အလုပ်ခွင်မှာ ငြိမ်းချမ်းစရာ နှင့် စိတ်၏ကျန်းမာရေး

ဒီကနေ့ ကျွန်တော့်မိတ်ဆွေတွေ တစ်ညီတစ်ညာတည်း ညည်းညူနေကြပါတယ်။ ဘယ်သူနဲ့ပဲ တွေ့တွေ့ “စိတ်ညစ်တယ်” ၊ “အလုပ်ထဲမှာမပျော်ဘူး”၊ “အဆင်မပြေဘူး” စသည်ဖြင့်ပေါ့။ Facebook ရဲ့ ရင်ဖွင့်စရာ မျက်နှာစာ (What’s in your mind) မှာ ကြည့်လိုက်ရင်လဲ အလားတူ ရင်ဖွင့်စာလေးတွေ ရေးထားကြတာ ဖတ်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် လုပ်ငန်းခွင်မှာ မပျော်ပိုက်လို့ ထွက်ခဲ့တာ သိပ်မှ မကြာလှသေးပဲ။ ဒီလိုနဲ့ လုပ်ငန်းခွင်မှာ ဘာလို့မပျော်ကြတာလဲ။ ပျော်အောင်လို့ ဘာလုပ်ရမလဲ စတာလေးတွေ တောင်စဉ်းစား မြောက်စဉ်းစားနဲ့ ထိုင်တွေး နေမိပါတယ်။

အဲလိုတွေးနေတုန်း ကျွန်တော့်သမီးငယ်လေးက ကျွန်တော့်နားလာပြီး “စကားထာဖွက်တမ်းကစား ရအောင်” လို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်စိတ်တွေဟာ ထွက်ခဲ့တဲ့ အလုပ်ထဲက ပျော်စရာမကောင်းပုံတွေ နဲ့ ရှေ့ဆက် ဘယ်လို စခန်းသွားရမလဲဆိုတာတွေကို စဉ်းစားနေလို့ သူခေါ်တာ မကြားမိပါဘူး။ သမီးငယ်လေးဟာ ကျွန်တော့်နားမှာပဲ ထိုင်ပြီး ကစားနေပါတယ်။ ကျွန်တော့်စိတ်တွေကတော့ အတိတ်နဲ့ အနာဂတ်ကို လွန်းထိုး နေတဲ့ အတွက် ပစ္စုပ္ပန်ကို မေ့လျော့နေမိပါတယ်။ ဒါကြောင့် သမီးဟာ ကျွန်တော့်အတွက် ပျောက်ဆုံးလို့နေပါတယ်။ တကယ်က ကျွန်တော်သတိရှိဖို့ကောင်းပါတယ်။ အတိတ်နဲ့ အနာဂတ်မှာ တွေဝေနေမဲ့အစား ပစ္စုပ္ပန်မှာသာ သတိကို ကပ်ထားသင့်ပါတယ်။ ဒါမှသာ သမီးရဲ့ အပြုံးကို မြင်နိုင်ပြီး သူ့ကို ပွေ့ထားနိုင်မှာ ဖြစ်ပါတယ်။

လူတိုင်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြတာချည်းပါပဲ။ အဆင်ပြေချင်ကြတာ ချည်းပါပဲ။ သူများတွေ အကုန် အဆင်ပြေနေကြတယ်။ ကိုယ့်ကျတော့ အဆင်မပြေဘူး။ ဘာကြောင့်ပါလဲ။ ကိုယ်ပဲ သူများတွေထက် ညံ့နေ လို့လား။ အရင် ဘ၀ဟောင်းများမှာ ကောင်းမှုကုသိုလ်တွေ အလုပ်နည်းခဲ့လို့ပဲ ဒီဘ၀မှာ ကျပ်တည်းနေရတာလား။ ဒါမှမဟုတ် ငြိမ်းချမ်းခြင်းဆိုတာ ကိုယ်နဲ့ပဲ မထိုက်တန်လို့လား စသည့်ဖြင့် ဆက်စဉ်းစားနေမိပါတယ်။ ဒီနေရာမှာ တစ်ကယ်ပဲ ကိုယ်ဟာ ငြိမ်းချမ်းခြင်းကို ခံစားနိုင်တဲ့ အရည်အချင်းရှိရဲ့လားဆိုတာ ဖြေစရာကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ငြိမ်းချမ်းခြင်းဆိုတာ ဘာပါလဲ။ ငြိမ်ငြိမ်လေးထိုင်နေရတာကို တစ်ချို့က ငြိမ်းချမ်းတယ်လို့ ပြောပါတယ်။ တစ်ချို့က တော့ ပျင်းစရာကြီးလို့ ပြောပါတယ်။ လူခန္ဓာကိုယ်ကြီးက ငြိမ်ငြိမ်လေးတော့ ထိုင်နေပါရဲ့။ စိတ်က ကျွန်တော့်လို အတိတ်တွေ အနာဂတ်တွေကို လျှောက်သွားနေရင် ဘယ်လိုလုပ် ငြိမ်းချမ်းနိုင်မှာတုန်း။ ချစ်တဲ့ သမီးလေးနဲ့ ပျော်ပျာ်ရွှင်ရွှင်ကစားနိုင်ပါရက်နဲ့ ပစ္စုပ္ပန်ပျောက်နေလို့ ငုတ်တုတ်မေ့နေတဲ့ ကျွန်တော့်မှာ ဘယ်လိုလုပ် ငြိမ်းချမ်းပျော်ရွှင်မှာတုန်း။

