဆင်းရဲသွားနိုင်ပါတယ်။
ဘီလ်ကိတ် အသက်(၄ဝ)တုန်းက သူ့ပိုင်ဆိုင်မှုတွေကို တွက်ပြထားတဲ့ စာတစ်ပုဒ်လို့ ခန့်မှန်းမိပါတယ်။ အခုဘီလ်ကိတ် အသက်(၅၃) ရှိပါပြီ။ ဟိုတစ်လောက သတင်းစာထဲမှာ သူအငြိမ်းစားယူသွားပြီဆိုတဲ့ သတင်းကိုဖတ်လိုက်ရတယ်။ သူပိုင်ဆိုင်မှုအကြောင်း ဖတ်မိတာလေး မျှဝေလိုက်ပါတယ်…
http://nineninesanay.blogspot.com/ မှကူးယူဖော်ပြထားပါသည်
အဖြေ
ကျွန်တော်တို့ တစ်တွေ စာသင်ကျောင်းမှာ နှစ်ပေါင်းများစွာ စာမျက်နှာပေါင်းများစွာ လေ့လာခဲ့ကြတယ်။ အပေါင်း အနုတ်မှ အစပြုလို့  အဏုမြူဖော်မှုလာအထိ ကျက်မှတ်လေ့လာခဲ့ရတယ်။ စာသင်ကျောင်းက ထွက်လာကတည်းက ပေါင်းလိုက် မြှောက်လိုက် စားလိုက် နုတ်လိုက်နဲ့ တရက် ပြီးတရက် တမနက်ပြီး တမနက် ဖြတ်သန်းပြီးပြီ။
ပေါင်းပြီး၊မြှောက်ပြီးတိုင်း ကိုယ့်ဘ၀အတွက် ဘာအဖြေထွက်လဲလို့ မေးကြည့်မိတယ်။
…ပျော်ရွှင်ရပါသလား၊
….ကျေနပ်ရပါသလား။
…..ချစ်မြတ်နိုးတတ်ပါသလား။
ပညာတွေတတ်ပါတယ်ဆိုတဲ့ ကျွန်တော်တို့ တစ်တွေ
တိုက်ဝယ်၊ကားစီးနေတဲ့
ကျွန်တော်တို့ တစ်တွေ
….ပျော်ရွှင်ရပါသလား၊
….ကျေနပ်ရပါသလား။
…..ချစ်မြတ်နိုးခြင်းခံရပါသလား။
http://nineninesanay.blogspot.com က “လွယ်လွယ်လေးပါ ”တဲ့။
လွယ်လွယ်လေး
တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။
ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။
အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က “ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။
ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။
ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။
လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။
လူ့ဘ၀ရဲ့ လျှို့ဝှက်ချက်
လူ့ ဘ၀ ဆိုတာ ကျွန်တော်တို့ ရွေးချယ်နိုင်ခွင့်ရှိမယ်ဆိုရင် …
အောင်မြင်သော ဘ၀ ၊ပြည့်စုံသာယာသော ဘ၀ ကို ကျွန်တော်တို့ အားလုံး တညီတညွတ်တည်း ရွေးချယ်မှာပါ။
အကယ်၍
လူ့ ဘ၀ ဆိုတာ ကျွန်တော်တို့ ရွေးချယ်နိုင်ခွင့်မရှိခဲ့ဘူးဆိုရင်..
