Category Archives: အက်ဆေးများ

တတ်တူး ယဉ်ကျေးမှု

အတိတ်သမိုင်းကို ပြန်လှည့်လျှင် တတ်တူးကို ရဲစွမ်းသတ္တိရှိသောသူများနှင့် ရာဇ၀တ်ပြစ်မူကျူးလွန်သော သူများကိုသာ လူပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ရွေးချယ်ပြိး ထိုးခွင့်ပြုခဲ့ပေမယ့် – အခုအချိန် သက္ကရာဇ် ၂၀၀၀ အလွန်မှာတော့ တက်တူး ယဉ်ကျေးမှုသည် ပိုမို ကျယ်ပြန့် လာခဲ့သည်။

လူတဦးချင်းစီ၏ လွတ်လပ်ခွင့် ပိုမိုရရှိလာသည်နှင့်အမျှ တက်တူးထိုးရခြင်း ရည်ရွယ်ချက်တို့ မှာ တဆင့်ချင်း ပြောင်းလဲလာခဲ့သည်။

အစောပိုင်း အချိန်တုန်းက အရပ်ဒေသတစ်ခု အတွက်၊ အကြောင်းအရာတစ်ခု အတွက်၊ အောင်မြင်မှုတစ်ခုအတွက် ဂုဏ်ပြု မှတ်တမ်းလိုသော ရည်ရွယ်ဖြင့် တက်တူးကို အမျိုးသားများ လွတ်လပ်စွာ ထိုးလာခဲ့သည်။

ယခု အချိန်ကာလမှာ -တတ်တူးယဉ်ကျေးမှုသည် တဖြည်းဖြည်း ကျယ်ပြန့် လာခဲ့သည်။
အနုပညာရှင်များ၏ တက်တူး အလှကို လူအများကြည့်ရှုရင်း တက်တူးသည် လူအများနှင့် သက်ဆိုင်သော အလှအပ အပြင်အဆင်တစ်ခုဖြစ်လာခဲ့သည်။

အထူးသဖြင့် မိမိလှပသော ခန္ဓာကိုယ် အလှအပကို ဖော်ထုတ်ပြသလေ့ရှိသော အသက် ၂၀ မှ  ၄၀ အတွင်း အမျိုးသား၊ အမျိုးသမီးတို့ ၏အတွေးစိတ်ကူးထဲတွင် “ဘာမှ မပါ အလွတ်သက်သက် ပြထားတာတက်စာရင် တက်တူးအလှနှင့်ဆို ပိုမို ဆွဲဆောင်မှုရှိလာမှာပဲ ” ဟူသော အယူအဆများ ၀င်ရောက်လာတာ မထူးဆန်းတော့ပါ။
Continue reading တတ်တူး ယဉ်ကျေးမှု

ခွက်ပဲ့လေး တစ်လုံး

ဒီပုံပြင်ကို အင်္ဂလိပ်လို ဖတ်ဖူးသူလည်း ရှိကြပါလိမ့်မယ်။
မြန်မာလိုဘာသာပြန်ဖူးသူလည်း ရှိကောင်းရှိမယ်။ ခပ်ဆင်ဆင် ဇာတ်လမ်းမျိုးလည်းရှိလိမ့်မယ်။ ဒါပေမယ့် ကျွန်မဖတ်ဖူးတာလေးကို ရင်ဘတ်နဲ့ထပ်တူ ပြန်ခံစား လိုက်ပါတယ်။

အဘွားအိုတစ်ဦးဟာ တုန်ချည့်ချည့်လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ်။
Continue reading ခွက်ပဲ့လေး တစ်လုံး

မျောက်တစ်အုပ်နဲ့ ဦးထုပ်သည်

တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကိုသွားရောင်းတယ်….။
ဦးထုပ်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီးထမ်းလာတယ်…။
နေပူလို့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ်…။ လမ်းတစ်ဝတ်မှာညောင်ပင်ကြီးတစ်ပင်အောက်သူရောက်လာတယ်…။
ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။
ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..။
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်း သူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့ သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး..။
Continue reading မျောက်တစ်အုပ်နဲ့ ဦးထုပ်သည်

ရွေးချယ်ခွင့်

သူ့ကို အီတလီ ပေါင်မုန့်ဖုတ်ဆရာတစ်ဦးမှ မွေးဖွားခဲ့တယ်။ ဖခင်က အော်ပရာကြိုက်နှစ်သက်သူဖြစ်ပြီး သူ့အတွက် နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းခွေကို အမြဲ ဝယ်လာပေးတတ်တယ်။ သီချင်းတွေ အမြဲနားထောင်ဖြစ်ခဲ့လို့ ငယ်ငယ်ကတည်းက သီချင်းဆိုတာကို သူဝါသနာပါခဲ့တယ်။

အသက်အရွယ် ကြီးပြင်းလာချိန်ထိ သီချင်းဆိုတာကို သူစွဲစွဲမက်မက် တပ်မက်နေခဲ့တယ်။ ဒါပေမယ့် ကလေးတွေကို သူချစ်တယ်။ ကျောင်းဆရာကောင်းတစ်ဦး ဖြစ်ဖို့လည်း သူမျှော်မှန်းထားခဲ့တယ်။ ဒါကြောင့် ဆရာအတတ်သင်ကျောင်းတက်ရင်း Arrigo Pola လို့ခေါ်တဲ့ အဆိုတော်ဆီမှာ သူတပည့်ခံခဲ့တယ်။

