သတင်းထောက်ဖြစ်လို့တဲ့ ပိုက်ဆံ မယူရဲကြဘူး

ကျမမှာ ရေးချင်စရာက ရှိလာခဲ့ပြန်ပါပြီ။ မနေ့ညက ကျမရဲ့ မောင်လေး အေးချမ်းဟိန်(ဗိုဟိန်၊ မြစ်မခ)ရဲ့ ဇနီး မြင့်မြတ်(ကြယ်စင် မြစ်မခ) ဗဟိုအမျိုးသမီးဆေးရုံ တင်လိုက်ရတယ်။
မြင့်မြတ်က ကိုယ်ဝန်ကြီးနဲ့ပါ၊ ကိုယ်ဝန် သက် ၇လ မပြည့်သေးဘူး။

သူတို့ လင်မယား နှစ်ယောက်စလုံးက ပြည်တွင်းသတင်းထောက်တွေပါ။ မြစ်မခမှာ ၀င်ရေးနေကြတဲ့ သတင်းထောက်တွေပါ။
သူတို့လည်း မြန်မာပြည်က သတင်းထောက်တွေဆိုတော့ ငတ်တလှည့်ပြတ်တလှည့်ပါ။ ကိုယ်ဝန်ကြီးနဲ့ပေမဲ့ အိုဂျီဆီကိုလည်းမှန်မှန် မသွားနိုင်ရှာပါဘူး။ ပထမ ကလေးတုန်းကလည်း ကိုယ်ဝန် ၈လနဲ့ ဗိုက်ထဲမှာတင် ကလေး ဆုံးခဲ့တယ်။ ခုလည်း မြင့်မြတ် ခါးတွေနေတော့ ကျမတို့ အားလုံးစိတ်ပူနေခဲ့ကြတယ်။

မနေ့ညကပဲ ကျမအမေ (ထားဝယ် တက္ကုသိုလ်က တွဲဖက်ပါမောက္ခ ) အမေက သူစာအုပ်ထုတ်ဖို့ သူ့ဆွဲကြိုးကနေ ဖြစ်လာတဲ့ ပိုက်ဆံကို မြင့်မြတ်(ချွေးမ)ဆေးရုံတင်ဖို့ ထုတ်ပေးခဲ့တယ်။ ကျမလည်း ရှိတာလေး ထုတ်ပေးနိုင်ဖို့ကြိုးစားပါတယ်။ သိတဲ့အတိုင်း ကျမတို့ဆီမှာ ပိုက်ဆံဆိုတာ ပိုပိုလျှံလျှံ ဘယ်တော့မှ မရှိပါဘူး။ ညဆိုတော့ ပိုက်ဆံဖြစ်ဖို့ ပိုခက်ပါတယ်။

ဒီနေ့ မနက်ကျမှပဲ သူတို့လင်မယားရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံကို ကျမတို့ လိုက်သွားကြည့်ကြတယ်။ မြင့်မြတ်သက်သာပါတယ်။ သူ့ဗိုက်ထဲက သမီးလေးလည်း ဘာမှ မဖြစ်ပါဘူးဆိုတော့မှ ကျမတို့ သက်ပြင်းမောချနိုင်တယ်။ တညလုံး မအိပ်ရသေးတဲ့ မောင်လေးနဲ့ကျမ စကားပြောဖြစ်တော့ သူက ပြောပြတယ်။ မနေ့ညက ဆေးရုံတင်တော့ ဆေးရုံမှာ ပိုက်ဆံပေးရတယ်တဲ့။ ထုံးစံအတိုင်း အပေါက်ဝကနေ အရေးပေါ်အခန်းထိ တောက်လျှောက် ပေးလာခဲ့ရတာ သူ့မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံနဲ့ အမေ့ ပိုက်ဆံတွေ တော်တော် ထိသွားခဲ့တဲ့အကြောင်း ပြောပြပါတယ်။

အဲဒီမှာ ပိုက်ဆံတွေ ကုန်သွားပြီးမှ အရေးပေါ်ခန်းမှာ တာဝန်ကျ ဆရာဝန်က လူနာရဲ့ အလုပ်အကိုင်နဲ့ ခင်ပွန်းရဲ့အလုပ်အကိုင်မေးတော့ သူတို့ နှစ်ယောက်စလုံး သတင်းထောက်ဆိုတာ ဆေးရုံဝန်ထမ်းတွေ သိသွားတာပေါ့။ အဲလို သိပြီး မကြာခင်မှာ ဆေးရုံဝန်ထမ်းအချို့က သူတို့ တောင်းထားတဲ့ ပိုက်ဆံတွေကို ညတွင်းချင်း ပြန်လာပေးကြတယ်တဲ့။ တောင်းတောင်းပန်ပန်နဲ့ကို

