“သင်္ကြန်ချိန်ခါ နှုတ်ဆက်မင်္ဂလာ”

စမ်းချောင်းဂျာနယ်ရဲ့ လေးစားရတဲ့ ပရိသတ်ကို မြန်မာသက္ကရာဇ် ၁၃၇၂ မှ ၁၃၇၃သို့ ကူးပြောင်းတော့မယ့် အတာသင်္ကြန်အခါသမယမှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြစေဖို့ “သင်္ကြန်ချိန်ခါနှုတ်ဆက်မင်္ဂလာ” ဆိုတဲ့ ဒီဆောင်းပါးလေးနဲ့ မေတ္တာလက်ဆောင်ပါးလိုက်ရပါတယ်။

ကျွန်တော်တို့ မြန်မာအမျိုးကောင်းသားသမီးများဟာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံကြတဲ့အခါ “မင်္ဂလာပါ” လို့ “နှုတ်ဆက်” တဲ့ ဓလေ့ရှိပါတယ်။ အခုဆောင်းပါးမှာ တိပိဋက ယော ဆရာတော် ဘုရားကြီးရဲ့ “မင်္ဂလာ” ဆိုတဲ့ စကား၊ “နှုတ်” ဆိုတဲ့စကား နဲ့ “ဆက်” ဆိုတဲ့ စကားများကို တစ်လုံးစီ ခွဲလို့ အဓိပ္ပာယ်များ သီးခြားဖော်ထုတ်ပေးထားတာကို တစ်ဆင့်ပြန်လည်တင်ပြဆွေးနွေးမှာ ဖြစ်ပါ တယ်။

မင်္ဂလသုတ်မှာပါတဲ့ “သဗ္ဗပါပ၀ိနာသနံ” ဆိုတာ မကောင်းမှုများကို ဖယ်ရှားရှင်းလင်းပြီး ကောင်းမှုများ ပြုလုပ်ခြင်း ကို “မင်္ဂလာ” လို့ ဆိုလိုပါတယ်။ နောက်တစ်ခါ “နှုတ်” ဆိုတာဟာ မလိုတာကို ဖယ်ထုတ်ခြင်း၊ မကောင်းတာကို ဖယ်ရှားခြင်း၊ ယုတ်လျော့သွားခြင်း ဆိုတဲ့ အနက်သဘောကို ဆောင်ပါတယ်။ “ဆက်” ဆိုတာကတော့ အလျင်မပြတ်ရအောင် နောက်က ထပ်မံဖြည့်တင်းပေးခြင်း၊ တစ်ခု နဲ့ တစ်ခု ချိတ်မိအောင် တွဲစပ်ပေးခြင်း၊ ပြည့်တင်းလာခြင်းလို့ အဓိပ္ပာယ် ယူပါတယ်။ ဒါကြောင့် “နှုတ်” နဲ့ “ဆက်” ကို ပေါင်းလိုက်ပြီး “မင်္ဂလာ” နဲ့ တွဲလိုက်ခြင်းအားဖြင့် “မင်္ဂလာပါ” လို့ “နှုတ်ဆက်”လိုက်တာဟာ အချမ်းသာဆုံး အအေးငြိမ်းဆုံး နိဗ္ဗာန်သို့ မျက်မှောက် ပြုရာလမ်းစတစ်ခုဖြစ်တဲ့ အပူဆင်းရဲကို နှုတ်၊ အေးငြိမ်းချမ်းသာကို ဆက်၊ ရှုပ်တာကို နှုတ်၊ ရှင်းတာကို ဆက်၊ ညစ်တာကို နှုတ်၊ သန့်စင်တာကို ဆက်၊ မကောင်းတာကို နှုတ်၊ ကောင်းတာကို ဆက်၊ အကုသိုလ်အမှုများကို နှုတ်၊ ကုသိုလ်တရားများကို ဆက်၊ ဤကဲ့သို့ အနှုတ်မှန်ပြီး အဆက်ကောင်းမှ မင်္ဂလာအစစ်ဖြစ်ပါမည့်အကြောင်းလို့ ဆရာတော်ကြီးက ဆုံးမထားပါတယ်။

“နိဗ္ဗာန သစ္ဆိကိရိယာစ ဧတံမင်္ဂလမုတ္တမံ” ဆိုတဲ့ ပါဠိတော်အတိုင်း နိဗ္ဗာန်ဟာ အေးငြိမ်းချမ်းသာရာ အထွတ်အထိပ် လမ်းဆုံး မင်္ဂလာတရားပဲဖြစ်ပါတယ်။ နိဗ္ဗာန်ချမ်းသာကို ရရှိပြီဆိုရင်တော့ နှုတ်စရာလဲ မလိုတော့သလို ဆက်စရာလဲ မရှိတော့ပါဘူး။ ဒါကြောင့် တစ်ဦးနဲ့ တစ်ဦးတွေ့ကြတဲ့အခါမှာ မကောင်းမှု အကုသိုလ် များကို နှုတ်ပြီး ကောင်းမှု ကုသိုလ်များကို ဆက်ခြင်းဟာ မင်္ဂလာဖြစ်တဲ့အကြောင်း သတိပေးတဲ့ အနေနဲ့ “မင်္ဂလာပါ”လို့ “နှုတ်ဆက်” ကြတာဟာ ပိုပြီး အဓိပ္ပာယ်ပြည့်ဝကြောင်း ဆရာတော်ကြီးက ဆုံးမတော်မူထားခြင်းပဲ ဖြစ်ပါတယ်။

