ထူးအိမ်သင် (သို့ ) မှော်ဆရာသီချင်းငှက်သို့ လွမ်းဆွတ်မှု

သူ့ကိုးကွယ်ရာက
“မဟာဝီရ အို … ဗုဒ္ဓ” …။

သူ့နှလုံးသားအချစ်စိတ်က
“မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ်
မနေ့က ငါ သေဆုံးသွားခဲ့” …။

သူ့တောင့်တမှုက
“ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ ကြီးမားမှု” …။

သူ့မုဒိတာက
“ကျေးလက်က ဆရာသူငယ်ချင်းရေ
စိတ်ဓာတ်ကလေး ဖြူစင်သန့်ရှင်းနေ
အားလုံးအတွက် တာဝန်တွေ ထမ်းဆောင်တဲ့
မင်းအတွက် ဒို့ ဂုဏ်ယူလိုက်ပါတယ်” …။

သူ့စိတ်စေတနာက
“ဟေး လာ မိတ်ဆွေတို့ရေ
ကလေးငယ်များ ပျော်ပါစေ …
ဟေး လာ မိတ်ဆွေတို့ရေ
မိခင်များ ပျော်ပါစေ” …။

သူ့မှာတမ်းက
“အို … ညီလေးရေ
ယုံကြည်ချက်နဲ့ အသက်ရှင်ခြင်းက အကောင်းဆုံးပါ
ကမ္ဘာမြေကြီးအား
မင်းတယောက်အတွက် သက်သက် ၀န်ပိုမလေးဖို့ရာ” …။

သူ့တန်ဖိုးထားမှုက
“ရွှေအတိပြီးသော မြို့ပြများ အစဉ်အလာကြီးမားခဲ့ကြရာ
သည်မြေဟာ ဒို့ရဲ့အမိမြေ …
ယဉ်ကျေးမှုရဲ့ နှလုံးသား ရှင်သန်စေသူ တန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ … ဧရာဝတီ” …။

သူ့ယုံကြည်ချက်က
“ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့တွေလည်း
ကျော်လွန်သွားခဲ့ရင် ပြန်ဆုံဦးမယ်” …။

သူ့ကို ကျနော် အခိုက်ဆုံးက
ဟောဒီ ခံယူချက်ခင်ဗျ …
“လောကမှာ ကိုယ်အသက်ဆက်ဖို့အတွက်
အခြားဘ၀တွေ ဆုံးရှုံးမသွားဖို့ပဲ
နှလုံးသားမှာ သတိရှိနေ
အိုး … စွန့်လွှတ်ဖို့အသင့်ပဲ” …။

အဲဒီ မှော်ဆရာသီချင်းငှက်
၁၄-၈-၂၀၀၄ ရက်မှာ
ကောင်းကင်ဘုံထက်
(နှုတ်မဆက်ဘဲ …)
ရုတ်တရက် ပျံတက်သွားခဲ့ …။ ။

(ထူးအိမ်သင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် ဂုဏ်ပြုအမှတ်တရ ရေးဖွဲ့ပါသည်။)
ဒေါက်တာလွဏ်းဆွေ
(၁၄-၈-၂၀၁၁၊ နံနက် ၁း၀၈ နာရီ)

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>