နေမညိုခင်
26 March 2011
Dear Ko Kyaw,
I’m sorry to inform you that your Aunty, Daw Nyo Nyo Hlaing has passed away this early morning 6:30 at Mandalay.
regards,
Wunna
ကျွန်တော်ဆီ ဒီ စာလေးရောက်တဲ့အချိန် -ကျွန်တော် ဒီစာကို ယုံကြည်ဖို့အတော်ခက်ခဲနေခဲ့တယ်။
လွန်ခဲ့သော အပါတ်က ရန်ကုန်က ကျွန်တော်တို့ ရဲ့အိမ်မှာ အဒေါ်ရှိနေခဲ့တယ်။ သူ့ ရဲ့ကျန်းမာရေး သက်သာ တိုးတက်လာတယ်လို့ ကျွန်တော်ကြားသိရတယ်။ ရန်ကုန်မှာပဲ ဆက်နေဖို့ ကျွန်တော်အပါအ၀င် အားလုံးက တိုက်တွန်းနေခဲ့တယ်။ ဒါပေမယ့် မ န္တလေးက ပြလက်စ ဆေးရုံမှာ ဆေးစစ်ဖို့ ထွက်သွားခဲ့သည်။
နောက် ၃ ရက်အကြာမှာ ဒီစာကို ကျွန်တော်ရခဲ့တာပါ။
သေဆုံးခြင်းဆိုတာ ကျွန်တော်တို့ ခဏခဏ တွေ့ မြင်နေတာပါပဲ။ ဒီရက်ပိုင်းအတွင်းမှာပဲ ဂျပန်မှာ လူပေါင်းများစွာ သေဆုံးခဲ့သည်။ တာချီလိတ်မှာ မြေငလျင်လှုပ်တော့လည်း လူတွေ သေဆုံးတာပါပဲ။
သေဆုံးခြင်းဆိုတာ မထူးဆန်းပေမယ့်- ကျွန်တော်ကိုချစ်သော အဒေါ် သေဆုံးပြီ ဆိုတော့ လက်မခံချင်ပါ။
ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခု ပြုတ်ထွက်သွားသလို  – ဟာတာတာ ကြီး ဖြစ်နေခဲ့တာ အမှန်ပါပဲ။
အရွယ်ရောက်တော့လည်း ဒီအဒေါ်နဲ့ ဒီမိသားစု ခဏခဏ လည်ပတ်ဆုံတွေ့ နေကြ။
ကျွန်တော့် မင်္ဂလာဆောင်ကို သူ ဘယ်တော့တက်ရမလဲ အမြဲမေးနေကျ။
ကျွန်တော် စင်္ကာပူကနေ မြန်မာပြည်ကို အလည်ပြန်လာတိုင်း – ရွှေဘိုကို အလည်လာဦးမှာလားလို့   အမြဲမေးနေကျ။
2009 ပထမအကြိမ် ကျွန်တော် စင်္ကာပူက ပြန်လာတုန်းက ကျွန်တော် ရွှေဘိုကို အရောက်သွားခဲ့သည်။ အဲဒီတုန်းက သူ ကျန်းကျန်းမာမာပါပဲ။ ကျွန်တော်နှင့်အတူ ဘုရားတွေ ဖူးပြီး ပျော်ရွှင်ခဲ့ရတာ အမှတ်တရပါ။
နောင် လ အနည်းငယ်ကြာတော့- သူ နှလုံးရောဂါကြောင့် အရမ်းမောမောလာတယ်။ အောက်ဆီဂျင် အကူအညီယူနေရတယ်လို့  သိရတယ်။ နောက် သက်သာသွားတယ်။ နောက် ဆေးရုံ ထပ်တက်ရတယ်။ နောက် ဆေးရုံက ပြန်ဆင်းလာတယ်။ ဒီလိုနဲ့  တဖြည်းဖြည်း တိုးတက်လာတယ်လို့  ကျွန်တော် သိထားခဲ့တယ်။ ဆေးရုံ တက်ရတာ ခဏခဏ ဖြစ်နေတာ့ – ဘာမှ မဖြစ်လောက်ပါဘူးလို့  ပေါ့ဆစွာ တွေးလိုက်မိသည်။
2010 ကျွန်တော်ရန်ကုန်ကို ပြန်တော့- ရွှေဘိုသို့  ကျွန်တော် မသွားခဲ့ပါ။ အဒေါ်နှင့် ဖုန်းပြောတော့ နည်းနည်းမောတာကလွဲလို့  သက်သာတယ် ဆိုတဲ့အကြောင်း သူကိုယ်တိုင် ပြောခဲ့သည်။ ထုံးစံအတိုင်း ရွှေဘို သို့  အလည်လာဖို့  ခေါ်နေခဲ့သည်။ ဒီတစ်ခေါက် ရန်ကုန်မှာ ကျွန်တော် လုပ်စရာလေးတွေရှိနေလို့  ရွှေဘိုသို့  မသွားတော့ဘူးလို့ ဆုံးဖြတ်ခဲ့သည်။
