မြန်မာ့အင်း

တစ်ခုသောညနေခင်းတွင် တောင်သမန်အင်းသို့ ကျွန်တော်ရောက်ခဲ့ပါသည်။

ဦးပိန်တံတား၏ တိုင်လုံးကြီးများဘေးတွင်ထိုင်ရင်း အဝေးကြီးကို လှမ်းမျှော်ကြည့်နေမိသည်။

ညနေရီလေပြည်သည် မယ်ဇယ်ပင်တန်းထဲကို တိုးဝင်လိုက် ပြန်ထွက်လိုက်နှင့် ဟိုဟိုဒီဒီ မြူးတူးနေသည်။ တိမ်တွေက ကောင်းကင်ပေါ်တွင် ထုနှင့်ထည်နှင့် ငြိမ်ကာ ရပ်နေကြသည်။ အိပ်တန်းပြန်ငှက်တွေကလည်း ဟိုအဝေးမှ ပျံသန်းသွားကြသည်။ ၀င်လုဆဲနေ၏ ညှိုးရည်သစ် အလင်းတစ်ချို့က တိမ်ငြိမ်ထုအစွန်းမှာ ခိုတွဲကာ တွယ်ကပ်နေကြသည်။ ပူပြင်းခြောက်သွေ့သော မန္တလေးနွေနေ့လည်ခင်းမှ လွတ်မြောက်ခါစ တောင်သမန်ညနေရီကလေးသည် မွှေးရနံ့တစ်မျိုးဖြင့် ချစ်ဖို့ကောင်းနေလေသည်။

တောင်သမန်၏ မြန်မာ့အင်းသည် ကြည်လင်စိမ်းလဲ့သောရေတို့ဖြင့် လှနေသည်။ အင်းရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသောလေသည် လတ်ဆတ်မွှေးမြနေသည်။ ပြီးတော့ သည်အင်း၏ ရင်ခွင်ထဲမှာ စားသောက်ဖွယ်ရာ ငါးတွေရှိသည်။ ဒါကို လုပ်အားရှင် ကိုတံငါတို့က အတ္တပရ အတွက် ရှာဖွေဖမ်းဆီးကြမည်။ ဒါသည် ကြည်နူးစရာ မြန်မာ့ဝေါဟာရ “အင်း”

အဲဒီအသံထွက်နှင့်တူညီသော “အင်း” သည် ယခုအခါ တံခါးဖွင့်ထားသော စီးပွားရေးမူဝါဒများ ကြောင့် မြို့ပြတွင် ပုံရိပ်တစ်ခုဖြစ်လာခဲ့သည်။

အဲသည် မြို့ပြအင်း(Inn)မှာ ဘာတွေရှိပါသနည်း။

တို့မြို့ပြအင်း(Inn)တွေ…

ရေမရှိ

လှေမရှိ

သို့သော် ငွေရှိ၏။

ငါးမရှိ

ဖားမရှိ

သို့သော် ကျားရှိ၏။

ကဗျာမရှိ

စာမရှိ

သို့သော် ဒေါ်လာရှိ၏။

(ကာရာအိုကေညချမ်း

နှုတ်ခမ်း နှင်းဆီ ဘီယာအဆီတက်

အိပ်မက်ကြေကွဲ

ဒေါ်လာကြဲတဲ့ ဖဲစက်ရာ….)

ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ စရိုက်လက္ခဏာ ရုပ်လွှာအမျိုးမျိုးဖြင့် ခရီးသွားဧည့်သည်တို့သည် ယဉ်ကျေးမှုထွန်းကားသော ကျွန်တော်တို့နိုင်ငံသို့ အလုံးအရင်းဖြင့် လာရောက်လည်ပတ်လျက်ရှိပါသည်။ ဤတွင် လူ့စိတ်သည် ရည်ရွယ်ချက်များ ထပ်တူမနေကြ။ ထိုအခါတွင် အတိမ်းအစောင်းအကွာအဟများ ရှိလာကြပေမည်။ မတူညီသော ယဉ်ကျေးမှုစရိုက်လက္ခဏာများများလည်း တွေ့ဆုံလာကြပေမည်။ ဘယ်လိုအကျိုးဆက်များဖြစ်လာမည်ကတော့ ကိုယ့်အတွေး နှင့် ကိုယ်ပဲဖြစ်သည်။

