စလုံးရေ စ – အပိုင်း (၂)
အပိုင်း (၁) ကိုဖတ်လို လျှင်
ကျွန်တော် နေ၇မည့်နေရာက Condominium တစ်ခုပါ။ ၀င်းအတွင်းမှာက အဆောက်အဦးတွေအများကြီး။ ကျွန်တော်နဲ့  အတူနေမယ့်တဲ့သူတွေက –  ယုယုနဲ့  ၀င်းထက်အောင်။ ပြီးတော့ အင်ဒိုနီးရှားက ကျောင်းသား နှစ်ယောက်။
Taxi က ကျွန်တော်ပေးသော လိပ်စာမှာပါတဲ့ အဆောက်အဦးရှေ့ မှာ ရပ်ပေးထားခဲ့သည်။ အထုပ်တွေနဲ့ ကျွန်တော် ယောင်ချာချာဖြစ်နေပြန်ပြီ။ ကျွန်တော်မှာ ဆက်သွယ်စရာ ဖုန်းကမရှိ။ ဘေးနားမှာ မေးမြန်းစရာ တစ်ဦးတစ်ယောက်မှ မရှိ။ အထုပ်တွေကိုဆွဲ – ဟိုဒီသွားကြည့်ရင်းမှ အများသုံးတယ်လီဖုန်းကို တွေ့ လိုက်ရသည်။ လေဆိပ်မှာ ပိုက်ဆံလဲထားခဲ့၍ ကျွန်တော် အဆင်ပြေသွားခဲ့သည်။ ကျွန်တော်ကို လေဆိပ်မှာကတည်းက ပိုက်ဆံလဲခဲ့ဖို့ - လဲသည့်အခါ အကြွေပါလဲထားဖို့ ပြောထားသည့် ယုယု ကို ကျေးဇူးတင်လိုက်မိသည်။ အကြွေသာမပါခဲ့လျှင် -အများသုံးတယ်လီဖုန်းရှေ့ မှာ လာသမျှလူဆီက အကြွေလေးများပါလျှင် ပြား၂၀လောက်ပေးခဲ့ပါလို့  -ပြောရဦးမည်။ ဒါကြောင့် ဘ၀ တစ်ခုကို စတော့မယ်ဆို အစစ အရာရာ ပြင်ဆင်ထားပါမှ –
အကြွေလေးများတယ်လီဖုန်းထဲထည့် ဆက်တော့- ကယ်တင်ရှင် အသံကို ကြားလိုက်ရသည်။ “ရောက်ပြီလား။ ဘယ်နေရာမှာလဲ။ လာခေါ်မည် ”တဲ့။ ကျွန်တော် ရင်ထဲက အလုံးကြီး တစ်လုံးကျသွားပါသည်။ ကျွန်တော့်အတွက် အခန်း၊ကုတင် အားလုံးကို ယုယုနဲ ၀င်းထက်အောင်တို့ က စီစဉ်ပေးထားသည်။ ပစ္စည်းတွေချ၊ ရေချိုး ၊ ညလယ်စာစားပြီး ကျွန်တော် အိပ်ယာဝင်ခဲ့ပါတော့သည်။ Air Con ကလည်းအေး။ ခရီးကလည်းပင်ပန်း ဆိုတော့ အိပ်လို့ အတော်ကောင်းခဲ့သည်။
မနက်နိုးလို့  ပထမဆုံး ပြတင်းပေါက်ကို ဖွင့်ကြည့်မိတော့ – အထပ်အမြင့်ကြီးနဲ့  အဆောက်အဦးတွေ။ အဆောက်အဦးတွေအကြားက မြေကွက်လပ်တွေမှာ ကလေး ကစားကွင်း အသေးလေးတွေ။ နောက် ရေကူးကန်တစ်ခု။ အမယ် တယ်လှပါလား။
ကျွန်တော်နေသော အိမ်မှာက ကျောင်းသားတွေနေကြတာ။ သူတို့ က ကျွန်တော်နိုးသော ၈နာရီဆိုသောအချိန်မှာ အိပ်ယာမထသေးဘူး။ ကျွန်တော်တစ်ယောက်တည်း ၀ရန်တာမှာထိုင်ရင်း ငေးမောနေမိတာ သူတို့ နိုးလာတဲ့အထိ ပါပဲ။
