blog .. blog .. blog
ခုအချိန် Blog တွေ ခေတ်စားနေတဲ့အချိန် – blog အကြေင်း သိလို့ေ၇းတဲ့သူရှိတယ်။blog အကြေင်း မသိဘဲ စွတ်ရေးနေတဲ့သူရှိတယ်။
ဒီအတိုင်းနေလို့  ဘယ်သူမှ အလိုလို သိမလာပါဘူး။ ရေးရင်း လေ့လာရင်းနဲ့  သိနားလည်သွားတာ ကျိုးစားရခြင်းရဲ့ အသီးအပွင့်ပါပဲ။
We She Me blog ကတော့ ပို့စ် ၂၄၅ ခုကို အချိန် ၃ နှစ် အတွင်းမှာ ရေးပြီး ဟစ် ၆ သိန်း ရသွားပါတယ်။
အလုပ်တခုကို သေချာ လေ့လာမှတ်သား သုံးသပ်ပြသွားတာ အမှန်တကယ် လေးစားလောက်ပါတယ်။
ကောင်းရာမွန်ရာကို လက်ဆင့်ကမ်းရင်း ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့ တည်ဆောက်နိုင်မယ်လို့  မျှော်လင့်ပါတယ်။
Hit တစ်သိန်း အမှတ်တရ
အခုဆို ကျွန်တော် ဘလော့ဂ်ရေးတာ အရင်းကြေနေပြီ (Break-even point ရောက်နေပြီ) ပြောလို့ ရပါတယ်။ အရင်းကြေလား မကြေလား ဘယ်လို တွက်လဲဆိုတော့ ကျွန်တော် ပို့စ်တစ်ခု ရေးဖို့ အနည်းဆုံး ၂ နာရီကနေ ၆ နာရီလောက် အချိန်ယူရပါတယ်။ ပျမ်းမျှဆို ၄ နာရီပဲထား။ တောက်လျောက် ၄ နာရီလုံး ထိုင်ရေးဖို့တော့ အခွင့်အရေး မရပါဘူး။ တစ်နေ့ တစ်နေ့ အချိန် ရသလောက်ပါပဲ။ စာဖတ်တာ အချက်အလက် ရှာတာက ၂ နာရီ စာစီတာက နာရီဝက်လောက် ချရေးတာက ၁ နာရီခွဲ လောက်ပါ။ အဲဒီတော့ ပို့စ် တစ်ခုအတွက် မိနစ် ၂၅၀ ပဲ ထား။
Post တစ်ခုကို ဖတ်ကြတဲ့ Unique Reader ကလည်း ၂၀၀-၃၀၀ လောက် ရှိနေပါပြီ။ ဒါ Google Analytics က ဇယား အရပါ။ Feed ကို Subscribe လုပ်တာကလည်း တစ်ရာနီးနီး ရှိပြီဆိုတော့ အမှန်အကန် ဖတ်တာ ၅၀ လောက်လို့ ပြောလို့ရမယ်။ အဲဒီတော့ စာဖတ်သူ ၂၀၀ – ၂၅၀လောက် ရှိပြီလို့ ကိုယ့်ဘာသာကိုယ် ယူလိုက်ပါတယ်။ စာဖတ်သူ တစ်ယောက်က ပို့စ် တစ်ခုအတွက် တစ်မိနစ် အချိန်ပေးမယ်ဆို မိနစ် ၂၅၀ ကုန်ပါတယ်။ အဲဒီတော့ ကျွန်တော် ကုန်သွားတဲ့ မိနစ် ၂၅၀ က အကျိုးရှိတဲ့ မိနစ် ၂၅၀ ဖြစ်သွားတဲ့ အတွက် ဘလော့ဂ်ရေးတာ အရင်းကြေမှတ်ကို ရောက်နေပြီလို့ ယူဆလိုက်တာပါ။
ဘလော့ဂ်ရေးတာ တစ်နှစ်ပြည့်တုန်းကလည်း နှစ်ပတ်လည် မလုပ်မိ။ ပို့စ်တစ်ရာ ပြည့်တုန်းကလည်း ရာပြည့် မလုပ်မိပေမယ့် ဘလော့ဂ်ကို လာလည်ကြတဲ့ hit တစ်သိန်း ကျော်ရင်တော့ ပို့စ်တစ်ခု ရေးမှ ဖြစ်မယ်ဆိုပြီး တေးထားပါတယ်။ ကျွန်တော် ဘလော့ဂ် စရေးပြီး အရှိန် နည်းနည်း ရလာတုန်းက ဘာရယ်တော့ မဟုတ် Objective