တစ်ဘဝစာ လျှို့ဝှက်ချက်

တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။ လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့… လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို ကြီးစိုးဝါးမြိုထားကြတယ်။

မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။

နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့ နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။

နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင် အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့ အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။

တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက ကောင်မလေးကို ကျောပိုးပြီး ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။ ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး ထွက်ပေါက်တွေ့မှ ကောင်မလေးကို ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။ ကောင်မလေးအတွက် ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။

အစာစားချိန်မှာ ကောင်မလေးက ကောင်လေးကို “ကိတ်ခြောက် ၈ချပ်ကျန်သေးတယ်။ တစ်ယောက် ၄ချပ်စီ စားရအောင်.. ရေနွေးကြိုလိုက်ပါလား” လို့ ပြောလိုက်တယ်။ ကောင်လေး ရေကြိုနေတုန်းမှာ ကောင်မလေးက ကိတ်ခြောက်တွေကိုခွဲပြီး အိတ်ကိုယ်စီထဲ ထည့်လိုက်တယ်။ တအောင့်ကြာမှာ ကောင်လေး ပြန်ဝင်လာပြီး ကောင်မလေးကို “ငါ ချက်ချင်း ပြန်လာခဲ့မယ်။ စောင့်နေနော် ” လို့မှာပြီး ထွက်သွားခဲ့တယ်။

အဲဒီအချိန်ထိ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ဖွင့်မပြောကြသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်က ခွဲထွက်သွားရင် ဒီခွဲခွာခြင်းက ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းပဲဖြစ်တယ်။ တကယ်လို့ ရင်ထဲက အချစ်တွေကို ဖွင့်ပြောပြီးမှ သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်ဆိုရင် ကျန်ရစ်ခဲ့သူက ဘဝတစ်လျှောက်လုံးမှာ သွားလေသူကို အောင်းမေ့တမ်းတနေတော့မယ်။ ရင်ထဲက အချစ်တွေကို ထုတ်ဖော်မပြောဘဲ ခွဲထွက်သွားရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။ ကောင်မလေးအတွက် အိပ်ရာအိတ်ကို ကောင်လေးဖြန့်ခင်းပေးပြီး နေရာကနေ သူလှည့်ထွက်လာခဲ့တယ်။ ကောင်မလေးကို ပြန်လာကယ်ဖို့ လမ်းနေရာတိုင်းကို ကောင်လေး အမှတ်အသားလုပ်ခဲ့တယ်။

နှင်းတောထဲမှာ စမ်းတဝါးဝါး ရှေ့ဆက်ရင်း နောက်ဆုံးမှာ ကောင်လေး အားပြတ်ပြီး လဲကျသွားခဲ့တယ်။ သတိမလစ်ခင်မှာ ကောင်မလေးကို သူသတိရနေမိတယ်။

“သူ့အစာရေစာတွေ လုံလောက်ပါ့မလား? သူတောင့်ခံနိုင်ပါ့မလား?”

သတိရလို့ နိုးလာတဲ့အချိန် ကယ်ဆယ်ရေး ရွက်တဲထဲ သူရောက်နေတာကို ကောင်လေးသတိထားလိုက်မိတယ်။ တောင်တက်ဖို့ ထွက်သွားပြီး ရက်အတော်ကြာ ပြန်မလာတဲ့ သူတို့ကို မိတ်ဆွေတွေက ကယ်ဆယ်ရေးအကူနဲ့ နှင်းတောထဲ ဝင်ရှာခဲ့တာဖြစ်တယ်။ ကယ်ဆယ်ရေးအဖွဲ့က ကောင်မလေးကို အရင်ရှာတွေ့တာဖြစ်ပြီး ကောင်လေးအမှတ်အသား လုပ်ခဲ့တဲ့ လမ်းနောက် လိုက်ခဲ့လို့ သေလုမျောမျောဖြစ်နေတဲ့ ကောင်လေးကိုတွေ့ခဲ့တာဖြစ်တယ်။

ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကုသပြုစုမှုကြောင့် ကောင်လေးရဲ့ကိုယ်အပူချိန်တွေ တက်လာခဲ့တယ်။ သတိရရချင်း ကောင်မလေးကို သူမေးခဲ့တယ်။ ဘယ်သူကမှ သူ့အမေးကို ပြန်မဖြေခဲ့ကြဘူး။ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်က စိတ်မကောင်းတဲ့ လေသံနဲ့

