ဘိန်းစားသံသရာ

ဆရာကောင်းသန့်စီစဉ်သော Youth လူငယ် Magazine Vol:3, No.6, June 2008 မှ ဆရာဦးအောင်သင်း၏ စမ်းကြည့်ဖူးသလား ကို မှီငြမ်းပါသည်။

ကျွန်တော်၏ဆရာ တောင်တွင်းကြီးသခင်ကျော်စိန် ပြောခဲ့ဖူးသည့် စကားလေးတွေ၊ အကြောင်းအရာလေးတွေကို ကျွန်တော်မကြာခဏ သတိရမိတတ်သည်။ သခင်ကျော်စိန်သည် လူပေါင်းစုံနှင့်ပေါင်းသည်။ သူ့အပေါင်းအသင်းများထဲတွင် အရက်သမားလည်းပါသည်။ ဖဲသမားလည်းပါသည်။ ဘိန်းစားလည်းပါသည်။ ဘုရားဒကာလည်းပါသည်။ ကုန်သည်ပွဲစားလည်းပါသည်။
ယခုကျွန်တော်ရေးချင်သည်က သူပြောပြခဲ့ဖူးသော ထိုခေတ် သူ့ပတ်ဝန်းကျင်က ဘိန်းစားတွေ၏ သဘာဝဖြစ်ပါသည်။ သူ့သူငယ်ချင်းအကြောင်းပဲဖြစ်ပါသည်။

အောင်သင်းရ…ဒီကောင်တွေဟာ စိတ်ကူးစိတ်သန်း အကြံအစည်အလွန်ကောင်းကြတယ်။ ငါက သူတို့နဲ့ အတူသွား၊ အတူစား၊ အတူအိပ်နေခဲ့ဖူးတာ။ ညပိုင်းမှာ ဘိန်းရှူလာခဲ့ရင် တော်တော်နဲ့ အိပ်ကြတာမဟုတ်ဘူး။ တုံးလုံးလှဲပြီး သူတို့ချင်း ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ တိုင်ပင်နေကြတာ။ မျက်စိကတော့ မှိန်းနေတာပေါ့လေ။ တစ်ယောက်ကိုတစ်ယောက်များ အကြံပေးပြီး ပြောနေလိုက် ကြတာ နားထောင်လို့တောင် ကောင်းသေးတယ်။ ငါက တစ်ရေးနိုးနေပြီ။ သူတို့က စကားလေးတအေးအေးနဲ့ ပြောကောင်းနေတုန်းပဲ။ ဥပမာဆိုပါတော့ စိန်မောင်နဲ့ ဘသွင်ကို မင်းသိသားပဲ။ စိန်မောင်က သစ်လုပ်ငန်းလုပ်နေတာ။ ဘသွင်က ရုပ်ရှင်ရုံမှာ ပတ္တလားတီးတယ် ကွာ။ ရုပ်ရှင်ပြတ်နေရင် သူလည်း ပြတ်နေပြန်တာပေါ့။ ဒီတော့ စိန်မောင်ကပြောတယ်။ “ဘသွင် မင်းလည်း ဘိန်းဖြတ်တော့။ ငါလည်း ဖြတ်တော့မယ်။ မင့်ရုပ်ရှင်ရုံက တီးဝိုင်းကိုလည်း သံယောဇဉ်ထားမနေနဲ့တော့။ ငါနဲ့ ကုက္ကိုကုန်းကိုသာ လိုက်ခဲ့ပေတော့။ ငါလည်း သစ်လုပ်ငန်းကို အာရုံစိုက်ပြီး ကြိုးစားလုပ်တော့မယ်” အဲဒီတော့ ဘသွင်ကလည်း-
“ဟုတ်တယ်ကွ။ ငါလည်း ဖြတ်ချင်ပြီ။ တီးဝိုင်းကလည်း မက်လောက်စရာမရှိပါဘူး။ ၀ါသနာလည်းပါလို့၊ တခြားလုပ်စရာလည်း ဘာမှမရှိလို့သာ လုပ်နေရတာ။ မင်းနဲ့လိုက်ခဲ့မယ်”
“လိုက်ခဲ့ကွာ။ မင်းလိုက်လာမယ်ဆိုရင် ငါ့မှာလည်း အဖော်ရတာပေါ့။ ဟိုမှာက တောထဲမှာ ဆင်သမားတွေနဲ့ချည်းနေနေရတာ။ သိပ်ကို စိတ်ပျက်စရာ၊ ငြီးငွေ့စရာကောင်းတာပဲ။ သွားစို့။ မနက်ဖြန် သွားကြရအောင်ကွာ။ ဟိုမှာ ဆင်လုပ်ငန်းက စရတော့မှာ”
“အေးလေ..သွားလေကွာ။ ငါလိုက်ခဲ့မှာပေါ့”
အဲဒီလိုကွ အောင်သင်းရ အပေးအယူကို ကိုက်နေတာပဲ။ ဒီလို စကားပြောလိုက်ကြတာ နာရီပြန်နှစ်ချက် သုံးနာရီလောက်ထိ အောင် ရောက်သွားတတ်တာ။ အဲဒီကျတော့မှ အိပ်ကြပါလေရော။ မနက်ကျတော့ မထကြတော့ဘူး။ ဆယ်နာရီ၊ ဆယ့်တစ်နာရီလောက် ကျမှ အိပ်ရာထ၊ မျက်နှာသစ်၊ လက်ဖက်ရည်သွားသောက်၊ အတော်လေးကြာတော့ ထမင်းစား၊ နေ့လယ်မှာ တစ်ရေးတမောအိပ်ပြန်ရော၊ ညနေပိုင်းလည်းရောက်ရော ဘိန်းရှူဖို့ ပိုက်ဆံရှာကြပြန်တော့တာပဲ။ နောက်ကျတော့ အဲဒီ စောစောကပြောခဲ့တဲ့ သံသရာကို ပြန်လည် တော့တာပဲ။ မင်းလည်း သိသားပဲ။