ဒီကနေ့မျက်မှောက်မှာ ကျွန်တော်တို့ဟာ ဂျပန်ဆူနာမီလို၊ တာချီလိတ် တာလေ ငလျင်လို သဘာဝဘေးအန္တရာယ်ဆိုးများကို ကြုံတွေ့နေကြရပါတယ်။ ဒီလိုကြောက်စရာဘေးရန်တွေ၊ ဆင်းရဲ အပူတွေ၊ အခက်အခဲ အကျပ်အတည်း အရှုပ်အထွေးတွေ အားလုံးကို ရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ တရားစွမ်းအားလေးတစ်ခု ကိန်းအောင်းနေဖို့လိုအပ်နေပြီဖြစ်ပါတယ်။ တကယ်လို့များ ဒီလို ဘေးဆိုး ရန်ဆိုး အဖြစ်ဆိုးများနဲ့ ကျွန်တော်တို့ကိုယ်တိုင်ကြုံကြရတော့မယ်ဆိုရင် ဖြစ်လာမယ့် အပူဒုက္ခတွေကို ဘယ်လို ပယ်နှုတ်ပြီး ငြိမ်းအေးမှု သုခကို ဘယ်လိုဆက်ပေးရမယ်ဆိုတာကို အခု ကတည်းက ပြင်ဆင်လေ့ကျင့်ထားသင့်ပြီ ဖြစ်ပါတယ်။ ဘုရားရှိခိုးတာတို့၊ ဂုဏ်တော်ပွားများတာတို့၊ ပရိတ်တရား ရွတ်ပွားကြားနာတာတို့၊ ရတနာသုံးပါးဆည်းကပ်ပူဇော်တာတို့ဟာ ကိုယ့်ရဲ့ အပူဆင်းရဲ ကို နှုတ်ပြီး ငြိမ်းအေးချမ်းသာမှုနဲ့ ဆက်ပေးတဲ့ မင်္ဂလာတရားများပဲ ဖြစ်ပါတယ်။ ဒီလို ဆက်ပေးနိုင်မှလည်း ရတနာသုံးပါးရဲ့စွမ်းအားနဲ့ ဘယ်လိုအကြောင်းကြောင့်ပဲ ပူပူ နှုတ်နိုင်သလောက် အပူသက်သာစေပြီး ဆက်နိုင်သလောက် အေးချမ်းစေတတ်ပါတယ်။

ဒါကြောင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းဟာ ကျွန်တော်တို့တတွေ အမှန်တကယ် “နှုတ်” “ဆက်” ရမယ့် “မင်္ဂလာ” အစစ်ပဲဖြစ်ပါတယ်။

ဒါကြောင့် စမ်းချောင်းဂျာနယ်ရဲ့ လေးစားရတဲ့ ပရိသတ်ကြီးကို မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ နှစ်သစ်ရက်ရာဇာဖြစ်စေဖို့၊ ဆိုးကျိုးတွေနှုတ်ပြီး ကောင်းကျိုးတွေ ဆက်စေဖို့၊ ဆင်းရဲအပူကိုနှုတ်ပြီး ချမ်းသာအအေးနဲ့ ဆက်စေဖို့၊ မကောင်းမှုတွေကို နှုတ်ပြီး ကောင်းမှုတွေ လုပ်လို့ ဒါန၊ သီလ၊ သမာဓိ၊ ၀ိပဿနာကောင်းမှုတရားများကို ရရှိတိုးပွားအောင် ကြိုးစားဆောင်ရွက် ကြပါမှ စိတ်အေးရမှာဖြစ်တဲ့အကြောင်းတိုက်တွန်းရင်း “သင်္ကြန်ချိန်ခါ နှုတ်ဆက်မင်္ဂလာ” ပြုလိုက်ရ ပါကြောင်း။

မကောင်းတာဖြတ်၊ ကောင်းရာညွတ်၊ မြင့်မြတ်မင်္ဂလာ။
ကြီးပွားဘို့ရန်၊ အကြောင်းမှန်၊ ဧကန်မင်္ဂလာ။
မကောင်းမှုရှင်း၊ ကောင်းမှုသွင်း၊ လိုရင်းမင်္ဂလာ။
သတိဉာဏ်ကူ၊ အပူနှုတ်ကာ၊ အေးတာကိုဆက်၊ ရှေ့ကိုတက်၊ နှုတ် ဆက် မင်္ဂလာ။

Wunna

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>