ဘယ်လိုဖြစ်လာမယ် မသိနိုင်တဲ့ လူဘ၀ကို
……………………………………………… ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲ။
……………………………………………… ကျွန်တော်တို့ ဘယ်လိုဖြတ်ကျော်မလဲ။
http://nineninesanay.blogspot.com/ မှ ကူးယူဖော်ပြထားပါသည်။
++++++++++++++++++++++++++++++++++++++++
လူ့ဘ၀ရဲ့ လျှို့ဝှက်ချက်
လွန်ခဲ့တဲ့ နှစ်(၃၀)ခန့်က လူငယ်တစ်ယောက်ဟာ တစ်နယ်တစ်ကျေးကို သွားရောက်ပြီး မိမိရှေ့ရေးတိုးတက်ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ မွေးရပ်မြေကို မခွာခင် ရွာက အဘိုးအိုတစ်ဦးဆီ သွားပြီး လမ်းညွှန်သင်ကြားပေးဖို့ တောင်းဆိုခဲ့တယ်။ အဘိုးအိုက သူ့ကို “မကြောက်နဲ့” ဆိုတဲ့ စာသုံးလုံးကို ရေးပေးပြီး “လူလေး.. လူ့ဘ၀ကို စာလုံး(၈)လုံးနဲ့ပဲ လျှို့ဝှက်ထားတယ်။ ဒီနေ့ အဘပြောပြတဲ့ (၃)လုံးကို လူလေး တစ်သက်လုံး မှတ်ထားပါ” လို့ ပြောလိုက်တယ်။
(၃၀)နှစ် လွန်ပြီးနောက် လူငယ်ကနေ လူကြီးပိုင်းဖြစ်လာတဲ့ သူက အတော်အသင့် တိုးတက် အောင်မြင်လာတဲ့နည်းတူ စိတ်ပျက် ၀မ်းနည်းစရာတွေကိုလည်း ကြုံတွေခဲ့ရတယ်။ မွေးရပ်မြေဆီ သူတစ်ခေါက်ပြန်တော့ အဘိုးအိုကို သွားရှာခဲ့ပြန်တယ်။ ဒါပေမယ့် အဘိုးအိုက ကွယ်လွန်သွားခဲ့ပါပြီ။ “ခင်ဗျား နောက်တစ်ခေါက် ထပ်လာမယ်ဆိုတာသိလို့ အဘိုးက ဒီစာကို ထားခဲ့ပါတယ်” ဆိုပြီး လူတစ်ယောက်က သူ့ကို စာတစ်စောင် ထုတ်ပေးလိုက်တယ်။ လူ့ဘ၀ရဲ့လျှို့ဝှက်ချက် စာလုံး(၈)လုံးထဲက တစ်ချို့သာ သူသိရသေးတဲ့အတွက် စာကို သူဖောက်ကြည့်လိုက်တယ်။ စာထဲမှာ “နောင်တမရနဲ့” ဆိုတဲ့ စာငါးလုံးကို သူတွေ့လိုက်တယ်။
လူ့ဘ၀ရဲ့ လျှို့ဝှက်ချက်… ငယ်ရွယ်ချိန်မှာ တစ်ခုခုသင်ဖို့၊ လုပ်ဖို့ “မကြောက်နဲ့”၊ အိုမင်းချိန်မှာ ကိုယ်လုပ်ခဲ့သမျှအတွက် “နောင်တမရနဲ့”
ဘ၀တန်ဖိုး
မနေ့ကဖြစ်ခဲ့တဲ့ ကံမကောင်းခြင်းတွေနဲ့ မနက်ဖြန်ရဲ့ စိတ်ကူးအိပ်မက်ကို အရောင်မဆိုးလိုက်နဲ့။
ဟောပြောပွဲတစ်ခုမှာ နာမည်ကြီးဟောပြောဆရာတစ်ဦးက ဟောပြောပွဲ မစခင်မှာ လက်ထဲက ဒေါ်လာ၂၀ကို ကိုင်မြှောက်လိုက်တယ်။ ပြီးတော့ အယောက် ၂၀၀ကျော် ပရိသတ်တွေကို “ဒီဒေါ်လာ ၂၀ကို ဘယ်သူလိုချင်သလဲ“ လို့ မေးလိုက်တော့ လူတိုင်းက သူယူမယ်၊ ကိုယ်ယူမယ်နဲ့ လက်တွေ ထောင်လိုက်ကြတယ်။