နောက်တစ်ခါ ကျွန်တော်တို့ ၁၀တန်းတုန်းက အင်္ဂလိပ်စာမှာ ကဗျာလေးတစ်ပုဒ် သင်ခဲ့ဖူးပါတယ်။ William Henery Davis ရေးတဲ့ “Leisure” တဲ့ အားလပ်ချိန်လေးမှမရှိရင် ဘ၀ဆိုတာ ဘာများအဓိပ္ပာယ်ရှိမှာတုန်းလို့ ရေးထားတဲ့ကဗျာလေးပါ။ အလုပ်ခွင် ယာတောကိုသွားတဲ့လမ်းမှာ မြက်ခင်းစိမ်းစိမ်းတွေ၊ ရှဥ့်လေးတွေ သစ်တိုသီး ကောက်စားနေကြတာတွေ၊ ငှက်ကလေးတွေ သစ်ပင်ကိုင်းမှာ နားနေကြတာတွေကို ခဏလေးမှ ရပ်ကြည့်ချိန်မရှိရင် ဘာလုပ်တော့မှာတုန်းလို့ ဆိုပါတယ်။ စားကျက်ထဲက နွားတွေသိုးတွေလောက်မှ ငြိမ်ငြိမ်သက်သက် စားမြုံ့ ပြန်ချိန်မရှိရင် ဘယ်ကောင်းပါ့မလဲလို့ရေးထားပါတယ်။ တစ်ခါ ဗီယက်နမ် တစ်ယောက် ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ် လည်း ဖတ်ဖူးပါရဲ့။

စည်းရိုးနဘေး ငြိမ်ငြိမ်လေးရပ်ကာ

မင်းက တထူးတဆန်း ပြုံးတယ်။

ကျုပ်မှာ စကားတောင်မပြောနိုင်

မင်းရဲ့ လှပတဲ့ သီချင်းသံတွေကိုပဲ

ကျုပ်မှာဝင်စား။

အစမရှိ အဆုံးမထင်သည်အထိ

မင်းကို ဦးညွတ်မိတယ် တဲ့။

“မင်း” ဆိုတာ ဒေလီယာပန်းလေးကို ပြောတာ။ အဲဒီနေ့မနက် ယာတောကိုအသွား လမ်းမှာ ခပ်ငယ်ငယ် ပန်းလေးတစ်ပွင့် ပွင့်နေတာ သူမြင်ခဲ့တာကိုး ။ အဲဒီမြင်ကွင်းက သူ့ကို ငြိမ်းချမ်းသွားစေလို့ ဒီကဗျာကို ရေးမိတာ လို့ ဆိုပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ ဒါမျိုးတွေရှိနေတာပါပဲ။ နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ပဲ ဒီလို ငြိမ်းချမ်းမှုလေးတွေကို ရှာကြည့်ရမှာပဲ။