“သူမရှိတော့ဘူး… ရေကြိုဖို့ထွက်သွားပြီးနောက် တဲထဲကို ပြန်ဝင်ဖို့ သူအားပြတ်ခဲ့တယ် ထင်တယ်။ နှင်းပြင်မှာ အေးခဲပြီးသေနေတာကို ကျွန်တော်တို့ တွေ့လိုက်ရတယ်” လို့ ပြောလိုက်တယ်။

အဖြစ်အပျက် ၃နှစ် လွန်မြောက်ပြီးနောက် တခြားကောင်မလေးတစ်ယောက်နဲ့ ကောင်လေး မင်္ဂလာဆောင်ခဲ့တယ်။ နှင်းတောထဲမှာ သေဆုံးခဲ့တဲ့ ကောင်မလေးကြောင့် စိတ်ထိခိုက်ခဲ့တဲ့ ကောင်လေးကို ဒီကောင်မလေးက အားပေးဖေးမခဲ့တာဖြစ်တယ်။ ကောင်လေးကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်လည်း ဒီမင်္ဂလာပွဲကို လာခဲ့ပါတယ်။ မင်္ဂလာပွဲပြီးနောက် အဖွဲ့ခေါင်းဆောင်က သင်္ချိုင်းတစ်ခုကို ရောက်လာခဲ့တယ်။ အုတ်ဂူတစ်ခုရှေ့ရပ်ပြီး ဂူပေါ်မှာကပ်ထားတဲ့ ဓာတ်ပုံကို သူကြည့်လိုက်တယ်။ ဓာတ်ပုံထဲက ပြုံးရွှင်နေတဲ့ ကောင်မလေးကို ကြည့်ပြီး…..

“စိတ်ချပါတော့..သူမင်္ဂလာဆောင်သွားပါပြီ။ သူပျော်ရွှင်နေပါတယ်… ကောင်းကင်ဘုံမှာ စိတ်ချချ နေပါတော့ကွယ်” လို့ ပြောလိုက်တယ်။

တကယ်တော့ ကောင်မလေးက အေးခဲပြီး သေသွားတာ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့ ရောက်သွားချိန် ရွက်တဲအိပ်ရာထက်မှာ သူလဲလျောင်းနေတာကို တွေ့ခဲ့ရတယ်။ ကောင်လေးခင်းပေးခဲ့တဲ့ အိပ်ရာထက်မှာ သူတစ်ဖဝါးမှ မခွါရက်ခဲ့ပါဘူး။ ဆာလောင်ပြီး သူသေဆုံးခဲ့တာဖြစ်တယ်။ သူ့အိတ်ထဲ ရှာဖွေကြည့်တော့ ကိတ်ခြောက်အစား ကျောက်ခဲတစ်ချို့ပဲ တွေ့ခဲ့ရတယ်။ တကယ်ဆို ကိတ်ခြောက်တွေက ၈ချပ်မကျန်ဘဲ ၄ချပ်ပဲ ကျန်ခဲ့တာဖြစ်တယ်။ ကောင်လေးကို သူတကယ် ချစ်မြတ်နိုးခဲ့မိလို့ ကိတ်ခြောက်အားလုံး ကောင်လေးကို ခွဲဝေပေးခဲ့တာဖြစ်တယ်။

ကယ်ဆယ်ရေးခေါင်းဆောင် သူ့ကိုတွေ့ခဲ့ချိန်မှာ သူတစ်ကိုယ်လုံး အေးစက်တောင့်တင်းနေပါပြီ။ သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို တင်းတင်းလေး ဆုတ်ကိုင်ထားတယ်။

သူပြန်လာချိန်ထိ ကျွန်မတောင့်ခံနိုင်တော့ မဟုတ်ဘူး။ သူ့ကို ပြောမပြပါနဲ့… သူ့ဘဝနဲ့သူ ပျော်ရွှင်နေပါစေ

အချစ် ဘာကြောင့် လှပရသလဲ?

မူရင်း …. Google search (我用生命守住了一個秘密)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

source : http://nineninesanay.blogspot.com/2009/03/blog-post_31.html

နိုင်းနိုင်းစနေ ရဲ့ လက်ရာကောင်းတစ်ခုပါပဲ။
အချစ် ဆိုတဲ့အကြောင်းအရာကို ဆွေးဆွေးလေးနဲ့ တင်ပြထားတဲ့ ဇာတ်လမ်းလေးမို့ နှစ်သက်မိပါတယ်။

One thought on “တစ်ဘဝစာ လျှို့ဝှက်ချက်”

  1. I really like nineninesanay’s posts. When I have any stress, I read some post of nineninesanay. I have a lot of strength in mind. plz take care of my depression .

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>