ကျောင်းပြီးတဲ့အချိန် သူက ဖခင်ကို “ကျောင်းဆရာနဲ့ အဆိုတော် ကျွန်တော်ဘာကိုရွေးသင့်သလဲ ဖေဖေ”လို့ မေးခဲ့တယ်။

ဖခင်က လေးလေးနက်နက်နဲ့ “တကယ်လို့ ထိုင်ခုံနှစ်လုံးကို သားတစ်ပြိုင်ထဲထိုင်ခဲ့ရင် ထိုင်ခုံနှစ်လုံးကြားထဲ သားပြုတ်ကျသွားလိမ့်မယ်။ ဒါကြောင့် ထိုင်ခုံတစ်လုံးကိုပဲ သားသေချာရွေးရလိမ့်မယ်” လို့ ဖြေခဲ့တယ်။

အဖေ့စကားကို နားထောင်ပြီး ကျောင်းဆရာအလုပ်ကို သူရွေးခဲ့တယ်။ စာသင်ရင်း ကျောင်းဆရာအလုပ်မှာ သူမဖြစ်ထွန်းနိုင်မှန်း သိခဲ့လို့ ကျောင်းကိုကျောခိုင်းပြီး သီချင်းဆိုဖို့ သူရွေးခဲ့ပြန်တယ်။ Continue reading ရွေးချယ်ခွင့်

ဖျော်ဖြေသူနှင့် ပွဲကြိုက်သူ

ဒီပန်းချီကားရဲ့ဖန်တီးသူကို ကျွန်တော်မသိပါဘူး။
ဒီပန်းချီကားရဲ့အမည်ကိုလည်း ကျွန်တော်မသိပါဘူး။
ကျွန်တော်ဒီပန်းချီကားကို အမည်တစ်ခုပေးလိုက်မိသည်- ဖျော်ဖြေသူနှင့် ပွဲကြိုက်သူ

အစက အနုပညာရှင်နှင့် ပရိသတ်လို့  အမည်ပေးမည့်စဉ်းစားပြီးမှ စိတ်ပြောင်းသွားခဲ့သည်။
အနုပညာရှင်တို့ သည် ပရိသတ်နှင့် အားပြိုင်ခြင်းမျိုးရှိခဲ့သလား။
အနုပညာရှင်နှင့် ပရိသတ်အကြားမှာ ဆက်သွယ်မှုရှိသော်လည်း ၊ ဒီဆက်သွယ်မှုသည် အားပြိုင်မှု တစ်ခုတော့မဟုတ်ပါဘူး။

ဘာကြောင့် အားပြိုင်မှုမဟုတ်ပါ လို့ ပြောနိုင်ရသလဲ။
Continue reading ဖျော်ဖြေသူနှင့် ပွဲကြိုက်သူ

ဘိန်းစားသံသရာ

ဆရာကောင်းသန့်စီစဉ်သော Youth လူငယ် Magazine Vol:3, No.6, June 2008 မှ ဆရာဦးအောင်သင်း၏ စမ်းကြည့်ဖူးသလား ကို မှီငြမ်းပါသည်။

ကျွန်တော်၏ဆရာ တောင်တွင်းကြီးသခင်ကျော်စိန် ပြောခဲ့ဖူးသည့် စကားလေးတွေ၊ အကြောင်းအရာလေးတွေကို ကျွန်တော်မကြာခဏ သတိရမိတတ်သည်။ သခင်ကျော်စိန်သည် လူပေါင်းစုံနှင့်ပေါင်းသည်။ သူ့အပေါင်းအသင်းများထဲတွင် အရက်သမားလည်းပါသည်။ ဖဲသမားလည်းပါသည်။ ဘိန်းစားလည်းပါသည်။ ဘုရားဒကာလည်းပါသည်။ ကုန်သည်ပွဲစားလည်းပါသည်။
ယခုကျွန်တော်ရေးချင်သည်က သူပြောပြခဲ့ဖူးသော ထိုခေတ် သူ့ပတ်ဝန်းကျင်က ဘိန်းစားတွေ၏ သဘာဝဖြစ်ပါသည်။ သူ့သူငယ်ချင်းအကြောင်းပဲဖြစ်ပါသည်။
Continue reading ဘိန်းစားသံသရာ

အေးစက်သွားသော ကော်ဖီ တစ်ခွက်…

တင်း…. တောင်
တံခါးဝတွင် ချိတ်ထားသော ဧည့်ကြို ခေါင်းလောင်းလေး မြည်လာပြန်သည်။ သားသားနားနား ၀တ်ဆင်ထားသော အသက်(၃၀)ခန့် လူရွယ်တစ်ဦး ကော်ဖီနံ့ သင်းပျံ့နေသော ဆိုင်ထဲသို့ ၀င်လာသည်။

“ကောင်းသော ညနေခင်းပါရှင်”