တကယ်တော့ ငြိမ်းချမ်းခြင်းဆိုတာ ကျွန်တော်တို့ ကိုယ်ခန္ဓာမှာတောင် ရှာရင် တွေ့နိုင်ပါတယ်။ တစ်နေ့က ကျွန်တော့် သွားတစ်ချောင်းဟာ တော်တော်ကိုက်လာတယ်။ ဘာမှလဲ စားလို့မရဘူး။ သွားကိုက်တဲ့ဝေဒနာကို ခံစား ရတော့မှ သွားမကိုက်ရင် တော်တော်ကောင်းမှာပဲလို့ တွေးမိတယ်။ အရင်တုန်းကတော့ ဒီလို မစဉ်စားမိသေးပါဘူး။ မေ့နေတာကိုး။ သွားတွေ ကောင်းနေတာကို ငြိမ်းချမ်းတယ်လို့ မထင်မိဘူး။ သွားကိုက်တော့မှပဲ သွားမကိုက်တာဟာ ငြိမ်းချမ်းခြင်းတစ်မျိုးပါလားလို့ သတိပြုမိတယ်။ အဲဒီလို သတိပြုမိအောင် သွားပဲ ကိုက်ပေးရဦးတော့မလို ဖြစ်နေပြီ လို့ တွေးမိပြီး ပြုံးရသေးတယ်။ တကယ်တော့ ဟုတ်တယ်ဗျ။ ဒါပေမယ့် သွားကိုက်ပျောက်သွားတော့လဲ ဒီလိုပါပဲ။ မေ့သွား ပြန်တာပဲ။ အခုလက်ရှိမှာ သွားမနာခြင်းဟာ ငြိမ်းချမ်းခြင်းပဲလို့ သတိလေးထားမိရင် ကောင်းပါတယ်။

လွန်ခဲ့တဲ့ လေးလကျော်လောက်က ကျွန်တော်တို့ ချစ်တဲ့ မိတ်ဆွေတစ်ယောက် ကင်ဆာနဲ့ ဆုံးပါးခဲ့တယ်။ သူ့မှာ ကင်ဆာရောဂါသာ မရှိရင် အခုထိ ကျွန်တော်တို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေမှာပဲ။ ကျွန်တော်တို့မှာ ကင်ဆာဖြစ် နေရင်လဲ အခုလောက်ဆို သူ့နောက်လိုက်ကြပြီ။ ကျွန်တော်တို့မှာ ကင်ဆာမရှိလို့သာ အခုလို ကျန်းကျန်းမာမာ နေနိုင်တာဖြစ်တယ်။ ဒီလိုဆိုကင်ဆာမရှိတာဟာလဲ ငြိမ်းချမ်းခြင်းတစ်မျိုးပဲမဟုတ်လားဗျ။ ဒါပေမယ့် ကျွန်တော်တို့ က ဒါကို ဂရုမထားမိကြဘူး။ လက်ရှိ(ပစ္စုပ္ပန်)ကို ဒီလို ကြည့်လိုက်ရင်တော့လဲ ငြိမ်းချမ်းစရာတွေ အများကြီးပါဗျာ။ သွားမနာတာလဲ ငြိမ်းချမ်းတာပဲ။ ကင်ဆာရောဂါ မရှိတာလဲ ငြိမ်းချမ်းတာပဲ။ ပြီးခဲ့တဲ့ အတိတ်နဲ့ မလာသေးတဲ့ အနာဂတ်ကို လျှောက်တွေးပြီး စိတ်ညစ်နေမဲ့အစား ပစ္စုပ္ပန်ကို သတိလေးနဲ့ ဒီလိုလျှောက်ကြည့်တော့လဲ ငြိမ်းချမ်းသားဗျ။

အလုပ်ခွင်ထဲကျတော့တစ်မျိုးဗျ။ ဒီကနေ့ ကျွန်တော်တို့ ၀န်ထမ်းတွေမှာ “Multi-task” လို့ခေါ်တဲ့ တစ်ချိန် တည်း မှာ အလုပ် နှစ်မျိုးသုံးမျိုးကို တစ်ပြိုင်နက်တည်းခိုင်းတဲ့ စနစ်တစ်ခု ခေတ်စားနေတယ်။ အလုပ်တွေ ပြိုင်လုပ်ရတော့ ဘာဖြစ်လာလဲ ဆိုတော့ ကျွန်တော်တို့ရဲ့ စွမ်းအင်တွေ ပြန့်ကျဲလာတယ်။ အလုပ်ကိစ္စတွေကို အဆင်ပြေအောင်လုပ်ဖို့ ခက်လာတယ်။ အဲဒီတော့ လစ်ဟင်းမှုတွေ အမှားအယွင်းတွေများလာရော။ အထက်လူကြီးက ဆူရော။ အလျော်အစားတွေ ပါလာ ရော။ ခဏခဏဖြစ်တော့ စိတ်ညစ်ရော၊ အလုပ်ထွက်ချင်လာရော။ စိတ်တိုတယ်။ လုပ်ဖော်ကိုင်ဘက် အချင်းချင်း စိတ်ဝမ်းကွဲမှု၊ ကဏ္ဍကောစတွေဖြစ်လာရော။ မပြုံးနိုင်ကြတော့ဘူး။ ဒီလိုနဲ့ပဲ အလုပ်ခွင်မှာ ငြိမ်းချမ်းရေးမဲ့လာတော့ တာပါပဲ။ ကျွန်တော်တော့ တစ်ကယ်အလုပ်လုပ်နေကြရတဲ့ နေရာတိုင်းမှာ ဒါမျိုးတွေချည်းပဲလို့ ထင်ပါတယ်။

