လမ်းဘေးက ရေအိုးစင်
ခုရေတွင်းမတူးဘဲ ခုရေကြည်သောက်နေတဲ့ခေတ်မှာ
ရေသန့် ဘူးတွေသာ နေရာတကာ။
ဟမ်းဖုန်းကိုင်ထားတဲ့ အစ်ကိုကြီးရောက်မလာဘူး။
ကိုယ်ပိုင်ကားမောင်းတဲ့ ညီလေးရောက်မလားဘူး။
ဆံပင်အနီဆိုးထားတဲ့ ညီမလေးရောက်မလားဘူး။
အမောမပြေတဲ့သူတွေသာ အမောဖြေဖို့ ရောက်လာကြ
အပူထဲကလာသူကို အပူမပေးဘူး။
အရိပ်ထဲကလာသူကို အပူမပေးဘူး။
တစ်ခါတစ်ခါ မသတီသလိုလို ရွံသလိုလို မျက်လုံးတွေရဲ့အောက်မှာ
တစ်ခါတစ်ခါ ခနဲ့ တဲ့တဲ့ သရော်တော်တော် အပြုံးတွေရဲ့ အောက်မှာ
မေတ္တာဆိုတာ တိုရေရှားရေ။
နှုတ်ခမ်းရာထပ်နေတဲ့ အုန်းမှုတ်ခွက်လေးကတော့
“ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ ” တဲ့။
လင်းလက်တာရာ
Image, Dec 2007
ရေ
သောက်ရေ
အရောင်အဆင်းမရှိပေမယ့် သောက်သုံးသူကို အမောပြေစေတဲ့ရေ။
တန်ဖိုးမများဘဲ
ဆေ၀ါးဖြစ်စေတဲ့ရေ။
ငယ်ငယ်ကမေးဖူးတယ်- အဖေ ဒီရေအိုးကရေကို ဘယ်သူတွေက သောက်မှာလဲ။
ငါလည်းမသိဘူး။
ဘယ်သူတွေ ဒီနားက ဖြတ်သွားမှာလဲ ငါမသိဘူး။
ဘယ်သူတွေ ရေငတ်နေမှာလဲ ငါမသိဘူး။
ဒီလူတွေကို မသိပေမယ့်
ရေငတ်တဲ့လူတွေ ဖြူဖြူ၊ မဲမဲ ဘယ်သူဖြစ်ဖြစ် – သူတို့ အတွက် – ငါ့မှာ စေတနာ ရှိတယ်။
ရေငတ်တဲ့သူ ရေငတ်ပြေပါစေ။
မောပန်းတဲ့သူ အမောပြေပါစေ။
ရေငတ်ပြေဖို့ ၊ အမောပြေဖို့ - သူတို့ ဟာငါနဲ့ သိကျွမ်းဖို့ မလိုပါဘူး၊
ရေအိုးစင်လေးတစ်အိုးပဲလိုအပ်တယ်။
သောက်ရေခွက် ကို မနက်တိုင်း ဖြည့် ထားပေးတယ်။
တခါတရံ မနေ့ က ဆေးထားတဲ့ခွက် ဒီနေ့ မနက် ပျောက်နေတတ်တယ်။
ဒီတော့ ဒီအတိုင်းပဲ ခွက်မရှိဘဲရေအိုးချည်းပဲ မထားခဲ့နဲ့ ။
နောက်ထပ်ခွက် တစ်လုံး ထပ်တင်ပေးထားပါ။ မငြီးမငြူ အပြစ်မတင်ပါနဲ့ ။
သမုဒ္ဒရာ ၀မ်းတထွာ ရှာနေတဲ့ သူ ။
နေပူစပ်ခါး မသွားမဖြစ်သွားနေရတဲ့သူ ။
ထိုထို သူသူ  ရေငတ်တဲ့အခါ-
ရေကြည်တပေါက် အပူအပင်ကင်းစွာ သောက်နိုင်ပါစေ။
KoKTH
3 thoughts on “လမ်းဘေးက ရေအိုးစင်”
  1. ဒီစာကိုဖတ်ရတော့ စမ်းချောင်းမကြီးကြီးလမ်းထိပ်ကဆိုက်ကားဂိတ်ရေအိုးစင်နံရံမှာ ရေးထားတဲ့စာလေးကို အမှတ်ရမိတယ်။
    “ယုတ်မာသူများ ဖျက်ဆီးသွားလို့
    ပျက်စီးတာလဲ ကြုံဖူးတယ်။
    မသမာသူများ ခိုးယူသွားလို့
    ပျောက်ဆုံးတာလဲ ကြုံဖူးတယ်။
    ပျောက်ပျောက် ပျက်ပျက်
    စိတ်မပျက်ဘဲ
    အမြဲကောင်းအောင် ပြင်ထားတယ်” တဲ့။
    ကာရံမညီပေမဲ့
    ဆိုက်ကားဆရာများရဲ့
    နှလုံးသားထဲက စေတနာကို
    လှစ်ခနဲ
    မြင်လိုက်ရပါတယ်။
  2. အရမ်းကောင်းတယ်
    တခါတလေ လူတစ်ယောက်အတွက် တကယ်အသုံးဝင်တဲ့ စိတ်အာဟာရလေးတွေပါ
    အရမ်းကျေးဇူးတင်ပါတယ်
    နောက်ထပ်ကြိုးစားပေးအုံးနော်
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>