“ဒီ ပိုက်ဆံကို ပရိသတ်ထဲက တစ်ယောက်ယောက်ကို ပေးဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ မပေးခင် ကျွန်တော့်ကို တစ်ခုလုပ်ပိုင်ခွင့်ပေးပါ” ဆိုပြီး ပိုက်ဆံကို လုံးချေပစ်လိုက်တယ်။ နောက် “ကဲ.. ဘယ်သူလိုချင်သေးလဲ” လို့ မေးပြန်တယ်။ လူတွေက ယူဖို့ လက်ထောင်ကြတယ်။
“ကောင်းပြီ.. ပိုက်ဆံကို ဒီလိုလုပ်လိုက်ရင်ကော ယူချင်တဲ့လူတွေ ရှိကြသေးလား” လို့ ပြောပြောဆိုဆို ပိုက်ဆံကို ပစ်ချပြီး နင်းချေလိုက်ပြန်တယ်။ ညစ်ပတ်တွန့်ကြေနေတဲ့ ပိုက်ဆံကို ကိုင်မြှောက်ပြီး ယူမလားလို့ မေးတော့ လူတွေက ယူဖို့ လက်ထောင်ကြတုန်းပါပဲ။
ဆရာက “ မိတ်ဆွေတို့… ကျွန်တော် ဒီလိုလေး လုပ်ပြလိုက်တာနဲ့ အကျိုးရှိတဲ့ သင်္ခန်းစာတစ်ခု ခင်ဗျားတို့ ရသွားပါပြီ။ ဒီပိုက်ဆံကို ကျွန်တော်ဘယ်လိုလုပ်လုပ် ခင်ဗျားတို့ လိုချင်နေခဲ့တယ် မဟုတ်လား..? ကြွေမွအောင် လုံးချေသည်ဖြစ်စေ၊ ညစ်ပတ်အောင် နင်းချေသည်ဖြစ်စေ ဒေါ်လာ ၂၀ ဟာ ဒေါ်လာ ၂၀ ပါပဲ။ သူ့တန်ဖိုးဟာ လုံးဝ ပြောင်းလဲမသွားဘူး”
“လူ့ဘ၀မှာလည်း ဒီလိုပဲ.. ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက် မပြီးမြောက်ခဲ့ရင် ဒါမှမဟုတ် လောကဓံရဲ့ ထိုးနှက်ချက်ကြောင့် အလဲလဲ အပြိုပြိုဖြစ်ခဲ့ပါစေ။ ပတ်ဝန်းကျင် ဖိနှိပ်မှုကို ခံရတဲ့အခါ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို တစ်ပြားမှ မတန်ဘူး။ လုံးဝ မသုံးမကျဘူးလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာဘဲဖြစ်လာဖြစ်လာ ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်တော်တို့ဟာ ကိုယ့်တန်ဖိုးနဲ့ကိုယ် ရှိပြီးသားပါ။ လူတွေရဲ့ အမြင်မှာ ခင်ဗျားတို့ဟာ ညစ်ပတ်နေသည်ဖြစ်စေ၊ သန့်ရှင်းစင်ကြယ်နေသည်ဖြစ်စေ၊ အ၀တ်အစားတွေ ဆုတ်ပြတ်နေသည်ဖြစ်စေ ခင်ဗျားတို့ရဲ့ ဘ၀တန်ဖိုးဟာ ဘယ်တော့မှ ပြောင်းလဲ မသွားဘူး”
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
http://nineninesanay.blogspot.com/
ဒေါသထွက်သောအခါ . . (၂)
အရင်အပါတ်က ဒေါသထွက်သောအခါ (၁) ကို တင်ပြခဲ့တယ်။ အခုအခါ ကျွန်တော် နှစ်သက်တဲ့ blog http://nineninesanay.blogspot.com/ ကနေ ဒေါသထွက်တဲ့အခါ… ဆိုတဲ့ post တစ်ခုကို အခုလို မျှဝေပေးပါတယ်။
နာမည်ကြီး စီးပွါးရေးသမားတစ်ဦးဟာ စီးပွါးရေးလောကမှာ နာမည်ပျက်လုံးဝ မရှိခဲ့တဲ့အပြင် စီးပွါးကျပ်တည်းတဲ့ခေတ်မှာ သူ့လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ခဲ့တယ်။ ဘာအမှားမှ လွန်လွန်ကျူးကျူး မပြုလုပ်ခဲ့မိလို့ သူ့လုပ်ငန်းက တစ်နေ့ထက်တစ်နေ့ ကောင်းမွန်ခဲ့တယ်။