ငါကလည်း သူတို့ကို နောက်ချင်စချင်တတ်လေတော့ သူတို့ညက တိုင်ပင်ထားတာတွေကို ကြားနေရတာမို့ “ဟိတ်ကောင် စိန်မောင် ထတော့။ ဟိုမှာ သစ်ဆွဲဖို့တဲ့ ဆင်တွေလာနေပြီ” လို့ နှိုးရင် သိပ်စိတ်ဆိုးတာပဲ။ ဘသွင်လည်း ဒီလိုဘဲ “ဘသွင် ထတော့လေ။ မင်းကုက္ကိုကုန်းကို လိုက်မှာ မဟုတ်လား။ မီးရထားမမီဘဲ နေလိမ့်မယ်” လို့ နှိုးရင် “ဟေ့ကောင် ကျော်စိန် သွားစမ်းကွာ” နဲ့ မျက်လုံးမဖွင့်ဘဲ အော်တော့တာပဲ။ သူတို့စိတ်ကူးက ကောင်းပေမဲ့ မနက်ကျတော့ ပြန်ပျောက်သွားတာပဲ။ ဒီလိုနဲ့ ဘ၀တစ်ခုလုံး ချာလည်သွားကြ တော့တာ”

အဲဒီ ဘိန်းစားသံသရာ ကို ဖတ်မိရတော့ – ကျွန်တော်ကိုယ့်ကျွန်တော် လန့် သွားခဲ့သည်။
ဘိန်းစားတဲ့သူတွေ လို ဘိန်းမူးတုန်း ကောင်းပေ့ညွန့် ပေ့စိတ်ကူးတွေနဲ့  ကိုယ့်ကိုယ်ကို ပြောခဲ့တာ သတိရမိတယ်။
နောက်တော့လည့် ခွေးမြီးကောက်ကျီတောက်စွပ်လို  ခဏတာ ပါပဲ။

လူတိုင်းမှာ စိတ်ကူးစိတ်သန်းကောင်းကောင်းလေးတွေ ရှိစမြဲပါပဲ။
ဒီစိတ်ကူးတွေ ပျောက်ပျယ်သွားတာလဲ ဓမ္မတာပါပဲ။
ဒါကြောင့်လဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မင်းသားကတစ်ယောက်၊ လူကြမ်းက တစ်ရာ ဖြစ်နေတာပေါ့။

စိတ်ကူးစိတ်သန်း ဆိုတာ ကိုယ့်ဆီမှာ မရှိလည်း သူတပါးဆီက အကြံဥာဏ်တောင်းခံယူလို့  ရတယ်။
အဓိက အရေးအကြီးဆုံးက ဖြစ်အောင်လုပ်ဖို့ ပါပဲ။

စိတ်ကူးသေးသေးလေးပဲဖြစ်စေ ဖြစ်အောင်လုပ်ဖို့ ဆိုတာ အရေးကြီးတယ်။
ဖြစ်အောင်လုပ်ကြည့်ပါ- စိတ်ကူးသေးသေးပဲဖြစ်ဖြစ် ဖြစ်အောင်လုပ်ကြည့်ပါ။

ကိုယ့်ရဲ့မနက်ဖြန်ကို ကိုယ်မပြောင်းနိုင်ရင် ဘိန်းစားသံသရာ ကို သတိရကြည့်ပါ။
အောင်မြင်မှူကိုရနိုင်ဖို့ ဘိန်းစားသံသရာ မှ လွတ်ဖို့ အရင်ဆုံးကျိုးစား၇မှာပါ။

ဆရာအောင်သင်း ဆောင်းပါးကို ပေးပို့ သော မျိုးသီတာ ကို ကျေးဇူးတင်လျှက်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>