တကယ်ကို တုန်တုန်ယင်ယင်တွေ ဖြစ်ပြီး ပြန်လာပေးကြတယ်လို့ မောင်လေးက ပြောပြတယ်။

မောင်လေးက သဘောကောင်းတော့ အဲဒီ ပိုက်ဆံတွေ ပြန်မယူပါဘူး။ သူတို့ကလည်း ဇွတ်ပေးပေါ့။ သူကလည်း မယူဘူးလို့ ငြင်းတယ်။နောက်တော့ မောင်လေးက သူ့မိန်မကို ဂရုစိုက်ပေးပါ၊ ပေးထားတဲ့ ပိုက်ဆံကိုတော့ ပြန်မယူတော့ဘူး၊ သူ ကြည်ကြည် ဖြူဖြူနဲ့ ပေးတာပါလို့ ပြောခဲ့ရတာလို့ ပြောတယ်။

သူ့ဇနီးက ခုတော့ ဗဟိုအမျိုးသမီးဆေးရုံမှာ ဆေးရုံဝန်ထမ်းတွေက ဂရုစိုက်ကြတဲ့ လူနာဖြစ်နေပါပြီ လို့ သူက ကျမကို ရယ်ရယ်မောမောနဲ့ ပြောပြတယ်။
ကျမက သူ့ကို နင်ဘာဖြစ်လို့ ပိုက်ဆံ ပြန်မယူတာလဲလို့ မေးတော့ သူက ပြောတယ်။
`မယူရက်တော့လို့` တဲ့။ သူက မချမ်းသာပါဘူး၊ ပြောရရင် ဆင်းရဲပါတယ်။ သတင်းရေတယ်၊ သတင်းအယ်ဒီတာ အနေနဲ့ အသက်မွေးဝမ်းကျောင် ပြုနေတာပါ။ သူကလည်း ဆေးရုံဝန်ထမ်းတွေရဲ့ နွမ်းပါးမှုကိုလည်း သိတယ်။ သတင်းထောက်လို့ သိပြီး ပြသနာဖြစ်မှာ ကြောက်လို့ ပိုက်ဆံ ပြန်လာပေးကြတာကိုလည်း သိတယ်၊ သူတိုရဲ့ ကြောက်စိတ်တွေကိုလည်း နားလည်တယ်။

ပြီးတော့ အောက်ခြေ အစိုးရ ၀န်ထမ်းလေးတွေရဲ့ ကြပ်တည်းမှုတွေကိုလည်း နားလည်နေတော့ မယူဖြစ်တော့တာလို့ ဖြေပါတယ်။
အဲဒီအဖြေကို ကြားရပြီးတော့ ကျမမှာလည်း စိတ်မကောင်းဖြစ်သွားခဲ့ရတယ်။ပြီးတော့ ဖြစ်ရပ်တခုကိုလည်း သွားပြီး သတိရလိုက်မိပါတယ်။

တခါတုန်းက ကျမ သားကြီး ကို သူ့ကျောင်းကနေ အလှူငွေ ကောက်ကောက်နေလို့ ကျမ က သားရှေ့မှာပဲ ညည်းခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းကပါ။သားတို့ ကျောင်းက တလကို တကြိမ်လောက် အလှူငွေကောက်ပါတယ်။

ကျမကလည်း ဘ၀တလျှောက်လုံ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းခဲ့တော့ မချမ်းသာပါဘူး၊ ပိုက်ဆံလည်း ပိုပိုလျှံလျှံ တခါမှ မရှိခဲ့ဘူး။ လိုနေတာပဲ များတယ်ဆိုတော့ သားက ပိုက်ဆံတောင်းတိုင်း ညည်းမိတာချည်းပါပဲ။

နောက်တော့ သားက အဲဒီနှစ်ထဲမှာပဲ ကျမဆီကနေ အလှူငွေ လုံးဝ မတောင်းတော့ဘူး။ မှတ်မှတ်ရရ သူ အလှုငွေ မတောင်းတာ ၂ လ လောက်ကြာတော့ ကျမလည်း သတိထားမိပြီး သူ့ကို မေးလိုက်မိတယ်။ သားတို့ ကျောင်းက အလှူမခံတော့ဘူးလား ဆိုတော့ သားက ပြောတယ်။ အလှူခံပါတယ်တဲ့ ..ဒါပေမဲ့ သားက ဖြေရှင်းလိုက်ပြီ လို့ ဖြေတယ်။