ဆိုင်ရှင်က တရင်းတနှီး ကြိုဆိုလိုက်သည်ကို ခေါင်းညိတ်ပြုံးပြရင်း ဘားကောင်တာ ရှေ့တွင် သူဝင်ထိုင်လိုက်သည်။

“ကျေးဇူးပြုပြီး ကာပူချီနို တစ်ခွက်လောက် ပေးပါ”
“ကောင်းပါပြီ”
သူမပြန်ဖြေရင်း ကော်ဖီစေ့များကို ကြိတ်ပြီး ကျိုလိုက်သည်။ သူမကော်ဖီကျိုနေပုံမှာ သူ့အတွက် လှပသော ပုံရိပ်များ လှုပ်ရှားနေသည့်အလား ပြုံးပြုံးလေး ထိုင်ကြည့်နေမိသည်။

“ကျေးဇူးပြုပြီး သုံးဆောင်ပါရှင်”
သူမ လာချပေးသည့် မွေးကြိုင်နေသော ကော်ဖီကို သူတစ်ငုံ့သောက်လိုက်သည်။

“ဒါ ပထမဆုံး အကြိမ်လားရှင်”
“ဟုတ်ပါတယ်”
“ကျွန်မတို့ဆိုင် အပြင်အဆင် ဘယ်လိုနေလဲ”
“မဆိုးပါဘူး ကျွန်တော်ကြိုက်ပါတယ်” ဆိုင်ထဲကို တစ်ချက်ဝှေ့ကြည့်ရင်း သူပြန်ဖြေလိုက်သည်။

“ကျွန်မလည်း ဒီကော်ဖီဆိုင်ကို အရမ်း သံယောဇဉ်ဖြစ်မိတယ်။ စီးပွားရေး မကောင်းပေမဲ့ ကျွန်မနဲ့ ကျွန်မအမျိုးသားက ဆိုင်ကို မပိတ်လိုက်ချင်ဘူးလေ”

“အင်း” သူခေါင်းညိတ်ပြရင်း ကော်ဖီကို သောက်လိုက်ပြန်သည်။ ဆိုင်ထဲတွင် သီချင်းသံ တိုးတိုးလေး လွှင့်ပျံ့ နေသည်ကလွဲလို့ ခဏတာ တိတ်ဆိတ်သွားသည်။

“အင်း… ကျွန်တော် တစ်ခုလောက် မေးချင်တယ် ရမလား”
တိတ်ဆိတ်မှုကို သူစတင် ဖြိုခွဲလိုက်သည်။

“ဘာမေးခွန်းများလဲ” သူမ တအံ့တသြ မေးလိုက်သည်။
“ဟို… ဘယ်လိုပြောမလဲဗျာ” သူခေါင်းကုတ်ရင်း စကားဆက်လိုက်သည်။
“ကျွန်တော်ပြောမဲ့ ပုံပြင်တစ်ပုဒ်ကို အရင်နားထောင်ပေးပါလား”
“ဟုတ်ကဲ့ ပြောပါရှင်”

“ကျွန်တော်မှာ ချစ်သူတစ်ယောက် ရှိခဲ့ဖူးတယ်။ လက်ထပ်ဖို့အထိ ရည်ရွယ်ပြီး ချစ်ခဲ့ကြတဲ့ ချစ်သူတွေပါ။ ကျွန်တော်တို့ရဲ့ ချစ်ခရီးလမ်းဟာ အတားအဆီးမရှိ၊ ပြဿနာမရှိ ဖြောင့်ဖြူးခဲ့တယ်။ ဒါပေမဲ့….”

“ဒါပေမဲ့.. ဘာဖြစ်လဲ” သူမ သိချင်ဇောနှင့် အလောတကြီး မေးလိုက်မိသည်။

“ဟင်း…” သက်ပြင်းရှည်တစ်ချက်ချရင်း သူ့မျက်နှာ ညှိုးကျသွားသည်။

“ပျော်ရွှင်မှုတွေရဲ့နောက်မှာ တစ်ခါတရံ ကြောက်စရာကောင်းတဲ့ အရာတွေ ပုန်းအောင်းနေတတ်သေးတယ်။ သူနဲ့ကျွန်တော် စေ့စပ်ဖို့ တစ်လအလို တစ်ညမှာ… သူ… သူ.. မတရား အနိုင်ကျင့် ခံလိုက်ရတယ်”

“ဘုရားရေ…..”
သူမ ထိတ်လန့်စွာ အော်လိုက်မိသည်။

“ကျွန်တော် မကောင်းခဲ့တာပါ။ အဲဒီညက သူ့ကို အိမ်ပြန်လိုက်ပို့ခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး”

စားပွဲကို ခပ်ပြင်းပြင်းတစ်ချက် သူ ရိုက်လိုက်မိသည်။ ရိုက်အားကြောင့် ဖန်ခွက်ထဲက ကော်ဖီပင် လှုပ်ခါသွားသည်။

“ကျွန်မကိုမေးမယ့် မေးခွန်းက အဲဒါနဲ့ ပတ်သက်နေလို့လား”
ဖိတ်စင်ကျသွားသော ကော်ဖီကို သုတ်ရင်း သူမ မေးလိုက်သည်။