ခဏနေ သူတို့ နိုးတော့မှ ထမင်းချက်ဖို့ ပြင်ဆင်ရသည်။ချက်ပြုတ်ဖို့  ဆန်က ဘယ်မှာ။ ဆီက ဘယ်မှာ စသည့် နေရာ အထားအသိုတွေကို မှတ်သား။ ပြီးတော့ စတင်ချက်ပြုတ်ရင်း မလေးရှားရောက် ပထမဦးဆုံးနေ့ကို စခဲ့ပါတယ်။
နေ့ လည်ခင်းမှာ ဖုန်း(SIM)ကဒ်  တစ်ကဒ်ရခဲ့ပြီး ရန်ကုန်ကို ဖုန်းဆက် – အမေ၊ အဖေတို့ ကို အဆင်ချောမွေ့ စွာ ရောက်ရှိကြောင်း သတင်းကောင်းပါးလိုက်မိပါသည်။ စလုံးရေ စပြီပေါ့ အမေ။
ဒီဖုန်းနဲ့ ပဲ မလေးရှားမှာရှိတဲ့ သိကျွမ်းရင်းနှီးခဲ့ဖူးသော မိတ်ဆွေများကို ရှာဖွေဆက်သွယ်မိပါသည်။ ငယ်သူငယ်ချင်း တစ်ယောက်နဲ့ ၊ ရန်ကုန်မှာ အတူတူ အလုပ်လုပ်ခဲ့ဖူးသော မလေးရှားနိုင်ငံသား မိတ်ဆွေ Jenny  ဒီ နှစ်ယောက်ကို ဆက်သွယ်မိခဲ့သည်။ သူတို့ တွေ ၀မ်းသာအားရ နှင့် “လာတွေ့ မည်” ဟု ပြောတဲ့အခါ ကျွန်တော့်အတွက် အင်အားတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်အတွက် အရာရာသည် အားကိုးစရာပါပဲ။
ညနေစောင်းမှာ ယုယု၊ထက်ထက် တို့ နှင့် အတူတူ ဈေးဝယ်ထွက်ခဲ့ပါသည်။ ပထမဆုံးဈေးဝယ်ထွက်ခဲ့တာက Carrefour Shopping Mall ။ အဲဒီမှာ ဈေးဝယ်ရတာ ပျော်ဖို့  ကောင်းပါသည်။ သား၊ငါး၊ပုစွန်၊ နံနံပင်က အစ၊ ဖိနပ်ပြင်တဲ့ ဆိုင်ကအလယ်၊ မော်တော်ကားအထိ အဆုံး အဆောက်အဦးတစ်ခုထဲမှာ အကုန်ရတယ်။ ၀ယ်ရတာလည်း အဆင်ပြေပါသည်။ ကြက်သားဆိုလည်း ခုတ်ထစ်ခိုင်းလို့ ရသည်။ ငါးရုတ်သီး၊ နံနံပင်ဆိုလည်း၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ လိုချင်သလောက်ရွေးဝယ်လို့  ရသည်။ ဈေးလည်း မဆစ်ရဘူး။စကားလည်း အများကြီးမပြောရဘူး။
အိမ်ရောက်တော့ စကားတွေပြောရင်း။ ဟင်းအတူချက်။ ထမင်းဟင်းအတူစား။ သူတို့ တစ်တွေ ဟင်းချက်ကောင်းကြသည်။ နိုင်ငံခြားကိုရောက်နေတာ ၂ နှစ်၊ ၃ နှစ်လောက်ရှိပြီတော့ ဟင်းကောင်းကောင်း ချက်တတ်နေပြီပေါ့။ စားချင်တာလေးရှိရင် ချက်စားရင်း – တဖြည်းဖြည်း ဟင်ချက်ကောင်းလာတာဖြစ်မှာပါပဲ။ သူတို့ ဆီက ပထမဆုံးသင်ခဲ့တဲ့ ဟင်းချက်နည်းကတော့ ပဲနီလေးဟင်း ချက်နည်းပါပဲ။ အဲဒီ အချိန်ကစပြီး ကျွန်တာ် ပဲနီလေးဟင်းကို ကောင်းကောင်းချက်တတ်ခဲ့ပါသည်။