အဲဒီတော့ အလုပ်ခွင်မှာ ငြိမ်းချမ်းစရာရှာဖို့ ဟိုဟိုသည်သည် လျှောက်ကြည့်မိတော့ တစ်ချို့အချက်ကလေး တွေ တွေ့ရလို့ ပြန်ပြီးဖောက်သည် ချလိုက်ရပါတယ်။

နံပါတ် (၁) က ရေလိုကျင့်ပါ တဲ့။

သူကဘာပြောတာလဲဆိုတော့ စမ်းချောင်းထဲမှာ ရေစီးတယ်မဟုတ်လား။ တစ်ခုခု အဟန့်အတားတွေ့ရင် ရတဲ့လမ်းက ကွေ့ပတ်ပြီးစီးပစ်လိုက်တာပဲ။ တင်းခံမနေဘူး။ အလုပ်ထဲမှာလဲ ဒီလိုပဲ။ စိန်ခေါ်မှု၊ အဟန့်အတား (လူတွေပါ ပါတယ်) တွေ့ရင် တင်းခံမထားနဲ့တဲ့။ ရေလို ပျောင်းနွဲ့ ညွတ်ကွေးပြီး ကျော်ဖြတ်လိုက်ပါတဲ့။ အားနဲ့ တောင့် ခံထားရင် တင်းလို့ပြတ်တတ်တယ်တဲ့။

နံပါတ် (၂) က ဒေါသရှေ့မထားပါနဲ့တဲ့။ ဒေါသထွက်ပြီဆိုရင် အမှားလုပ်မိတော့တာပဲ။ စိတ်ခံစားချက်တွေကို ရှေ့တန်းမတင်ပါနဲ့။ “စိတ်လိုက်မာန်ပါ” ဆိုတာလို စိတ်နောက်က မာန် ပါသွားရင် မှားတော့တာပါပဲ။

နံပါတ် (၃)က အလုပ်နဲ့အိမ်၊ အလုပ်နဲ့မိသားစု၊ အလုပ်နဲ့ ကိုယ်ကိုယ်တိုင် ဟန်ချက်ညီအောင် ထိန်းထားပါတဲ့။

နံပါတ် (၄)က ပစ္စုပ္ပန်တည့်တည့်ရှု။ ဒါက အလုပ် နှစ်လုပ်ပြိုင်လုပ်ရရင်ပြောတာဖြစ်မယ်။ ဥပမာ ဖိုင်တွဲရင်း paper work လုပ်ရင်း ဖုန်းလာတယ်ဆိုပါစို့။ ဖုန်းပြောရင် စိတ်ကို ဖုန်းထဲက ကိစ္စမှာပဲထား။ ဟို လုပ်လက်စအလုပ်ကို ခဏ မေ့ထားလိုက်။ စိတ်က ဟိုရောက်နေရင် ဒီက ဖုန်းထဲက ကိစ္စမှာ မှားတော့မယ်။ ပစ္စုပ္ပန်တည့်တည့်ရှုဆိုတာ ဒါကို ဆိုလိုတာဗျ။ ပစ္စုပ္ပန်မှာပဲနေ ဆိုလို့ အတိတ်ကိုလည်း သင်ခန်းစာမယူ၊ အနာဂတ်အတွက်လည်း မပြင်ဆင်ဆိုရင်တော့ သိပ်မဟန်လောက်ဖူးထင်တယ်။

နံပါတ်(၅)ကတစ်နေ့စာတစ်နေ့ ပြီးအောင်ဖြတ်၊ နောက်နေ့မှာ အသစ်ကိုစ။နေ့တိုင်း နေ့တိုင်း စိတ်သစ် လူသစ်နဲ့ ရွှင်လန်းစွာအလုပ် လုပ်ရင် လေ့လာစရာတွေအများကြီးရလာမယ်။