နှစ်ကြာလို့ ပင်စင်ယူချိန်ရောက်တော့ နှုတ်ဆက်ညစာစားပွဲမှာ သတင်းထောက်တွေက သူ့ကို စီးပွါးရေးလောကမှာ နှစ်အတော်ကြာ အောင်မြင်မှုသရဖူဆောင်းထားနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကို မေးမြန်းကြတယ်။
သူက ရီရီမောမောနဲ့ “ကျွန်တော့်မှာ ဘာလျို့ဝှက်ချက်မှ မရှိပါဘူး။ အရာရာမှာ ကျွန်တော်အဆင်ပြေခဲ့ ရတာက စိတ်တိုဒေါသထွက်တဲ့အချိန်မှာစကားနည်းနည်းပဲ ပြောမယ်၊ ဆုံးဖြတ်ချက် သိပ်မချဘူးဆိုတာကို ကျွန်တော် နားလည်ခဲ့လို့ဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းမှာ အမှားတွေနည်းခဲ့တာဖြစ်တယ်”
စကားတိုတိုလေး တစ်ခွန်းတည်းမှာ ကျွန်မအတွက် အရေးပါတဲ့ သင်္ခန်းစာတစ်ခုကို ရလိုက်တယ်။ သူ့စကားကို နားထောင်ပြီး ကျွန်မဒေါသထွက်တဲ့အချိန်မှာ လုပ်တတ်၊ တွေးတတ်၊ ဆုံးဖြတ်တတ်တာနဲ့ တစ်ခြားလူအပေါ်ထားတဲ့ စိတ်သဘောထားတွေကို ပြန်စဉ်းစားကြည့်မိတယ်။ အားလုံးကို ခြုံကြည့်လိုက်တော့ “စိတ်တိုဒေါသထွက်တဲ့ အချိန်မှာ ဦးနှောက်အသိဥာဏ်က ငါးနှစ်သား ကလေးအရွယ်ပဲ ရှိတယ်” ဆိုတဲ့ အဖြေကို ကျွန်မရလိုက်တယ်။
တွေးခေါ်မှု မရင့်ကျက်တဲ့အခါ လူတွေဟာ ထိတွေ့ခံစားတဲ့စိတ်(emotion)ကို မထိန်းနိုင်ဖြစ်တတ်တယ်။ စကားအပြောအဆို မဆင်ခြင်တာ၊ ကိုယ်အမှုအရာ မထိန်းချုပ်နိုင်တာတွေက ၅နှစ်သားကလေးလို ဖြစ်နေတယ်။
လူတစ်ယောက်ဟာ စိတ်တိုဒေါသထွက်ချိန်မှာ သူ့ရဲ့ အသိဥာဏ်၊ EQ၊ အမှုအရာ.. စတာတွေက “ယုတ်ညံ့” သွားတတ်တယ်။ ပြောထွက်လိုက်တဲ့စကား၊
ပြုမှုလိုက်တဲ့ အပြုအမှု၊ လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေ “အမှား” ဖက်ကိုပဲ ဦးတည်နေတတ်တယ်။ ဒါကြောင့် ခုနားက စီးပွါးရေးသမား ပြောခဲ့သလို ဒေါသထွက်တဲ့အချိန်မှာ စကားကို နည်းနိုင်သမျှ နည်းနည်းပဲပြောပြီး ဆုံးဖြတ်ချက်ကို အလျှင်စလို မချတာက အကောင်းဆုံးပဲဖြစ်တယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
သင်ဒေါသထွက်တဲ့အခါ
မလှပသော စကားတစ်ခွန်းကြောင့် လူတစ်ယောက် ဘ၀ကို ဆိုးဝါးစွာ ပြောင်းလဲခဲ့တယ် ဆိုရင်။
”ဘာမှ မဖြစ်နိုင်ပါဘူးလို့ ” ကိုယ်ကိုယ့်ကို ဆင်ခြင်ပေးပြီး ကိုယ့်အလိုဆန္ဒကို အလိုလိုက်ခဲ့လို့  ကိုယ့်အပေါ် အစစအရာရာ ကောင်းမွန်စွာစောင့်ရှောက်ခဲသော လူတစ်ယောက်ရဲ့ ဘ၀မှာ အိမ်မက်ဆိုးတွေ ပြည့်နှံ့ သွားခဲ့တယ် ဆိုရင်။
ကျွန်မ. . . သူခိုး
တစ်ခါက လေယာဉ်ကွင်း တစ်ခုမှာပါ….