“မဟုတ်ပါဘူး။ ကျွန်တော် သူ့အပေါ်ချစ်တဲ့စိတ်က အဲဒီကိစ္စကြောင့် မပြောင်းလဲသွားဘူး။ သတ်မှတ်ထားတဲ့ ရက်အတိုင်း စေ့စပ်ပွဲကို ကျွန်တော်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ စေ့စပ်ဖို့ တစ်ရက်အလိုမှာ သူအိမ်က ထွက်ပြေးပြန်တယ်” တည်ငြိမ်မှုအပြည့်နှင့် သူပြောနေသော်လည်း သူ့မျက်နှာပေါ်တွင် စိတ်မကောင်းခြင်း များဖြင့် ပြည့်နှက်နေသည်။

“ဘာဖြစ်လို့ ထွက်ပြေးတာလဲ” စိတ်လှုပ်ရှားစွာ သူမ မေးလိုက်ပြန်သည်။

“သူရဲ့ မသန့်ရှင်းတဲ့ ခန္ဓာကိုယ်ဟာ ကျွန်တော်နဲ့ မထိုက်တန်လို့တဲ့။ ထွက်ပြေးတဲ့ လမ်းမှာ ကံဆိုးချင်တော့ ကားတစ်စီးနဲ့ ၀င်တိုက်ပြီး သူဆေးရုံရောက်သွားခဲ့တယ်။ သူသတိရလာတော့ ကျွန်တော်ဆေးရုံကို သွားခဲ့သေးတယ်။ ဒါပေမဲ့ သူ့မိဘတွေက တွေ့ခွင့် မပေးခဲ့ဘူး”

“ဘာဖြစ်လို့လဲ”

“သူ့ကို မတွေ့ဖို့ သူ့မိဘတွေ ကျွန်တော်ကို တောင်းပန်မှ ကားတိုက်မိလို့ သူအတိတ်မေ့သွားမှန်း ကျွန်တော်သိလိုက်ရတယ်။ ဒါကြောင့် သူ့မိဘတွေက ဒါဟာ သူ့အတွက် မကောင်းတဲ့ အတိတ်တွေကို မေ့ဖို့ အကောင်းဆုံးအချိန်၊ သူ့အတွက် ဘ၀အသစ်တစ်ဖန် ပြန်စဖို့ အကောင်းဆုံး အခွင့်အရေးဆိုပြီး ကျွန်တော့်ကို ပေးမတွေ့ခဲ့ဘူး”

“သူ့မိဘတွေ ပြောတာလည်း မှန်နေတာပဲ။ သူ့ရောဂါ တည်ငြိမ်မှုရမှ သွားရှာလိုက်ပေါ့”

“အဲဒီ အခြေအနေရောက်ဖို့အတွက် အချိန်ဘယ်လောက် ပေးရမလဲ… (၁၀)နှစ်လား.. (၁၀)နှစ်ဆိုရင်လည်း သူမရှိတဲ့ဘ၀နဲ့ ကျွန်တော်တစ်ယောက်တည်း ကျိတ်မှိတ်ခံစားပြီး စောင့်နေမှာပါ။ တစ်ခါတလေ လမ်းမှာတွေ့ကြရင်တောင် သူစိမ်းတွေလို ဟန်ဆောင်နေခဲ့ရတယ်။ ကျွန်တော် ဘယ်လောက် ခံစားရမလဲဆိုတာ ခန့်မှန်းကြည့်ပါဦးလားဗျာ” သူပြောရင်း အသံ သိမ်ဝင်သွားသည်။

“ရင်ကွဲမတတ် ခံစားနေရလည်း ရှင် ဒီလမ်းကိုပဲ ရွေးခဲ့တယ် မဟုတ်လား” သူမ ကိုယ်ချင်းစာစွာ ပြောလိုက်သည်။

“ဟုတ်ပါတယ်။ ဒီနေ့ဆို (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီလေ” သူခေါင်းညိတ်ရင်း ပြန်ဖြေသည်။

“ဟုတ်လား… ၀မ်းသာစရာပေါ့။ (၁၀)နှစ်လုံးလုံး ခံစားခဲ့ရတာ ဒီနေ့သူ့ကို သွားတွေ့လို့ ရပြီပေါ့နော်”

“မမှားပါဘူး။ ဒါပေမဲ့ သူနဲ့တွေ့ရမယ့်ရက်ကို ကျွန်တော်ကြောက်နေမိတယ်။ (၁၀)နှစ်အတွင်းမှာ သူ့ကို ချစ်တဲ့စိတ်က မပြောင်းလဲခဲ့ပေမယ့် သူ့ဘက်ကရော.. တကယ်လို့ အရင်က ချစ်ခဲ့တဲ့အကြောင်းတွေ သူ့ကို ပြောပြလည်း သူက သတိမရခဲ့ဘူးဆိုရင်… ဒါမှမဟုတ် သူ့မှာချစ်သူရှိနေပြီ၊ သူအိမ်ထောင်ကျနေပြီဆိုရင် ကျွန်တော် ဘာဆက်လုပ်ရမလဲ.. ကျွန်တော်မေးချင်တာက ဒီမေးခွန်းပါပဲ”