နံပါတ် (၆)က အာရုံကို အလုပ်အပေါ်မှာပဲထား။ ရလဒ်အပေါ်မှာ မထားပါနဲ့တဲ့။ ရည်ရွယ်ချက်တစ်ခုထားပြီး အလုပ်လုပ်ဖို့ အရေးကြီးတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီရည်ရွယ်ချက်အောင်မြင်အောင် တစ်ဆင့်ချင်း စနစ်တကျ လုပ်သွားမှ ပန်းတိုင်ရောက်မယ်မဟုတ်လား။ ဥပမာ – ပွဲတစ်ခုအတွက် လုပ် ရမယ် ဆို ပါတော့ဗျာ။ ဒီပွဲကြီး အောင်မြင်ဖို့က ကျွန်တော်တို့ရဲ့ ပန်းတိုင် ဆိုပါစို့။ ပွဲအောင်မြင်ဖို့ပဲ အာရုံထားပြီး ပြင်ရဆင်ရမယ့်ဘက်ကို အာရုံမထား ရင် ဒီပွဲစနစ်တကျ အောင်မြင်ဖို့ မလွယ်ဖူးဗျ။

နံပါတ်(၇)က အလုပ်ကို ရင်ထဲကစေတနာနဲ့ အလိုအလျောက်လုပ်သလိုဖြစ်အောင်လုပ်ပါတဲ့။ အလုပ်ကို တကယ်စိတ်ပါလို့ မြိန်မြိန်ယှက်ယှက် လုပ်တဲ့လူနဲ့ လုပ်စရာမို့လို့ လုပ်နေရတဲ့သူ စိတ်ပျော်ပုံချင်းမတူဘူးဗျ။

နံပါတ် (၈)က မကြောက်ရဘူးတဲ့။ တကယ်တော့ ကြောက်တယ်ဆိုတာ ဖြစ်လာတော့မှာကို တွေးတွေးပြီး ကြောက်နေတာဗျ။ အဲဒါ တကယ်မှ ဖြစ်မလာသေးဘဲ။ ဘာလို့ တွေးကြောက်နေရမလဲ။ ကြောက်ပြီဆိုရင် ကျွန်တော် တို့ရဲ့ စွမ်းအားတွေကို ယိုစီးစေတော့တာပဲတဲ့။ လက်ငင်းအကျပ်အတည်းက ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲ ဆိုတဲ့ အကြံဥာဏ်ကောင်းတွေထွက်လာစေမယ့် စွမ်းအားတွေ ယိုစီးကုန်တာပဲတဲ့။

နံပါတ် (၉)က ပြိုင်ပွဲတစ်ခုမှာ နိုင်ချင်ရင် ကိုယ့်ကိုယ်ကို ပြည့်ဝအောင် ကြိုးစားရမယ်တဲ့။ ပြိုင်ဘက်ကို လဲကျ သွားအောင်ထိုးနိုင်တာ အကောင်းဆုံး အနိုင်ယူနည်းမဟုတ်ပါဘူး။ ပြိုင်ဘက်ရဲ့ ထိုးနှက်ချက်တွေကို တောင့်ခံနိုင် အောင်သာလုပ်ထားရမယ်တဲ့။ ပြိုင်ဘက်တွေဟာ သူတို့အားနည်းချက်တွေကြောင့် သူတို့ဟာ သူတို့ပဲ လဲကျသွားကြ ပါလိမ့်မယ်တဲ့။ ကိုယ်က လုပ်စရာရှိတာ လုပ်ထားရုံပါပဲတဲ့။

နောက်ဆုံး နံပါတ် (၁၀)က ကိုယ့်ကိုယ်ကို အားလပ်ချိန်လည်းပေးရမယ်တဲ့။ အနားမယူဘဲ အလုပ်ချည်းပဲ ဖိလုပ်နေရင် ကြာကြာမခံဘဲ သွားလိမ့်မယ်တဲ့။ စိတ်ကို ကြည်လင်သန့်ရှင်းဖို့ အချိန်ပေးရပါမယ်။ သန့်ရှင်းတဲ့ စိတ်ကသာ ဆောင်ရွက်နိုင်၊ တုန့်ပြန်နိုင်၊ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်ဗျာ။