ကျွန်မစီးမဲ့ လေယာဉ် ထွက်ခွာဖို့ ၂ နာရီလောက် လိုနေသေးတာနဲ့ ကျွန်မလဲ ဆိုင်တစ်ဆိုင်ထဲ ၀င်ပြီး စိတ်ကြိုက် စာအုပ်တစ်အုပ်နဲ့ မုန့်တစ်ထုပ် ၀ယ်ပြီး ခုံတစ်ခုံမှာ စာထိုင်ဖတ်နေလိုက်တယ်။ စာအုပ်ထဲ အာရုံစိုက် ခေါင်းနစ်ပြီး ဘယ်လောက်ကြာကြာ ဖတ်နေမိလဲ မသိဘူး။ ကျွန်မဘေးမှာ ထိုင်နေတဲ့ လူဟာ ကျွန်မရဲ့ ခွင့်ပြုချက် မပါဘဲ ကျွန်မနဲ့ သူ့ကြားက ခုံပေါ်မှာတင်ထားတဲ့ မုန့်ကို ယူစားနေတာကို သတိပြုမိလိုက်တယ်။ ကျွန်မလဲ လူတွေရှေ့မှာ သူ အရှက်ရမှာစိုးတာနဲ့ မသိဟန်ဆောင်နေလိုက်တယ်။ စာဆက်ဖတ်လိုက် မုန့််စားလိုက်နဲ့ သူ့ကို ကျွန်မ မသိမသာ စောင်းငဲ့ကြည့်နေခဲ့တယ်။ အချိန် တရွေ့ရွေ့ ကုန်သွားသလို မုန့်တွေလဲ တစ်ချပ်ပြီး တစ်ချပ် သူ့ပါးစပ်ထဲ ၀င်ဝင်သွားခဲ့တယ်။ ကျွန်မ စိတ်တိုလာပါတယ်။
“ငါသာ ခွင့်လွှတ်စိတ် မရှိရင် ဒီမုန့်ခိုးစားတဲ့လူတော့ လူတွေကြားမှာ အရှက်ကွဲတော့မှာပဲ” လို့ တွေးလိုက်တယ်။ ကျွန်မတစ်ချပ်နှိုက်စားတိုင်း သူလဲတစ်ချပ် လိုက်နှိုက်စားနေတယ်။ နောက်ဆုံးတစ်ချပ်ပဲ ကျန်တော့ သူဘာ လုပ်မလဲလို့ ကျွန်မကြည့်နေလိုက်တယ်။ ကျွန်မ ကြည့်နေတာမြင်တော့ သူဟာ အရမ်းရိုးသားတဲ့ အပြုံးမျိုး တစ်ချက် ပြုံးလိုက်တယ်။ အဲဒီနောက် မုန့်ကို ယူပြီး ထက်ဝက်ခြမ်းလိုက်တယ်။ ကျွန်မကို တစ်ခြမ်း ကမ်းပေးပြီး ကျန်တစ်ခြမ်းကို သူ စားနေလိုက်တယ်။ သူကမ်းပေးတဲ့ မုန့်တခြမ်းကို ဆတ်ခနဲ ကျွန်မ ဆွဲယူလိုက်ပြီး စိတ်ထဲမှာလဲ…
“ဟင်း…ဒီလူက ဘာသဘောလဲ…ခွင့်မတောင်းဘဲ လူများမုန့်ကိုလဲ ယူစားသေးတယ်။ ကျေးဇူးတင်ပါတယ် လို့တောင် တစ်ခွန်းမှ မပြောပါလား” လို့ တွေးလိုက်မိတယ်။