သူစိတ်လှုပ်ရှားစွာ သူမ၏ အဖြေကို စောင့်နေမိသည်။

“အင်း.. ကျွန်မထင်တယ်လေ။ ရှင်သာသူ့ကို တစ်ကယ်ချစ်ခဲ့တယ်ဆိုရင် ရှင့်ကိုသူမှတ်မိ၊ မမှတ်မိချင်နေပါစေ။ သူ့ကို နောက်တစ်ကြိမ် ချစ်ခွင့်ပန်ပြီး ဘ၀ကို အသစ်တဖန် ပြန်စလိုက်လည်း မဆိုးပါဘူး။ သူ့မှာ ရည်းစားရှိနေပြီဆိုရင်လည်း ကိစ္စမရှိဘူးလေ.. ကြိုးစားကြည့်လို့ ရသေးတယ် မဟုတ်လား” သူမ အားတက်တရော ပြောနေသည်။

“ဒါပေမဲ့.. ” သူမ စိတ်မကောင်းစွာ စကားဆက်ပြန်သည်။
“သူ အိမ်ထောင်ကျသွားပြီဆိုရင်တော့ လက်လွှတ်လိုက်ပါ။ ကျွန်မတို့လို အိမ်ထောင်ရှိတဲ့ လူတွေက ကိုယ့်အိမ်ထောင်ကို ဖျက်တဲ့လူတွေကို အရမ်းမုန်းတတ်တယ်လေ”

“ဟုတ်လား” သူခေါင်းငုံ့ပြီး အေးစက်စက် မေးလိုက်မိသည်။
“ဟုတ်တယ်.. ဒါကြောင့် ရှင်ဘယ်တော့မှ သူတစ်ပါး အိမ်ထောင်ဖျက်တဲ့လူ မဖြစ်ပါစေနဲ့နော်”

တင်း………တောင်

ဧည့်ကြိုခေါင်းလောင်းလေး မြည်လာပြန်သည်။
ကျောင်းသားတစ်စု ၀င်လာသည်။ ကျောင်းသားများကို သူမ သွားဧည့်ခံလိုက်သည်။

“နေပါဦး…”
သူမ တစ်ခုခုကို သတိရလိုက်သလို ချက်ချင်း သူ့ဖက်လှည့်ပြီး မေးလိုက်သည်။

“ရှင်ဘာဖြစ်လို့ ကျွန်မကို ဒီမေးခွန်း မေးတာလဲ… ရှင်နဲ့ကျွန်မက ဒီနေ့မှ ပထမဆုံးအကြိမ် တွေ့ဖူးကြတာ မဟုတ်လား”

“အင်း….. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လက်ထပ်ပြီးရင် ဒီလို ကော်ဖီဆိုင်လေး ဖွင့်ချင်တယ်လို့ အရင်က သူပြောခဲ့ဖူးလို့ပါ”

“အော်… ဒါကြောင့်ကိုး”

“ဟုတ်ပါတယ်.. ဒါကြောင့်ပါပဲ…. ဒါကြောင့်ပါပဲ…. ဒါ….”
ထိုစကားကိုပဲ ထပ်တစ်လဲလဲ သူရေရွတ်နေမိသည်။

ဆိုင်ထဲက သီချင်းသံ တိတ်ဆိတ်သွားပြန်သည်။ တစ်ဖက်စားပွဲမှ ကျောင်းသားများ၏ ဆူညံရယ်မောသံက ဆိုင်တစ်ခုလုံး လွှမ်းမိုးသွားသည်။ သူခေါင်းငုံ့ရင်း သူမ၏ ဘယ်ဘက်လက်သူကြွယ်တွင် ၀တ်ဆင်ထားသော လက်ထပ်လက်စွပ်ကို ခိုးကြည့်လိုက်မိသည်။ သူ့ပါးပြင်ထက်မှ စီးဆင်းလာသည့် နွေးထွေးသော မျက်ရည်တစ်စက်က အေးစက်နေပြီဖြစ်သော ကော်ဖီခွက်ထဲသို့ လျှောကျသွားလေတော့သည်။

……………………………………….

email ဖြင့်မျှဝေပေးသော ခေတ္တာ ကိုကျေးဇူးတင်လျှက်။

source : http://nineninesanay.blogspot.com/2007/11/blog-post_23.html
source ကို ထောက်ပြပေးသော Tomorrow.trek@gmail ကို ကျေးဇူးတင်လျှက်။

မအားလပ်လို့ နောက်ကျမှ update လုပ်ရတဲ့အတွက် နားလည်ခွင့်လွှတ်ပေးပါ။

အလှပဆုံး အဝတ်အစား

မုန်တိုင်း ဒုက္ခသည်တွေအတွက် အသုံးအဆောင် ပစ္စည်းတွေ ကောက်ခံပေးနေတဲ့ နေရာတွေအကြောင်း တွေးမိရင်း အ၀တ်အစား လှူဒါန်းတာနဲ့ ပတ်သက်ပြီး ဒီပို့စ်လေး ရေးဖြစ်တာပါ။ အ၀တ်အစားလှူတာဟာ ဒုက္ခသည်တွေအတွက် ချက်ချင်းလက်ငင်း အကျိုးရှိစေတဲ့ အလှူမျိုးမို့လို့ပါ။ “အ၀တ်အစားတွေ လှူတော့လှူချင်တယ်။ ဒါပေမယ့် လှူစရာ မရှိဘူးထင်တယ်” လို့ တွေးမိကြတဲ့ သူငယ်ချင်းတွေ၊ မောင်ငယ် ညီမငယ်တွေ အတွက် အကြံဥာဏ်လေး တစ်ချို့ပေးချင်ပါတယ်။


