“ သေပါပြီဆရာကြီးရယ်”

စင်္ကာပူနိုင်ငံ အလက်ဇင်းဒါးဆေးရုံကြီးတွင် ခွဲစိတ်အထူးကုသင်တန်းတက်ရောက် နေသော မြန်မာဆရာဝန် ဒေါက်တာသန့်ဇင်သည် လူနာများ၏ အစာအိမ်အတွင်းရှိ ပစ္စည်းများကို ဗိုက်မခွဲဘဲဆွဲထုတ်ရာတွင် အထူးကျွမ်းကျင်သူတစ်ဦးဖြစ်သည်။  လူနာများ မျိုချထားသော ပင်အပ်မှအစ ကစားစရာအဆုံး ပစ္စည်းတော်တော်များများ ကို အောင်မြင်စွာ ပြန်ထုတ်ပေးခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သောအောက်တိုဘာလက သူ့ထံသို့ ရဲအစောင့်အရှောက် နှစ်ဦးနှင့်အတူ အကျဉ်းသားတစ်ဦးရောက်လာသည်။ လွန်ခဲ့သော နှစ်ရက်က ရတနာပစ္စည်းဆိုင် တစ်ခုမှ ခိုးယူ မျိုချထားခဲ့သော ဒေါ်လာ ၂၇၀၀တန် စိန်လက်စွပ်ကို အကျဉ်းသား၏ အစာအိမ်ထဲမှ ပြန်ထုတ်ပေးရန်ဖြစ်သည်။ “ ဒီလိုအဖြစ်မျိုးတော့ တစ်ခါမှ မကြုံဖူးသေးပါဘူး” ဟု ဒေါက်တာသန့်ဇင်က ပြောသည်။
လက်စွပ်သူခိုး မိုဟာမက် အာဇန်အဗ္ဗဒူလာမှာ သူ၏ ပြစ်မှုအတွက် ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံရမည်ဖြစ်သည်။အဗ္ဗဒူလာ၏ အစာအိမ်ထဲမှ လက်စွပ်ကို မြန်မာဆေးကျောင်းသား ဒေါက်တာသန့်ဇင် မှ ငါးမိနစ်အတွင်း အပြင်ရောက်အောင် ပြန်ထုတ်ပေးနိုင်ခဲ့သည်။ သက်သေခံ ရဲနှစ်ဦး ၏ ရှေ့မှောက်တွင် ဖော့ဆက်(ညှပ်) တပ်ထားသော အစာအိမ်အဏုကြည့်မှန်ပြောင်း (အင်ဒိုစကုပ်)ကို အစာအိမ်ထဲရောက်အောင် ပါးစပ်မှတစ်ဆင့် မျိုချခိုင်းပြီး မှန်ပြောင်း ထိပ်တွင် တပ်ထားသော ကင်မရာမှတစ်ဆင့် လက်စွပ်ကို ရှာဖွေ ညှပ်ယူပြီး ဆွဲထုတ် ပေးလိုက်ခြင်းဖြစ်သည်။ လက်စွပ်မှာ ကံကောင်းထောက်မစွာ ဈေးနှုန်းကတ်ပြား နှင့် တွဲလျက်ရှိနေပြီး ဖော့ဆက်ဖြင့် ဈေးနှုန်းကတ်ပြားကို ညှပ်ယူခဲ့ခြင်းဖြစ်သည်။ “ ကတ်ပြားသာမရှိရင် စိန်မြှုပ်ထားတဲ့ ပလက်တီနမ်လက်စွပ်က ပြောင်ချောနေတော့ ညှပ်ယူရတာ တော်တော်ခက်မယ်” ဟု ဒေါက်တာသန့်ဇင်က ပြောသည်။
လက်စွပ် အပြင်ရောက်သည့်အခါ ဒေါက်တာက “ မင်းကွာ ခိုးမဲ့အတူတူ ဒီထက်ကြီးတဲ့လက်စွပ် ကို မျိုချပါလား ” ဟု ကျီစယ်သည့်အခါ အဗ္ဗဒူလာခမျာ ယဲ့ယဲ့သာ ပြုံးနိုင်တော့သည်။  ငါးမျှားချိတ်များ၊ ငွေအကြွေစေ့များသာမက ဖန်ကွဲစများကိုပါ ပြန်ထုတ်ပေးခဲ့ဖူးသော မြန်မာဆရာဝန် ဒေါက်တာသန့်ဇင်အဖို့ ဤကိစ္စမှာ လုပ်ရိုးလုပ်စဉ်မျှသာဖြစ်ပါသည်။