အဲဒီအချိန်မှာပဲ အသံချဲ့စက်ကနေ ကျွန်မစီးမဲ့ လေယာဉ်ပေါ် တက်နိုင်ပြီဖြစ်ကြောင်း ကြေညာနေတာနဲ့ ကျွန်မလဲ ပစ္စည်းတွေယူပြီး အပေါက်ဝမှာ သွားတန်းစီနေလိုက်တယ်။ ကျွန်မမုန့်ကို ယူစားတဲ့ ဟို ကျေးဇူးကန်း လေးကိုတော့ လှည့်တောင် မကြည့်ခဲ့ပါဘူး။ လေယာဉ်ပေါ်ရောက်တော့ ကိုယ့်နေရာမှာ အကျအနထိုင်ပြီး ကျွန်မ စာအုပ်ဆက်ဖတ်မလို့ အိတ်ထဲကို လက်အနှိုက်မှာ ..ဘုရားရေ…လက်ကို ဖြတ်ခနဲ ဆွဲအထုတ်… ဖောက်တောင် မဖောက်ရသေးတဲ့ မုန့်ထုပ်လေးတစ်ထုပ် တင်းတင်းဆုတ်ထားမိတဲ့ ကျွန်မလက်ထဲမှာ ပါလာခဲ့တယ်။
ဒါဟာ ကျွန်မရဲ့ မုန့်ထုပ်လား…. ဒါဆိုရင် အခုနားစားနေတာက သူ့မုန့်ပေါ့။ စာအုပ်ထဲ အာရုံရောက်နေလို့ သူ့ မုန့်ကို ကျွန်မနှိုက်စားမိတာပေါ့။ ဒါကို သူက အပြုံးမပျက် နောက်ဆုံးကျန်နေတဲ့ တစ်ချပ်ကိုတောင် ခွဲဝေ ပေးခဲ့သေးတယ်။ ကျွန်မ အမှားကို သိလိုက်ချိန်မှာတော့ တောင်းပန်ဖို့ နောက်ကျသွားခဲ့ပါပြီ။
လေယာဉ်ဟာ တိမ်တွေကို ဖြတ်ပြီး အမြင့်ကို တဖြေးဖြေး ပျံတက်နေတယ်။ တိမ်ထူထူတွေကို ငေးကြည့်ရင်း ကျွန်မစိတ်တွေ လေးလံလို့လာတယ်။ ကျေးဇူးကန်းပြီး မုန့်ခိုးစားတဲ့ လူဟာ ကိုယ့် ကိုယ်တိုင် ဖြစ်နေပါ ပေါ့လား. လူတွေ ပြောပြောနေတဲ့ “သူခိုးက လူပြန်ဟစ်”ဆိုတာ ဒါမျိုးပဲလား။
လူတော်တော်များများဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူစိမ်းတွေကို သံသယစိတ်နဲ့ မယုံသင်္ကာ ကြည့်တတ်ကြတာ အခုခေတ်မှာ အကျင့်တခုလို ဖြစ်နေခဲ့တယ်။ အ၀တ်အစား၊ ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီး တစ်ခါတလေ ကိုယ့်ကို ရိုးရိုးသားသားနဲ့ ကူညီမဲ့ မျက်နှာစိမ်းတွေကိုတောင် သူ့ရဲ့ ထောင်ချောက်ထဲ ၀င်မိနေမလားလို့ သံသယ ဖြစ်တတ်သေးတယ်။ အဲဒီလို တစ်ခြားသူကို သံသယစိတ် ၀င်နေတဲ့အချိန်မှာ သူ့ရဲ့စေတနာနဲ့ ရိုးသားမှုကို အထင်မှားလိုက်မိပြီလားလို့ တစ်ဆက်ထဲ ကျွန်မ တွေးခဲ့မိပါရဲ့လား….