ပထမဆုံး ကိုယ့်ဘီဒိုထဲက အ၀တ်အစားတွေကို အကုန်ထုတ်ကြည့်လိုက်ပါ။ လှူဖို့ အ၀တ်အစားတွေ ထည့်ဖို့ အိတ်လေးတစ်လုံးလည်း အသင့်ပြင်ထားပေါ့နော် (အ၀တ်တွေ အကုန်ထုတ်လိုက်လို့ အခန်းပွသွားပေမယ့် ပြီးလို့ ကျန်တဲ့အင်္ကျီတွေ ပြန်ခေါက်သိမ်းပြီးရင် ကုသိုလ်အပြင် ကိုယ့်ဗီဒိုလေးလည်း ရှင်းလင်းသွားတဲ့ အကျိုးကျေးဇူးပါ အဆစ်ရဦးမှာပါ။ ပြီးရင် အ၀တ်အစားတွေကို အိပ်ယာပေါ် (သို့) သန့်ရှင်းထားတဲ့ မျက်နှာပြင် တစ်ခုခုပေါ်မှာ ရှင်းရှင်းလင်းလင်း မြင်ရအောင် ချထားလိုက်ပါ။ အဲဒီနောက် အ၀တ်တစ်ထည်ချင်းစီ ကိုကြည့်ပြီး စဉ်းစားရမှာတွေကတော့ –

(၁) ဒီအ၀တ် ကိုယ်နဲ့တော်ရဲ့လား ဆိုတာကို အမှန်အတိုင်း တွေးပါ။ “ငါပိန်သွားရင် ၀တ်မယ်” တို့ “ငါဝလာမှ ၀တ်မယ်” တို့ ဆိုတာတွေက နောင်ဘယ်နှနှစ်ကြာမှ ဖြစ်လာမယ်ဆိုတာ မသိပေမယ့် တကယ်လိုအပ်တဲ့သူတွေအတွက်ကတော့ အခုချက်ချင်းလက်ငင်းကို လိုအပ်နေတယ်ဆိုတာလေး တွေးပေးပြီး လှူဖို့အိတ်လေး ထဲကို ထည့်လိုက်ပါနော်

(၂) ဒီအ၀တ်ကို လှလွန်းလို့ဆိုပြီး (ကိုယ်နဲ့လည်း မလိုက်ဖက် ဘယ်တော့မှလည်း မ၀တ်ဖြစ်ဘဲ) သိမ်းထားမိတာလား ဆိုတာစဉ်းစားပါ။ လှတဲ့အ၀တ်လေးကို ဒီလိုပဲသိမ်းထားရင် ဘီဒိုနောက်မှာပဲ ဆွေးမြေ့ဟောင်းနွမ်း သွားပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအ၀တ်လှလှလေးကို မြင်လိုက်ရလို့ တဒင်္ဂလောက် နှစ်သက်ကြည်နူးသွားမယ့် ဒုက္ခသည်ကလေး တစ်ယောက်ရဲ့အပျော်ကို မြင်ယောင်ကြည့်ပြီး လှူဖို့အိတ်လေး ထဲကို ထည့်လိုက်ပါနော်။ လှတဲ့အ၀တ်လေး လောကကို လှလှပပ အကျိုးပြုပါစေ…