နောက်တနေ့ ညနေစောင်းမှာ ယုယုက ကျွန်တော့်ကို သူတို့  တိုက်ရဲ့ အမြင့်ဆုံးနေရာကို ခေါ်သွားပြီး – မိုးပျံကားလမ်းတွေကို လက်ညှိုးထိုးပြတယ်။
ဒီမိုးပျံကားလမ်းတွေ တစ်ခုပြီးတစ်ခု ထပ်ကာထပ်ကာ တည်ဆောက်ထားတယ်။ ဒီမိုးပျံကားလမ်း ဘယ်နေရာက စသလဲ – သူလည်းမသိဘူး။ KL က သာမန်မြို့ သူမြို့ သားတွေလည်း မသိဘူးတဲ့။ “ထူးဆန်းပါပေ့ ကိုကိုတွက်ရယ်” လို့ တွတ်ပီ ကာတွန်းထဲကလို ပါးစပ်အဟောင်းသားလေးနဲ့  မီးရောင်တွေ ထိန်ညီးနေတဲ့မြို့ ပြ၊ မိုးပျံကားလမ်းတွေ၊ တိုက်အမြင့်ကြီးတွေကို ငေးကြည့်ပြီး ညတစ်ညကို ကျွန်တော် လွန်မြောက်ခဲ့ပြန်သည်။
မလေးရှား KL မှာ အပြင်တစ်ခေါက်ထွက်ဖို့  ကိုယ်ပိုင် ကား၊ ဆိုင်ကယ် မရှိလျှင် မလွယ်ပါ။ တနေရာကနေ တနေရာ အလှမ်းဝေးတဲ့အတွက် Taxi ကိုပဲ အားကိုးရပါသည်။ ဒါကြောင့် ကျွန်တော်တို့ ဘယ်မှမထွက်၊ ဘယ်မှ မသွား -အိမ်ထဲမှာပဲ ချက်ပြုတ်ပြီး အစားပဲစားနေခဲ့ပါသည်။ ကားကြုံရှိမှသာ အပြင်မှာ ထွက်စားဖြစ်သည်။ အပြင်မှာစားတယ်ဆိုတာ ရန်ကုန်က တရုတ်တန်းမှာလို လမ်းဘေး စားသောက်ဆိုင်တန်းတွေမှာပါ။
အဲဒီဆိုင်တွေမှာ မြန်မာလို  မှာယူစားသောက်လို့  ရတယ်။ မလေးရှားလူမျိုးတွေ မြန်မာစကားတတ်လို့  မဟုတ်ပါဘူး။
မြန်မာလူမျိုးတွေ မလေးရှားမှာ စားပွဲထိုးလုပ်နေလို့ ပါ။ မလေးရှားစားသောက်ဆိုင်တွေမှာ မြန်မာတွေ အများကြီးပါပဲ။ လမ်းဘေးဆိုင်မှာမှ မဟုတ်ပါဘူး။ စားသောက်ဆိုင် အကြီးကြီးတွေမှာအထိ မြန်မာစားပွဲထိုးတွေ အပြည့်ပါ။
စားသောက်ဆိုင်အကြီးကြီးတွေမှာဆို တခါတရံ အချိုပွဲတွေ၊ အရံဟင်းအသေးေးလးတွေ ပိုက်ဆံမပေးရဘဲ ကျွန်တော် စားရဖူးသည်။ စားဖိုမှုးကမြန်မာ၊ စားပွဲထိုးက မြန်မာ -ဒီနေရာကို မြန်မာတွေလာစားတော့ – အပိုဆုတွေရတာပေါ့။ ပြည်ပမှာ မြန်မာတွေ အချင်းချင်းဒီလို ကြည့်ရှုစောင့်ရှောက်ပါသည်။