Article Courtesy: Nine Nine Sanay
လက်ထဲက လိမ္မော်ချို
မိဘမဲ့ကျောင်းက ကြီးပြင်းလာခဲ့တဲ့ လူငယ် တစ်ယောက်က သူတွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံကို ဒီလိုပြောပြသွားခဲ့ တယ်။
ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘတွေ ဆုံးပါးသွားခဲ့လို့ ကျွန်တော် ၉နှစ်သားအရွယ်မှာ လန်ဒန်မြို့က မိဘမဲ့ ကျောင်းတစ်ကျောင်းမှာ သွားနေခဲ့ရတယ်။ မိဘမဲ့ကျောင်းလို့သာဆိုတယ် ထောင်နဲ့မကွာလှဘူး။ နေ့အချိန်မှာ ကျွန်တော်တို့ ၁၄နာရီလောက် အလုပ်လုပ်ရတယ်။ ပန်းခြံမှာ စိုက်ပျိုးရတယ်။ မီးဖိုမှာ ကူရတယ်။ တစ်ခါတလေ လယ်တွေ ထွန်ယက်ရတယ်။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ရဲ့ ဘ၀ မပြောင်းလဲခဲ့ဘူး။ တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲ ရှိတယ်။ အဲဒီနေ့က ခရစ်စမတ်နေ့ပဲ။ အဲဒီနေ့မှာ ဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်း လိမ္မော်သီး တစ်လုံးစီရကြတယ်။ ခရစ်စမတ်မှာ ကျွန်တော်တို့ အတွက် အစားအသောက်ကောင်းတွေ မရှိဘူး… ကစားစရာ အရုပ်မရှိဘူး… ကျွန်တော်တို့ရဲ့ ဝေစုဟာ လိမ္မော်သီး တစ်လုံးပဲဖြစ်တယ်။ တစ်နှစ်ပတ်လုံး အမှား မကျူးလွန်တဲ့သူ၊ ပြောသမျှ စကားကို နားထောင်ပြီး လိမ္မာတဲ့သူမှ လိမ္မော်သီးကို ရတယ်။ ဒါကြောင့် ခရစ်စမတ်ရဲ့ လိမ္မော်သီးဟာ ကျွန်တော်တို့ တစ်နှစ်ပတ်လုံးရဲ့ မျှော်လင့်ချက် ဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ခရစ်စမတ် ပွဲတော်ရက် တစ်ရက်ရောက်လို့လာပြန်တယ်။ အဲဒီရက်က ကျွန်တော့် အတွက် ကမ္ဘာပျက်တဲ့ နေ့ပဲ…. ကလေးတွေ အားလုံး လိမ္မော်သီးရဖို့အတွက် ကျောင်းအုပ်ကြီးရှေ့ တန်းစီနေချိန်မှာ ကျွန်တော်က အခန်းရဲ့ ထောင့်တစ်နေရာမှာ အပြစ်ပေးတာခံနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ် နွေတုန်းက ကျောင်း ကနေ ကျွန်တော်ထွက်ပြေးဖို့ ကြိုးစားခဲ့မိလို့ပဲ။ လိမ္မော်သီးရတဲ့ ကလေးတွေ ခြံထဲ ကစားခွင့်ရတဲ့ အချိန်မှာ ကျွန်တော်က အိပ်ခန်းထဲမှာ တစ်နေကုန် လဲလျောင်းနေရတယ်။ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်။ အရမ်းလဲ ရှက်မိတယ်။ ရှိုက်သံတွေကို မျိုသိပ်ရင်း ကျွန်တော် မျက်ရည်ကျမိတယ်။ ဒီလောကမှာ ကျွန်တော် အသက်ရှင် နေတာ ဘာအဓိပ္ပါယ်မှ မရှိခဲ့ဘူး။