ကျွန်တော့် အဒေါ် အခြေအနေက အသက်ဆုံးရှုံးလောက်အောင် ဆိုးဝါးလိမ့်မယ်လို့  ကျွန်တော် လုံးဝ ထင်မထားခဲ့။ အဒေါ် ဆေရုံးဆေးခန်း ပြနေတာ ခဏခဏ ဆိုတော့ ကျွန်တော်လည်း အနာနဲ့ ဆေး အဆင်ပြေနေတာပဲ။ မနှစ်က ရောက်ထားခဲ့တာပဲ နောက်တစ်ကြိမ် မှသွားတွေ့ တော့မယ်လို့  ခပ်ပေါ့ပေါ့ပဲ တွေးထားလိုက်မိသည်။
ရောဂါဆိုတာ ကုနေတာပဲ သက်သာမှာပေါ့။ ပျောက်ကင်းမှာပေါ့ – ဒီလိုပဲ ကျွန်တော် သတ်မှတ်ထားခဲ့သည်။.
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီလိုပဲ ပျက်သွားလိုက်။ ပြင်ဆင်လိုက်- ကောင်းသွားလိုက် ။
ပတ်ဝန်းကျင်မှာ အပျက်တွေ၊ အဆိုးတွေ ရှိလာလျှင် စိတ်ဓာတ်မကျဖို့  – ပြင်ဆင်ဖို့ အခင့်အရေးဆို တာ ဖြစ်ပေါ်လာစမြဲလို့  ကျွန်တော် အမြဲ ပြောပြီး သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကို အားပေးနေကျ။
ကျွန်တော့် အဒေါ်ကိုလည်း ဒီလည်း အားပေးခဲ့တယ်။ အားပေးခဲ့သလို ဒုတိယအခွင့် အရေး ရှိနေဦးမှာပဲလို့  ကျွန်တော် ကိုယ်တိုင်လည်း ယုံကြည့်ထားခဲ့တယ်။
ကျွန်တော် မစဉ်းစားခဲ့တာက –
ကျွန်တော် ခဏခဏမေ့နေတာက  – သေခြင်းတရားပါပဲ။
ဟုတ်ပါတယ်။ ကျွန်တော် လေ့လာခဲ့သော အကြောင်းအရာတွေမှာ သေခြင်းတရားမပါခဲ့။
သေခြင်းတရား ကျွန်တော် အဒေါ်ဆီရောလာတဲ့အခါ-
အဒေါ်သေဆုံးပြီ ဆိုတဲ့ စာရောက်လာတဲ့အခါ –
နောက်တစ်ကြိမ်ဆိုသော အခွင့်အရေး ရှာမတွေ့ နိုင်တော့။
ရွှေဘို ကို အလည်ဖို့  ခေါ်မယ့် စကား အဒေါ်နောက်တစ်ကြိမ် ပြောဖို့  အခွင့်အရေး မရှိတောပြီ။
ငယ်ငယ်လေးကတည်းက ဒုတိယအိမ်လို ဖြစ်နေတဲ့  ရွှေဘိုက အိမ်မှာ ကျွန်တော် အဒေါ်မရှိတော့ပြီ။
ဘယ်တော့မှ  ..
. . ..
ဘယ်တော့မှ ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို အခု ကျွန်တော် သိနားလည်သွားခဲ့ပြီ။
အဒေါ်ကို ကျွန်တော် ဘယ်တော့မှ ပြန်မတွေ့ နိုင်တော့ပါပြီ။
သေခြင်းတရားကို ခဏ ခဏ မေ့လျော့နေခဲ့တာ – ကျွန်တော့်ရဲ့ ပေါ့ဆမှု တစ်ခုပါပဲ။
မနက်ဖြန်တိုင်းမှာ ကျွန်တော့်တို့ အတွက် အခွင့်အရေး ရှိနေစမြဲပဲလို့  ကျွန်တော် ယုံကြည်ထားခဲ့တာ – – အခုတော့ နောက်ကျသွားခဲ့ပြီ။
ဆေးလိပ်မတိုခင်။
နေမညိုခင်။
ကိုယ်ချစ်တဲ့သူတွေဆီ အရောက်ပြန်ပါ။
koKTH
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>