ဧရာဝတီအကြောင်းပြောကြရအောင်

“ဧရာဝတီမြစ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ နှင့်
နိုင်ငံရေးဆိုင်ရာပြဿနာ အလုံးစုံကို ကျွန်ုပ်တို့ အားလုံး ပူးပေါင်းခြင်းဖြင့်
အောင်မြင်စွာ ဖြေရှင်း နိုင်ကြ ပါမည်” (ဒေါ်အောင်ဆန်းစုကြည်)

 

မြစ်ပြင်ကဒေါသမရှိ
ပကတိ အေးချမ်းသာယာသည်
ချစ်စွာသော ဧရာဝတီ။ (ဒဂုံတာရာ)

 

ဧရာဝတီဆိုတဲ့စကားလုံးကို ကျွန်တော်တို့ ပြည့်ပြည့်၀၀ နားလည်ခံစားနိုင်မှုမရှိခဲ့ရင်
ကိုယ်ကျိုးရှာမှုတွေ အတ္တကြီးမှုတွေနဲ့ ဧရာဝတီရဲ့ ပျက်စီးရာပျက်စီးကြောင်းကို
ဖန်တီးမိကြမှာပါပဲ။ (မြင့်မိုးအောင်)

 

တစ်ချိန်က
ဧရာဝတီဟာ ရာဇ၀င်သစ်ကို ထွင်းထုရာ
အခုများတော့
ဧရာဝတီဟာ သောင်ထွန်းနေတဲ့ ရင်ကိုပွေ့ပိုက်လို့
အခုများတော့
ဧရာဝတီဟာ စွန့်ပစ်ခံကလေးငယ်လို ငိုကြွေးလို့။ (စိုးရိမ်)

 

ခု တံတားအစင်းစင်း မင်းအပေါ်ခွလို့၊
တံတားတိုင်တွေဟာ မင်းရဲ့လမ်းပေါ်ချဉ်နင်းလို့
သြ ငါတို့ရဲ့ သွေးလွှတ်ကြောမကြီး၊
မဟာမြစ်မင်းလည်း လူတို့ပြုသမျှ နုရပြီလား။ (မောင်လင်းရိပ်)

 

မြစ်ဆုံက ကျောက်စရစ်ခဲလေးတွေဟာ
ဓာတ်ပုံထဲမှာတော့ အတော့်ကို လှပါတယ်
သို့သော် ရေစပ်စပ်နဲ့ မြစ်ကြီးကိုတွေ့ရတော့ … (မိုးဝေး)

 

တန်ဖိုးပေါင်း မြောက်မြားစွာကို
သယ်ဆောင်လာခဲ့သော
ဧရာဝတီ။

ထိုဧရာဝတီမြစ်ကြီးသည် တည်ကြည်ခံ့ညာစွာ စီးဆင်းလာခဲ့၏။
စီးဆင်းပါလေဦး…. ဧရာဝတီ….။ (နောင်ကျော်)

 

ဧရာဝတီသည် သူချစ်သည့်ပုဂံ၊ သူချစ်သည့်မြန်မာကို
နီးသထက်နီးအောင်ကပ်ရင်း အားပြည့်မာန်ပြည့် စီးဆင်းနေခဲ့ဖူးသည်။
ခုတော့ ဧရာဝတီသည် လောကနန္ဒာမှ၊ ပုဂံမှ၊ သူချစ်သောမြန်မာမှ
တစ်စစ ဝေးသထက် ဝေးလာကာ ကျုံလှီသိမ်ငယ်ခံရလေပြီ။ (နီဟိန်းမော်)

 

ဒီမြစ်ကြီးရဲ့ ရေသယံဇာတကို အမြတ်ထုတ် အကျိုးရှာလိုသူ အသင်တို့၊
ဒီမြစ်ကြီးကို သင်တို့ပိုင်ဆိုင်သလို ကျန်တဲ့ သန်းခြောက်ဆယ်သော မြန်မာပြည်သူတို့လည်း
အတူတကွ ပိုင်ဆိုင်ထားတာဖြစ်တယ်။ (ဌေးဝင်းနှစ်)

 

ဒီနေရာမှာ ဧရာဝတီမြစ်ကြီးစီးဆင်းခဲ့တာပေါ့ကွယ် ဆိုပြီး
တစ်ချိန်က ဧရာဝတီပုံပြင်ကို အမွေပေးခဲ့မလား
နှလုံးသားရော ဦးနှောက်ရော အလုပ်လုပ်ကြဖို့ အချိန်တန်နေပါပြီ။
ဒါကို မသိသားဆိုးဝါးနေကြဦးမယ် ဆိုရင်တော့ဖြင့်… (နန္ဒကြယ်စင်)