တအောင့်ကြာတော့ ကျွန်တော့်အခန်းထဲ ၀င်လာတဲ့ ခြေသံကို ကျွန်တော် ကြားမိလိုက်တယ်။ ကျွန်တော့် ကိုယ်နဲ့ လုံးထွေးနေတဲ့ စောင်ကို လက်တစ်ဖက်က ဆွဲလှန်လိုက်တာကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော် မျက်စိကို ဖွင့်ကြည့်လိုက်တော့ ၀ီလီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ကုတင်ရှေ့မှာ ရပ်နေတာကို တွေ့လိုက်တယ်။ သူ့ ညာဖက်လက်မှာ ဆုပ်ကိုင် ထားတဲ့ လိမ္မော်သီး ကျွန်တော်ကို ကမ်းပေးနေတယ်။ သူ့ ဆီမှာ ဘယ်လိုလုပ်ပြီး လိမ္မော်သီး တစ်လုံးပိုနေရတာလဲ… ကျွန်တော် နားမလည်ခဲ့ဘူး…. ၀ီလီကို ကြည့်လိုက် လိမ္မော်သီးကို ကြည့်လိုက်နဲ့ ကျွန်တော် ဇဝေဇ၀ါဖြစ်နေမိတယ်။
ဝီလီက လက်ကို ရှေ့တိုးပြီး ထပ်ကမ်းပေးလာပြန်တယ်။ အခွံနွှာထားတဲ့ လိမ္မော်သီးကို သေချာကြည့်လိုက်မိမှ အရာရာကို ကျွန်တော် သဘောပေါက်သွားတော့တယ်။ ကျွန်တော် မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလို့ လာပြန်တယ်။ ၀ီလီကမ်းပေးလာတဲ့ လိမ္မော်သီးကို လက်နှစ်ဖက်နဲ့ ကျွန်တော် တယုတယ ယူလိုက်တယ်။ နို့မဟုတ်ရင် လိမ္မော်သီးတွေ အစိပ်စိပ် အမွှာမွှာ ကွဲကုန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေစုရတဲ့ ကလေးဆယ်ယောက်က ဒီခရစ်စမတ်မှာ ကျွန်တော်ကိုလည်း လိမ္မော်သီးတစ်လုံး ပိုင်ဆိုင်စေချင်တဲ့ ဆန္ဒနဲ့ သူတို့ဝေစုထဲက လိမ္မော်သီး တစ်စိပ်စီကိုယူပြီး လိမ္မော်သီး တစ်လုံးဖြစ်အောင် ပေါင်း လိုက်တာပဲဖြစ်တယ်။ ကျွန်တော့်ဘ၀မှာ အဲဒီ လိမ္မော်သီးဟာ အချိုဆုံး၊ အကောင်းဆုံး ခရစ်စမတ် လက်ဆောင် ဖြစ်ခဲ့တယ်။ သူတို့ရဲ့ စစ်မှန်တဲ့ သူငယ်ချင်းပီသမှုကို ကျွန်တော်ခံစားလိုက်ရတယ်။
သူငယ်ချင်း မိတ်ဆွေဆိုတာ ဘ၀မှာ အဖိုးတန်တဲ့ အပေါင်းအဖော်တွေပါ။ မတော်တဆ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းနဲ့ အပြုအမှုအတွက် သင် စိတ်ထိခိုက်နေသလား… သင့်လက်ထဲက လိမ္မော်ချိုလေး တစ်စိပ်ကို မျှဝေလိုက်ပါ….. နှလုံးသားရဲ့ ရီမောသံတွေကို သင် ပြန်ကြားပါလိမ့်မယ်။
Essay Courtesy – Ms. Nine Nine Sanay