“အမှန်တကယ်ကတော့ လူနာတွေရဲ့ ကိုယ်ရေးကိုယ်တာလျှို့ဝှက်မှုအတွက် ဒီလိုကိစ္စမျိုးကို ဆေးရုံကထုတ်ဖော်ပြောလေ့မရှိပါဘူး”ဟု ဆေးရုံပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။အသက် ၄၈နှစ်ရှိအဗ္ဗဒူလာအတွက် ဤဆေးရုံသည် ဒုတိယမြောက်ရောက်ခဲ့ရသော ဆေးရုံဖြစ်သည်။ ရဲများက သူ့ကို တန်တောက်ဆင်းဆေးရုံသို့ အရင်ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ ဆေးရုံဓာတ်မှန်တွင် အစာအိမ်အောက်ခြေ၌ ကပ်နေသော လက်စွပ်ကို တွေ့ရသည်။ အစာခြေစနစ်အရ ၀မ်းသွားသည့်အခါတွင် ပါလာနိုင်ကြောင်း ထင်မြင် ချက်ပေးသည်။  သို့သော် အူထဲတွင်လည်းတစ်နေနိုင်သဖြင့် ၀မ်းနှုတ်ဆေး ကျွေးခြင်း သည် စွန့်စားရာရောက်ကြောင်း ယူဆသည်။  တန်တောက်ဆင်းဆေးရုံသည် အမြဲတစေ အလုပ်များလျက်ရှိပြီး အရေးပေါ်ကိစ္စများကိုသာ တာဝန်ယူပေးနိုင်သဖြင့် လက်စွပ်သူခိုး အဗ္ဗဒူလာကို  အလက်ဇင်းဒါးဆေးရုံသို့ လွှဲပေးလိုက်ခြင်းဖြစ်သည်။
လက်စွပ်ကို မူလပိုင်ရှင် “တာက” ရတနာဆိုင်သို့ ပြန်လည်ပေးအပ်လိုက်ပြီဖြစ်ပြီး “ကျောက်တွေကိုဖြုတ်၊ လက်စွပ်ကိုအရည်ပြန်ကျိုပြီး တခြားအထည်တစ်ခုခု ပြန်လုပ် လိုက်မယ်” ဟု ဆိုင်ပိုင်ရှင်ကပြောသည်။
ယခုအခါ ကိုရွှေအဗ္ဗဒူလာတစ်ယောက် ထောင်နန်းစံနေပြီဖြစ်သည်။  အစာအိမ်ထဲမှ လက်စွပ်ပြန်ထုတ်ခ ဒေါ်လာ ၁၈၀ ကျသည်။ ဓာတ်မှန် နှစ်ခါရိုက်ခ နှင့် အထွေထွေ စားရိတ် စုစုပေါင်းလိုက်လျှင် ဒေါ်လာ ၂၂၇ တိတိကို သူ၏ ကျန်းမာရေးအာမခံငွေထဲ မှ ပေးဆောင်ရမည်ဖြစ်သည်။
ရမလားလို့ စွန့်စားခိုးယူမျိုချခဲ့သော်လည်း နောက်ဆုံးမှာ လက်စွပ်လဲဆုံး၊ ထောင်တစ် နှစ်ခွဲလည်းကျ၊ ဆေးကုသခ ၂၂၇ ဒေါ်လာကို အိတ်ထဲက ထုတ်ပေးလိုက်ရသည့် အပြင် အစာအိမ်ကြည့်မှန်ပြောင်းကြီးကိုပါ မချိမဆံ့ မျိုချရသော စင်္ကာပူစောရကြီး ကိုအဗ္ဗဒူလာအဖို့မူ “သေပါပြီဆရာကြီးရယ်” ဟု နဖူးရိုက် အော်ရုံမှ တစ်ပါး ဘာမှ မတတ်နိုင်တော့ပါချေ။
Ref: March 7 2008 Singapore Straits Time

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>