မလေးရှားမှာ သာမန် စားသောက်ဆိုင်တွင်စားလျှင် မလေးရှား (၄) ringgit အနည်းဆုံးကုန်ပါသည်။ (2008 တုန်းက ဖြစ်ပါသည်။) မြန်မာငွေနှင့်တွက်လျှင်( ၁၄၀၀ )ကျပ်ခန့်  ကုန်ပါသည်။ ရန်ကုန်နှင့် နှိုင်းယှဉ်လျှင် စားသောက်စရိတ် (ကြေးအိုး တစ်ပွဲ ၁၅၀၀၊ ရှမ်းခေါက်ဆွဲ တစ်ပွဲ ၇၀၀ ) သိပ်မကွာဘူးလို့ ပြောလို့ ရပါသည်။
နေထိုင်စရိတ်ကတော့ – တစ်ယောက်ခန်း တစ်ခန်း -(ရေချိုခန်း၊အိမ်သာမပါ) ပျမ်းမျှ မလေးရှား (300) ringgit  ခန့် ရှိပါသည။် (2008 တုန်းက ဖြစ်ပါသည်။)  မြန်မာငွေနှင့်တွက်လျှင်( ၁၀၅၀၀၀) ကျပ်ခန့် ကုန်ပါသည်။ နေထိုင်စရိတ်ကတော့ ရန်ကုန်ထက် တော်တော်များပါသည်။
နောက်တနေ့ မှာ Jenny တို့ မိသားစု နှင့် ကျွန်တော် ညစာ အတူတူ ထွက်စားဖြစ်သည်။ ကျွန်တော်တို့ ညစာ စားတဲ့နေရာက Shopping Mall အကြီးကြီးက ဆိုင်ကောင်းကောင်းတစ်ခုမှာပါ။ ကျွန်တော်တို့  ညစာစားနေတုန်း “အကိုတို့ ဘာလို သေးလဲ” တဲ့။ ကျွန်တော် အံသြသွားခဲ့သည်။ မြန်မာ စားပွဲထိုးတစ်ယောက်ပါလား။
စကားပြောဆိုပြီးနောက် သိလိုက်ရတာ ဒီဆိုင်မှာ မြန်မာ ၃ ယောက်ရှိပါတယ်တဲ့။ မွန်ပြည့်နယ်ဖက်က ဖြစ်ကြောင်း ။ ကျွန်တော်ကို “အခုမှရောက်တာလား” လို့  မေးပါတယ်။ ကျွန်တော်ကလည်း အခုမှရောက်တာပါလို့ ဖြေတော့ “ကျွန်တော်ကို မြန်မာပြည် အခြေအနေဘယ်လိုလဲ ” – ကျွန်တော် ဘယ်လိုဖြေရမလဲ။ ကျွန်တော် တော်တော် စဉ်းစားရကျပ်သွားတယ်။
“ အခြေအနေမကောင်းလို့ ငါတောင်ဒီရောက်လာတာ ” လို့ ဖြေရင်ကောင်းမလား။ ဒီလည်း မကောင်းပါဘူး။
“မြန်မာပြည် အခြေအနေကောင်းပါတယ်”လို့ ဖြေရလား။ ဒါဆို ငါဟာ ကမ္ဘာကျော် လူလိမ်ကြီးများထဲက တစ်ယောက် ဖြစ်သွားတော့မှာပဲ။
ကျွန်တော်လည်း မယုတ်မလွန် – “ဒီလိုပါပဲ- အရင်အတိုင်းပဲပေါ့” လို့ ဖြေလိုက်မိတယ်။ မြန်မာပြည် ဧရာဝတီတိုင်းကို နာဂစ်ဝင်မမွှေခင်  (၂) ပါတ်အလိုမှာဖြစ်ပါသည်။
ကျွန်တော့်ဘ၀ အစက အဲဒီလို ဈေးဝယ်လိုက်။ ဟင်းချက်စားလိုက်နဲ့ ။ မြို့ တမြို့ ကို အလည်အပတ်ရောက်လာသလိုနဲ့  စခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>