(၃) ဒီအ၀တ်ကို အမှတ်တရ တစ်ခုခုအတွက် (ကိုယ်လည်းတကယ် မ၀တ်ဖြစ်ဘဲ) သိမ်းထားမိလားဆိုတာ စဉ်းစားကြည့်ပါ။ အရေးပါတဲ့ အမှတ်တရတစ်ခုခုအတွက် သိမ်းထားတာမျိုးဖြစ်ပြီး ကိုယ်လည်းတကယ် မစွန့်လွှတ်နိုင်တာမျိုး ဆိုရင်တော့ အရမ်းမတိုက်တွန်းလိုပါဘူး။ ဒါပေမယ့် တချို့အမှတ်တရ ပစ္စည်းတွေဟာ သိမ်းထားတာ ကြာလာတာနဲ့အမျှ ပစ္စည်းကိုတင်မကဘဲ ပေးတဲ့လူကိုပါ မေ့သွားတတ်ပါတယ်။ အဲဒါမျိုးတွေဆိုရင်တော့ နှစ်ခါမစဉ်းစားဘဲ လှူဖို့အိတ်လေးထဲကို ထည့်လိုက်ပါနော်။ တကယ်လို့ ကိုယ်တန်ဖိုးထားတဲ့ အမှတ်တရ အ၀တ်အစားလေး ဖြစ်နေခဲ့ရင်တောင် ကိုယ်မ၀တ်ဖြစ်ဘဲ သိမ်းထားမယ့်အစား (စွန့်လွှတ်နိုင်တယ်ဆိုရင်) လှူဖို့အိတ်လေးထဲကို ထည့်လိုက်စေချင်ပါတယ်။ ဒါဆိုကိုယ်တင်မကဘဲ ကိုယ့်ကိုလက်ဆောင်ပေးတဲ့သူပါ နှစ်ယောက်စလုံး ကုသိုလ်အတူတူရကြမှာပါ။ ဒါထက်ပိုကောင်းတာကတော့ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်လေးတစ်ယောက် (အခုအချိန်မှာ သူ့အတွက် တန်ဖိုးကြီးလှတဲ့) အ၀တ်လေးတစ်ထည် ရလိုက်တာပါပဲ။ ကျွန်မနဲ့ကျွန်မသူငယ်ချင်းတွေလည်း လာမယ့်ရုံးပိတ်ရက်မှာ သွားလှူဖို့ အ၀တ်အစားလေးတွေ စုထားပြီးပါပြီ။ ကြိုက်လွန်းလို့ဆိုပြီး အကြာကြီးသိမ်းထားတဲ့ အ၀တ်အစားတွေကိုင်မိတိုင်း တွန့်ဆုတ်မိတဲ့ကျွန်မ စောစောကပြောသလို ဒုက္ခသည်တွေကို မြင်ယောင်လိုက်တဲ့ခဏမှာတော့ ဘာမှမစဉ်းစားတော့ဘဲ လှူဖို့အိတ်လေးထဲကိုပဲ ထည့်နေမိပါတော့တယ်။ ကျွန်မအခုပြောသွားတာတွေကို အားလုံးလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ သူငယ်ချင်းတို့ရဲ့ လှူမယ့်အိတ်လေးတွေထဲမှာ အင်္ကျီလေးတစ်ထည်လောက် တိုးသွားတယ်ဆိုရင်ပဲ ကျေနပ်လှပါပြီ။ မေတ္တာ၊ စေတနာ၊ ကြင်နာမှု၊ ကူညီလိုစိတ် တွေနဲ့ ပို့လိုက်တဲ့ အ၀တ်တွေလောက် လှတဲ့အ၀တ်တွေရှိမယ်မထင်ပါဘူး။ကိုယ့်အတွက်တော့ ဘီဒိုရဲ့ဟိုးထောင့်ဆုံးမှာ ထည့်ထားတဲ့ သာမာန်အင်္ကျီလေး တစ်ထည် ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် အဲဒါလေးက သူတို့အတွက်တော့ အခုချိန်မှာ အအေးဒဏ်နဲ့ကိုယ်ခန္ဓာကို ကာကွယ်ပေးမယ့် တန်ဖိုးကြီးပစ္စည်းတစ်ခုဖြစ်တယ် ဆိုတာကို အမြဲသတိရပေးပါနော်…

Post Courtesy, http://shwepyithu.blogspot.com

ကျွန်မ. . . သူခိုး

တစ်ခါက လေယာဉ်ကွင်း တစ်ခုမှာပါ….
ကျွန်မစီးမဲ့ လေယာဉ် ထွက်ခွာဖို့ ၂ နာရီလောက် လိုနေသေးတာနဲ့ ကျွန်မလဲ ဆိုင်တစ်ဆိုင်ထဲ ၀င်ပြီး စိတ်ကြိုက် စာအုပ်တစ်အုပ်နဲ့ မုန့်တစ်ထုပ် ၀ယ်ပြီး ခုံတစ်ခုံမှာ စာထိုင်ဖတ်နေလိုက်တယ်။ စာအုပ်ထဲ အာရုံစိုက် ခေါင်းနစ်ပြီး ဘယ်လောက်ကြာကြာ ဖတ်နေမိလဲ မသိဘူး။ ကျွန်မဘေးမှာ ထိုင်နေတဲ့ လူဟာ ကျွန်မရဲ့ ခွင့်ပြုချက် မပါဘဲ ကျွန်မနဲ့ သူ့ကြားက ခုံပေါ်မှာတင်ထားတဲ့ မုန့်ကို ယူစားနေတာကို သတိပြုမိလိုက်တယ်။ ကျွန်မလဲ လူတွေရှေ့မှာ သူ အရှက်ရမှာစိုးတာနဲ့ မသိဟန်ဆောင်နေလိုက်တယ်။ စာဆက်ဖတ်လိုက် မုန့််စားလိုက်နဲ့ သူ့ကို ကျွန်မ မသိမသာ စောင်းငဲ့ကြည့်နေခဲ့တယ်။ အချိန် တရွေ့ရွေ့ ကုန်သွားသလို မုန့်တွေလဲ တစ်ချပ်ပြီး တစ်ချပ် သူ့ပါးစပ်ထဲ ၀င်ဝင်သွားခဲ့တယ်။ ကျွန်မ စိတ်တိုလာပါတယ်။