ယခုပဲကြည့်။ မြိ့ပြအင်း(Inn)၏ အချို့သောစရိုက်လက္ခဏာများကို ကဗျာရှင်က ဖျတ်ခနဲ လှစ်ခနဲ ဖွင့်ပြသည်ကို မြင်တွေ့ခဲ့ကြရပြီ။ ဒေါ်လာကြဲတဲ့ ဖဲစက်ရာမှာဖြင့် အဘယ်သို့သော ပန်းပွင့်များ ကြွေခဲ့ကြပါပြီနည်း။

ပန်းပွင့်များကြွေလေရာအဆောက်အုံကား မြို့ပြအင်း(Inn)ဟုဆိုလျှင်…

တောင်သမန်အင်းကား သန့်စင်လတ်ဆတ်၍ လွမ်းစရာကောင်းလောက်သည့် ဂုဏ်ရည်တို့ဖြင့် ပြည့်လျှမ်းနေသည်မှာ သေချာပါသည်။

ကျွန်တော်သည် တောင်မန်ညနေခင်း၏ အလှကို အရသာခံနေရင်းမှ အတွေးတို့ နယ်ကျွံနေမိသည်။ လန်းဆန်းသော လေပြေလေညှင်းကလေးက မျက်နှာ၊ အင်္ကျီနှင့် လုံချည်တို့ကို တိုက်ခတ်၍ ကလူကျီစယ်နေလေ၏။ အနောက်ဖက်တွင် နေလုံးကြီးသည် ၀င်းမှည့်နေသော ပန်းသီးနီနီကြီးတစ်လုံးကဲသို့ စစ်ကိုင်းတောင်တန်းကြီးများပေါ်သို့ မေးတင်လျက် တစ်နေ့တာအတွက် နှုတ်ဆက်နေလေပြီ။

တောင်သမန်ညနေခင်းကား တဖြည်းဖြည်းနှင့် အားမှိန်ဖျော့တော့လာသည်။ ညသည် အနက်ရောင်ဇာလွှာပါးဖြင့် လောကကို ဖုံးလွှမ်းရန် ကြိုးစားနေ၏။

ခနကြာလျှင် မြို့ပြအင်းတွေ နိုးထတော့မည်။ ကာရာအိုကေညချမ်း၊ ဒေါ်လာကြဲတဲ့ ဖဲစက်ရာ၊ ဘီယာနှုတ်ခမ်း၊ နှင်းဆီပွင့်ဖတ် တစ်ဖတ်စီကြွေ….

သက်ပြင်းကို လေးလေးတွဲ့တွဲ့ ချမိသည်။ နားထဲမှာတော့ အင်းရေပြင်က လှိုင်းခတ်သံတွေ ဆူညံနေဆဲ။

ဆယ်စုနှစ်တော့ ကြာခဲ့ပါပြီ။

ဒါပေမယ့် ယနေ့တိုင် တောင်သမန်ည လွမ်းနေရဆဲပါ။

One thought on “မြန်မာ့အင်း”

  1. မြန်မာ့အငွေ့ အသက်နှင့် မြန်မာ့ အက်ဆေးတစ်ပုဒ်ကို အခုလို တင်ပြထားတာ ချီးကျုးပါတယ်။
    ဆက်လက်၍ရေသားစေလိုပါတယ်။

    လူပတ်ဝန်းကျင်မှာ အဖြစ်အပျက်တွေ အနှပညဆန်စွာ တင်ပြဖို
့ကျွန်တော်တို့ လည်းကျိုးစားပါအုံးမည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>