ကျမကလည်း သားစကားကြားပြီး မျက်လုံးပြူးသွားတယ်။ သူ ဘယ်လိုများ ဖြေရှင်းနေသလဲ ဆိုတာကိုလေ။
သား ဘယ်လို ဖြေရှင်းတာလဲ လို့မေးတော့သားက စာရေးမပျက် ကျမကို ပြန်ဖြေတယ်။

`သားမိဘတွေ ဘာလုပ်လဲလို့မေးတော့ သားဖေဖေက အင်ဂျင်နီယာ၊ မေမေက သတင်းထောက်ပါ`လို့ ဆရာမကို ပြောလိုက်တယ် မေမေ လို့ သားက ဖြေတယ်။အမေရဲ့ အလုပ်အကိုင်က သတင်းထောက်ဖြစ်နေတဲ့အတွက် သားဟာ ကျောင်းမှာ အလှူငွေ မထည့်ရတဲ့ ကလေးဖြစ်သွားခဲ့တယ်တဲ့။

ကျမတို့ မြန်မာနိုင်ငံမှာ ကျောင်းတွေမှာ အလှူခံခြင်းတွေ ဆေးရုံတွေမှာ စရိတ်မျှပေး ကိစ္စတွေနဲ့ ကြုံတိုင်း ကျမ စိတ်မသက်မသာ ဖြစ်ရတာ ချည်းပါပဲ။အကြောင်း အမျိးမျိုးနဲ့ ပိုက်ဆံတောင်းနေတဲ့ ၀န်ထမ်းတွေကို လာဘ်စားတဲ့ အပြစ်ရှိသူတွေလို့ မြင်ရမလား။ မမြင်ရဘူးလား ဒါ သူတို့ လာဘ်စားနေတာလား ဆိုတာကို ခုချိန်ထိ မဝေခွဲနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ ချမ်းသာတယ် ပြည့်စုံတယ်ဆိုတဲ့ သူတွေ ရှိပေမဲ့ အများစုကတော့ ဆင်းရဲကြပါတယ်။ မပြည့်စုံကြပါဘူး။ အထူးသဖြင့် အစိုးရ၀န်ထမ်း(အောက်ခြေ )တွေက ပိုဆင်းရဲကြတယ်။ သူတို့မှာ ငွေကြေးမပြည့်စုံတဲ့အပြင် သာမန်လူတွေထက် ပိုပြီး ကြောက်တဲ့ အကြောက်တရားကပါ ကြီးစိုးနေတာပါ။ အထက်က လူတွေကို ကြောက်ရ၊ ငတ်နေတော့ ခိုးရဆိုတဲ့ အကြောက်တရားတွေအပြင် သူတို့မှာ ဦးနှောက်သင်းကွက်တာလည်း ခံထားရတော့ အတွေးတွေကိုက မလွတ်လပ်ရှာပါဘူး။ ဒါ့အပြင် ခြောက်လှန့်ထားတာတွေလည်း ရှိတော့ ပိုကြောက်တတ်ကြပါတယ်။အဲလို လူတွေနဲ့ ကြုံရတိုင်း ကျမတို့မှာ စိတ်မကောင်းဖြစ်ရတယ်။

အတွေးတွေ လွတ်လပ်ဖို့။လူ့အခွင့်အရေး ဆိုတာ ပျောက်နေတဲ့ သူတို့ ဘ၀တွေကို စာနာစိတ်နဲ့ နာကျင်ရ၊ ဒေါသတွေ ဖြစ်ရနဲ့ပါ။
ခုလည်း သတင်းထောက်ဖြစ်တဲ့အတွက် ဆေးရုံဝန်ထမ်းက ပိုက်ဆံ မယူရဲဘူး။ မောင်လေးကလည်း မပြည့်စုံပေမဲ့ သူထက် ပိုပြီး အစစအရာရာမှာ ဆင်းရဲတယ်၊ သူ့ထက်ပိုပြီး မပြည့်စုံဘူးလို့ ထင်တဲ့အတွက် ဆေးရုံဝန်ထမ်းတွေက ပြန်ပေးတဲ့ ပိုက်ဆံကို သူ မယူခဲ့ပါဘူး။အဲဒါ သူမှားသွား သလားလို့မေးပါတယ်။

အဲဒါ သူမှားသွားသလား ကျမ စဉ်းစားနေဆဲပါ။ ပညာတတ်ဝန်ထမ်းတွေလည်း ဒီလိုပါပဲ။

(မေသင်္ကြန်ဟိန် ၏ ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြသည်။)
http://www.maukkha.org/

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>