“ငါသာ ခွင့်လွှတ်စိတ် မရှိရင် ဒီမုန့်ခိုးစားတဲ့လူတော့ လူတွေကြားမှာ အရှက်ကွဲတော့မှာပဲ” လို့ တွေးလိုက်တယ်။ ကျွန်မတစ်ချပ်နှိုက်စားတိုင်း သူလဲတစ်ချပ် လိုက်နှိုက်စားနေတယ်။ နောက်ဆုံးတစ်ချပ်ပဲ ကျန်တော့ သူဘာ လုပ်မလဲလို့ ကျွန်မကြည့်နေလိုက်တယ်။ ကျွန်မ ကြည့်နေတာမြင်တော့ သူဟာ အရမ်းရိုးသားတဲ့ အပြုံးမျိုး တစ်ချက် ပြုံးလိုက်တယ်။ အဲဒီနောက် မုန့်ကို ယူပြီး ထက်ဝက်ခြမ်းလိုက်တယ်။ ကျွန်မကို တစ်ခြမ်း ကမ်းပေးပြီး ကျန်တစ်ခြမ်းကို သူ စားနေလိုက်တယ်။ သူကမ်းပေးတဲ့ မုန့်တခြမ်းကို ဆတ်ခနဲ ကျွန်မ ဆွဲယူလိုက်ပြီး စိတ်ထဲမှာလဲ…
“ဟင်း…ဒီလူက ဘာသဘောလဲ…ခွင့်မတောင်းဘဲ လူများမုန့်ကိုလဲ ယူစားသေးတယ်။ ကျေးဇူးတင်ပါတယ် လို့တောင် တစ်ခွန်းမှ မပြောပါလား” လို့ တွေးလိုက်မိတယ်။

အဲဒီအချိန်မှာပဲ အသံချဲ့စက်ကနေ ကျွန်မစီးမဲ့ လေယာဉ်ပေါ် တက်နိုင်ပြီဖြစ်ကြောင်း ကြေညာနေတာနဲ့ ကျွန်မလဲ ပစ္စည်းတွေယူပြီး အပေါက်ဝမှာ သွားတန်းစီနေလိုက်တယ်။ ကျွန်မမုန့်ကို ယူစားတဲ့ ဟို ကျေးဇူးကန်း လေးကိုတော့ လှည့်တောင် မကြည့်ခဲ့ပါဘူး။ လေယာဉ်ပေါ်ရောက်တော့ ကိုယ့်နေရာမှာ အကျအနထိုင်ပြီး ကျွန်မ စာအုပ်ဆက်ဖတ်မလို့ အိတ်ထဲကို လက်အနှိုက်မှာ ..ဘုရားရေ…လက်ကို ဖြတ်ခနဲ ဆွဲအထုတ်… ဖောက်တောင် မဖောက်ရသေးတဲ့ မုန့်ထုပ်လေးတစ်ထုပ် တင်းတင်းဆုတ်ထားမိတဲ့ ကျွန်မလက်ထဲမှာ ပါလာခဲ့တယ်။

ဒါဟာ ကျွန်မရဲ့ မုန့်ထုပ်လား…. ဒါဆိုရင် အခုနားစားနေတာက သူ့မုန့်ပေါ့။ စာအုပ်ထဲ အာရုံရောက်နေလို့ သူ့ မုန့်ကို ကျွန်မနှိုက်စားမိတာပေါ့။ ဒါကို သူက အပြုံးမပျက် နောက်ဆုံးကျန်နေတဲ့ တစ်ချပ်ကိုတောင် ခွဲဝေ ပေးခဲ့သေးတယ်။ ကျွန်မ အမှားကို သိလိုက်ချိန်မှာတော့ တောင်းပန်ဖို့ နောက်ကျသွားခဲ့ပါပြီ။

လေယာဉ်ဟာ တိမ်တွေကို ဖြတ်ပြီး အမြင့်ကို တဖြေးဖြေး ပျံတက်နေတယ်။ တိမ်ထူထူတွေကို ငေးကြည့်ရင်း ကျွန်မစိတ်တွေ လေးလံလို့လာတယ်။ ကျေးဇူးကန်းပြီး မုန့်ခိုးစားတဲ့ လူဟာ ကိုယ့် ကိုယ်တိုင် ဖြစ်နေပါ ပေါ့လား. လူတွေ ပြောပြောနေတဲ့ “သူခိုးက လူပြန်ဟစ်”ဆိုတာ ဒါမျိုးပဲလား။

လူတော်တော်များများဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူစိမ်းတွေကို သံသယစိတ်နဲ့ မယုံသင်္ကာ ကြည့်တတ်ကြတာ အခုခေတ်မှာ အကျင့်တခုလို ဖြစ်နေခဲ့တယ်။ အ၀တ်အစား၊ ပုံပန်းသဏ္ဌာန်ကိုကြည့်ပြီး တစ်ခါတလေ ကိုယ့်ကို ရိုးရိုးသားသားနဲ့ ကူညီမဲ့ မျက်နှာစိမ်းတွေကိုတောင် သူ့ရဲ့ ထောင်ချောက်ထဲ ၀င်မိနေမလားလို့ သံသယ ဖြစ်တတ်သေးတယ်။ အဲဒီလို တစ်ခြားသူကို သံသယစိတ် ၀င်နေတဲ့အချိန်မှာ သူ့ရဲ့စေတနာနဲ့ ရိုးသားမှုကို အထင်မှားလိုက်မိပြီလားလို့ တစ်ဆက်ထဲ ကျွန်မ တွေးခဲ့မိပါရဲ့လား….

Article Courtesy: Nine Nine Sanay