 

အကြည့်ခံတဲ့ ဧရာဝတီဟာ မြေရဲ့ အနုပညာ။
အမေလိုလဲ ကျေးဇူးကြီးကာ သူ့ရင်ခွင်မှာ မှီတွယ်နေတဲ့ သက်ရှိများစွာရယ်။
သူ့ကျေးဇူးကိုဘယ်လိုတုံ့ပြန်ရမလဲလို့ ဥာဏ်သေးသေးလေးနဲ့ မတွေးတတ်ပါဘူး။
ဒါပေမယ့် အမြစ်မြဲမယ့် သစ်ပင်ငယ်လေးတွေကို
ကမ်းပါးစောက်တစ်လျှောက်မှာ စိုက်ကြည့်ချင်သေးတယ်။ (မယ်ကိုး)

 

ဧရာဝတီက စကားပြောတတ်ရင်
သူညည်းပြမှာပဲ။ (၀င်းဇော်လတ်)

 

မိခင်ဧရာဝတီသည် သူ့တာဝန်သူကျေခဲ့သည်။
သူ့သစ္စာတရားကို စောင့်သိရိုသေလိုက်နာစောင့်ထိန်းပုံမှာ
သြချစရာပင် ကောင်းနေခဲ့ပါသည်။
မြစ်ဝှမ်းသားတွေကရော
မိခင်ဧရာဝတီ၊ ကိုယ့်အမျိုးသားကိုယ်စားပြု ဧရာဝတီအပေါ်
သစ္စာစောင့်သိရိုသေခဲ့ကြပါသလား။ (ခိုင်မျိုးဇော်)

 

One thought on “ဧရာဝတီအကြောင်းပြောကြရအောင်”

  1. မဟာသတို့သမီး

    အို….ဧရာဝတီ…

    ယဉ်ကျေးမှု့တို့ရဲ့ နှလုံးသား ရင်ပြင်….

    ဓမ္မ၊အဓမ္မ တို့ စီရင်ဆုံးဖြတ်ရာ ခုံရုံး၊

    ယုံကြည်သူတွေ ထုဆစ် ချစ်ခြင်းတို့ မွေးဖွားရာ… ။

    အို…ဧရာဝတီ။

    ခုတော့…

    မြန်မာပြည် ဆိုတဲ့ နယ်စပ်မျဉ်း၊

    အဝိုင်းအဝန်းမှာ ဖြတ်စီးလို့

    နောင်တရနေပြီလား။

    ကျေးဇူးကန်းလေခြင်း လို့

    အမျက်သိုနေပြီလား၊

    သို့မဟုတ်…

    နာကျင်ကိုက်ခဲ၊မျက်ရည်ဝဲ

    မဲ့ပြုံး နဲ့ သင့်မျက်လုံးမှာ ရီဝေနေမလား…။

    အို..ဧရာဝတီ

    ပြည်တွင်ပြည့်ဖြိုး၊ဆန်ရေ မိုးနဲ့

    ကောက်ပဲသီးနှံ၊ခွက်၊တောင်းလျှံလည်း၊

    ကျွေးကားကျွေး၏မဝ ..

    ပေးကားပေး၏မရ….လို့များ

    စစ်ကိုင်းရိုးဖက်၊သံဝေဂ တမျိုးနဲ့

    ဣနြေ္ဒ ချုပ်ရိုး ကိုဆင်ဝတ်

    ဘုရားရှိခိုးအမျိုးမျိုးကို၊ သင်ရွတ်နေမလား…။

    ဒါမှမဟုတ်….နေဝင်ကမ်းဖက်…

    ငှက်ပေါ်က ငှက်တွေ ရဲ့ အိမ်ပြန်ရက်တွေကိုများ

    လက်ကျံပန်းချီတချပ်လို ဆွဲနေလား..ဧရာဝတီ..။

    အို…ဧရာဝတီ

    သင့်ခန္ဓာ အပိုင်းပိုင်း ဖြတ်လှီး၊

    မညူမငြီး၊မနာကျည်းရက်

    သင်ကသာ ခရီး ဆက်နေခဲ့လည်း၊

    သင့်လည်မြိုကို ကြိုးပေး ကွပ်မျက်၊

    အသေသတ်ပါမှ ကျေနပ်မယ့်

    မြစ်မုဆိုး ရဲ့လက်ထဲ လူးလှိမ့်ငြီးတွား

    သင့်အစား အနေခက်လှတော့တယ်။

    အို..ဧရာဝတီ

    သင့် အန္တိမ ဟာ

    တို့ အဆုံးသတ်နဲ့ ဆုံးဖြတ်နေပါလျှက်

    ငါတို့…တွေဝေ နေရဦးမယ်….ဟုတ်စ။

    ငါတို့ သစ္စာပြုတယ်။

    တည်သောသစ္စာ၊မြည်သောစ္စာ….. ။

    ငါတို့ရဲ့ ဓါးတွေနဲ့ ဧရာဝတီ ကိုကာကွယ်ကြ၊

    ငါ တို့ရဲ့ လူရိုင်းဓါးတွေကို ယဉ်ကျေးအောင် သွေးကြ။

    ငါတို့ရဲ့ ထာဝရ အကျိုးစီးပွား စစ်စစ်ကို ဆောင်ကျဉ်းကြ။

    ရင်သွေးလည်းဖြစ်၊

    မိတ်ဆွေလည်းဖြစ်၊

    မိခင်လည်း ဖြစ်တဲ့

    ဧရာဝတီ နဲ့အတူ စီးဆင်းပါအံ့။

    ဘာပဲဖြစ်ဖြစ်…ဧရာဝတီ..ရေ

    ငြိမ်းချမ်းရေး တေးကိုဆိုပါ…

    ပန်းမာလ်နံ့သာကိုလိမ်းပါ…

    သစ္စာတရားကို ဗုံတီးပါ…..

    ပျော်ရွှင်စွာ လူးလှိမ့်ကခုန်ပါ…

    အဖိုးထိုက်ရတနာတို့ကို ဆင်ယင် ကျဲဖြန့်ပါ….

    ရင်နှစ်သည်းချာ ငါတို့ကိုလည်းအပ်နှံပါ။

    ရှင်ပြန်ထမြောက်ပါ။

    တည်ငြိမ်စွာနှလုံးခုန်ပါ။

    ငါတို့လည်း…

    ငြိမ်းချမ်းရေးတေးကို ဆိုပါမည်…..

    ပန်းမန်လ်နံ့သာတို့ကိုလိမ်းပါမည်…

    သစ္စာတရားကို ဗုံတီးပါမည် …..

    ပျော်ရွှင်စွာ ကခုန်ပါမည်…

    ရတနာတို့ကို ဆင်ယင်ကျဲဖြန့်ပါမည်….

    ငါတို့ ဝိညဉ် သင့်ထံအပ်နှံပါမည်…

    သင်နှင့်….. သင့်အမွေအနှစ် ဓမ္မ ကို

    ချစ်မြတ်နိုးနေပါဦးမည်။

    သင့် နှောင်ကြိုးကိုလည်းဖြည်ပါမည်။

    အမေဇုံ ထက်မညံ့ကြောင်း၊မစ္စစ္စပီ ထက်ခေတ်မီ ကြောင်း၊

    မြစ်ဝါမြစ်ထက် သစ္စာတည်ကြောင်း၊နိုင်း မြစ်လို မရိုင်းယစ်ကြောင်း၊

    ဂင်္ဂါလို ရင့်မာကြောင်း၊သိမ်းမြစ်လို မယိမ်းယိုင်ကြောင်း၊

    ယန်စီလို မန်မဖီတတ်ကြောင်း၊ချော့ဖရား လို့ မဖေါက်ပြားကြောင်း

    စသဖြင့်၊စသဖြင့် ငါတို့ပြောကြမည်။

    ဣနြေ္ဒကြီးကြောင်း၊ရှက်တတ်ကြောင်း၊

    တည်ငြိမ်ကြောင်း၊ဆွဲဆောင်မှုရှိကြောင်း၊

    မာယာများကြောင်း၊တီတီတာတာ တတ်ကြောင်း

    ရဲရင့်ကြောင်း၊သဘောထားကြီး ကြောင်း၊

    သစ္စာတည်ကြောင်း၊အနာအဆာကင်းကြောင်း၊

    နူးညံ့ကြောင်း၊အကင်းပါးကြောင်း၊

    သည်းခံကြောင်း၊စိတ်ကောက်တတ်ကြောင်း

    စသဖြင့်၊စသဖြင့်လည်း…ငါတို့ တဖွဖွ ဆိုကြ၊ရွတ်ကြမည်။

    ကဲ..ကဲ…တိတ်တော့ ဧရာဝတီ

    တဆိတ်လောက်…ပြုံးပါလေ။

    ဒဏ်ရာတွေ များပေမယ့်

    အမှန်တရားဟာ အဖန်ဖန်ပြန်ဝင်စားတယ်။

    ဟိုး…ရှေ့နားက အောင်မြေမှာ

    ငါတို့ဆုံကြမယ်…ဧရာဝတီ။

    အိုးဝေမျိုး

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>