ဗြိတိန် နှလုံးဖောင်ဒေးရှင်းက နှလုံးအထူးသူနာပြု ဂျွန်ဒေးဗစ်ဆင်က “အလုပ်ထဲမှာ စိတ်ဖိစီးမှု ခံစားနေရရင် မိတ်ဆွေတွေ ဒါမှမဟုတ် မန်နေဂျာကို ပြောပြပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ မေးမြန်းဆွေးနွေးသင့်ပါတယ်။ စိတ်ဖိစီးမှုတွေကို အကောင်းမြင်ဝါဒနဲ့ တုန့်ပြန်ဖို့ ကြိုးစားပါ။ လုပ်ငန်းခွင်ထဲမှာ တက်တက်ကြွကြွနေပါ။ လှေကားကို သုံးပြီးလမ်းလျှောက်တက်ပါ။ အလုပ်သွားတဲ့လမ်းမှာ အနည်းငယ်လမ်းလျှောက်ပါ။ ဒီလုပ်ဆောင်ချက်ကလေး တွေက ဖိစီးမှုကို ပြိုကွဲစေဖို့ အကူအညီပေးတဲ့အပြင် နှလုံးကျန်းမာရေးကောင်းအောင်လဲ အားပေးပါတယ်” လို့ အကြံပေးကြောင်း ၁၆ ဇူလိုင် ၂၀၁၀ ထုတ် မော်ဒန်ဂျာနယ်မှာလည်း ဖတ်လိုက်ရပါတယ်။

အထက်က ဆိုခဲ့တဲ့ အချက်ကလေးတွေအတိုင်း နေကြည့်ရင် စိတ်ညစ်တာတော့ နည်းနည်းသက်သာမယ် ထင်တာပါပဲဗျာ။ အကျင့်ရသွားရင်တော့ ငြိမ်းချမ်းလာမှာပါ။ သစ်တစ်ပင်အောက်၊ ၀ါးတစ်ရုံအောက် မရောက်နိုင် သေးကြတဲ့၊ အလုပ်ခွင်နဲ့ မကင်းကွာနိုင်သေးတဲ့ လူတွေအဖို့ ငြိမ်းချမ်းခြင်းကို အလုပ်ထဲမှာပဲ တွေ့အောင်ရှာကြ ရမှာပဲဗျ။ ကာရာအိုကေသွား ဘီယာစုပ်ရင်းအပန်းဖြေတာနဲ့စာရင် စိတ်ကို ပစ္စုပ္ပန်မှာပဲ တည့်တည့်နေအောင် သတိလေးကပ်ပြီး ရွှင်လန်းစွာနေထိုင်ခြင်းက ကုသိုလ်ဖြစ်ပါတယ်ဗျာ။ တကယ်တော့ အတိတ်ဆိုတာကလည်း ပြီးခဲ့ပါပြီ။ အနာဂတ်ကလည်းရောက်မလာသေးတော့ ဘာမှလုပ်လို့မရပါဘူး။ ပစ္စုပ္ပန်တည့်တည့် သာလျှင် လူတွေအဖို့ အသက်ရှင်ခြင်း စစ်စစ်ပဲမဟုတ်ဖူးလားဗျာ။ နော့ဗျာ။

၁၈၊ ဇူလိုင် ၂၀၁၀

မှီငြမ်း- စင်ကြယ်သောစိတ်(မုံရွေး)- 10 Simple Lessons

3 thoughts on “အလုပ်ခွင်မှာ ငြိမ်းချမ်းစရာ နှင့် စိတ်၏ကျန်းမာရေး”

  1. ဟုတ်ကဲ့…ကျေးဇူးအများကြီးတင်ပါတယ်ရှင်
    မှတ်သားသွားပါတယ်…နောက်လည်းဖော်ပြပေးပါဦးနော်…

  2. ကျေးဇူးတင်ပါတယ်…စိတ်ညစ်စရာတွေလျော့ပါးသွားသလိုခံစားရပါတယ်..တကယ်တော့အလုပ်လုပ်နေရတဲ့သူတွေအဖို့ အခက်အခဲတွေ.စားဝတ်နေရေးအတွက်လှုပ်ရှားရင်း..ပတ်ဝန်းကျင်ကပေးတဲ့သုခ ဒုက္ခတွေကိုအပြည့်အ၀ခံစားနေရတာ..တခါခါ လူဖြစ်ရခြင်းတွေ..လူ့ဒုက္ခတွေတွေးရင်း..ဘ၀ဆိုတာအမောတွေနဲ့ပြည့်နေတာခံစားရပါတ.ယ်။။
    ခံစားချက်တွေလျော့ပါးသွားစေတဲ့ဒီစာလေးတွေများများတင်ပေးနိုင်ပါစေလို့ဆုတောင်းရင်းး

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>