တွေနဲ့ Mile Stone တွေချထားပါတယ်။ ဘာပဲ ရေးမယ် ဘာကိုတော့ မရေးဘူး ဆိုတဲ့ Objective တွေ။ ဘလော့ဂ်မှာ တစ်နေ့တစ်နေ့ စာဖတ်သူ ဘယ်နှယောက် ရှိရမယ် ဆိုတဲ့ Mile Stone တွေ လိုမျိုးပါ။ အခုထိတော့ မပြည့်သေးပါဘူး။ ဘယ်လောက်လိုချင်သလဲ ဆိုတာ ဟာသတစ်ခု အနေနဲ့ ရေးဖူးပါတယ်။ သိချင် ရှာဖတ် တစ်မတ်ပါ။
အခုလို ဟစ်တစ်သိန်းကျော်သွားတာတော့ ပျော်တာ အမှန်ပဲ။ ဟစ်တစ်ခုကို တစ်ပြားရရင်တောင် တစ်ထောင်လောက် ရနေပြီ အဟီး။ မြန်မာ ဘလောက်မှာ ဟစ်တစ်သိန်း ကျော်နေတဲ့ သူတွေကို ကြည့်ပြီး အားကျခဲ့ရတာလည်း ကြာရောပေါ့။ ညီလင်းဆက်တို့ မနိုင်းနိုင်းစနေတို့နဲ တခြားသူတွေကို ကြည့်ပြီး အားကျခဲ့ရတာပါ။ Hit သန်းချီရနေတဲ့ ဘလော့ဂ်တွေကတော့ ထားလိုက်ပါတော့။ သူတို့က သတင်းလိုမျိုး လူမျိုးမရွေး ဖတ်တာဆိုတော့။ ဘယ်လိုမှ မယှဉ်သာဘူး။
ဘလော့ဂ်မှာ Hit များတိုင်း အောင်မြင်တယ် ပြောလို့ရသလားဆိုတာကတော့ တစ်ဦးနဲ့ တစ်ဦး အမြင် မတူနိုင်ပါဘူး။ ကျွန်တော်တို့ အလုပ်က Web Site ထောင်တော့ အထက်က လူတွေက Web Site ရဲ့ အခြေအနေကို ကြည့်တယ့် အထဲမှာတော့ Hit လည်း အဓိက ပါပါတယ်။ သီချင်းတစ်ခွေရဲ့ အောင်မြင်မှုကိုလည်း (များသောအားဖြင့်) ဘယ်နှခွေ ဘယ်နှချပ် ရောင်းရသလဲနဲ့ ကြည့်သလိုပါပဲ။ Quantitative အရ ဆိုရင်တော့ Hit က ဘလော့ဂ် တစ်ခု Web Site တစ်ခုရဲ့လူကြိုက်များမှုကို ပြတဲ့ Indicator ပါပဲ။ ဒါပေမယ့် (ပေးတဲ့ ဥပမာကတော့ နည်းနည်း တုံးနေပြီ။ ကျွန်တော်နဲ့ ရွယ်တူ အိုနေတဲ့ လူတွေကတော့ သဘောပေါက်မှာပါ .. တိန် ) အေးချမ်းမေ အခွေက တစ်သိန်းကျော် ရောင်းရပေမယ့် စိုင်းဆိုဝ်မောရဲ့ မူဆယ်-နမ်ခမ်းလမ်းလောက်တော့ ကြာရှည် ခံချင်မှ ခံမယ်။ ကြိုက်တဲ့ Demographic level ကလည်း စိုင်းဆိုဝ်မော ဆိုရင် အသာကြီး ပိုများမယ်။ လူတန်းစား မရွေး ကြိုက်တယ်ပေါ့။ ဒီလို မျိုးတွေတော့ ရှိပါတယ်။
ဘလော့ဂ်ရေးတာ Hit များတာ မများတာ အရေးမကြီးပါဘူး ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပြန်ဘူး။ ဒီနေရာမှာ ကျွန်တော့်ကို စိတ်မဆိုးလောက်မဲ့ မောင်တိန်ကိုပဲ ဥပမာ ပေးရမယ်။ ကျွန်တော်သိတယ် သူကတော့ သူ့ဘလောက်မှာ Hit များတာ မများတာ သိပ်ကြည့်တဲ့ လူ မဟုတ်ပါဘူး။ အဓိကက သူစာဖတ်ပြီး မှတ်ထားချင်တာလေးတွေ မပျောက်မပျက်အောင် သိမ်းဖို့၊ သူ့ ပုံလေးတွေ ခဏ သိမ်းထားဖို့ထားတဲ့ လူပါ။ နောက်တစ်ယောက်ကတော့ လုံးဝကို လူသိမခံချင်တဲ့ တစ်ယောက်ပါ။ သူကလည်း မိသားစု အကြောင်းရေးပြီး သူ့ မိသားစု ဖတ်ဖို့ပါပဲ။ ကျွန်တော့် အတွက်တော့ (၀န်ခံရမယ်ဆို) Hit များဖို့ လိုပါတယ်။ ဘာကြောင့် Hit များဖို့ လိုသလည်းဆိုတော့ အထက်မှာ ပြောထားသလိုပဲ ကိုယ်က အချိန်တွေ အကုန်ခံပြီး ဘယ်သူမှ မဖတ်ရင် ဘာလုပ်မှာလဲ။ ကိုယ့်ဘာကိုယ် စာအုပ် တစ်အုပ်ထဲမှာပဲ ချရေးပြီး မွေ့ယာအောက်မှာ သိမ်းထားတော့မယ်။
ကျွန်တော့်လို ဘလောက် အလည် မထွက်နိုင်တဲ့ လူ၊ (ကိုစိုးထက်ကြီးလောက်) လူချစ်လူခင် မများတဲ့လူက ဟစ်များအောင် ဘယ်လိုလုပ်လဲ ဆိုတော့ ကိုယ့်ကိုယ်ကို ပြန်လင့်တာပါပဲ။ ကိုယ့် Post တစ်ခုထဲမှာ နောက် Post တစ်ခုကို ပြန်လင့်တာပါပဲ။ အနည်းဆုံးတော့ `တခြားဖတ်ရန်´ ဆိုပြီး အောက်မှာ ပြန်လင့်ထားတယ်။ ဖတ်ပြီးသား သူက မဖတ်ပေမယ့် မဖတ်ရသေးတဲ့ သူကတော့ ဖတ်မိပါတယ်။ ဒီလိုနဲ့ အရင် ပို့စ် အဟောင်းတွေကိုလည်း လူတွေ ဖတ်မိ။ ဘလော့ဂ်မှာလည်း ဟစ်တက်ပေါ့။ ဘလောက်ရေးတဲ့ သူတွေအတွက် Tip တစ်ခုပါ။ ကိုယ် ဘလောက်ကို ရေးပြီး တစ်နှစ်လောက် နေမှလည်း စာဖတ်သူ အသစ်တွေ ရနိုင်ပါတယ်။ ဒါပေမယ့် စာဖတ်သူ အသစ်တွေကို ပို့စ် အဟောင်းတွေ ရှာဖတ်ဖို့ မမျှော်လင့်ပါနဲ့။ သူတို့ ခမျာ ထွက်သမျှ ပို့စ်တွေကိုတော် မနည်း နိုင်အောင် ဖတ်နေရတာ။ တခြား ဘလော့ဂ်တွေကလည်း ကိုယ့်ပို့စ် အဟောင်းတွေကို ကြုံမှ လင့်နိုင်တာပါ။ ဒါကတော့ အင်မတန် ကြုံတောင့် ကြုံခဲပါ။ ဥပမာ ကို TZA က ကျွန်တော့်ရဲ့ ချေ/ချီ ပို့စ်အဟောင်းကို ပြန်လင့်သလိုမျိုးပေါ့။ အဲဒီတော့ ကိုယ့်ကပဲ ကိုယ့် Post အဟောင်းလေးတွေကို ပြန်လင့်ပေးရပါတယ်။ ဒီနည်းကြောင့် Feed ကို Full ထုတ်ပေးထားပေမယ့် Feed Reader တချို့ကို ဘလော့ဂ်ကို အိမ်တိုင် ယာရောက် လာလည်အောင် လုပ်နိုင်ခဲ့ပါတယ်။
ကံကောင်းချင်တော့ ကျွန်တော့် စာဖတ်ပရိသတ်ကလည်း အသစ် ဖြစ်နေတာတောင် ပို့စ် အဟောင်းတွေကို ပြန်ပြီး ရှာဖတ်တတ်ပါတယ်။ ဥပမာ မစစ်ကိုင်းသူလိုမျိုး ။ (သိနေတယ်နော်။)ဒါဟာ ကျွန်တော် ဘလော့ဂ် စရေးကတည်းက ချထားတဲ့ Specification တစ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာလည်း ဆိုတော့ သတင်း မရေးဘူး ဆိုတာပါပဲ။ (ကျွန်တော် ရေးမိရင်လည်း ကပ်သပ်ပြီး လာရန်မရှာပါနဲ့)။ သတင်းက ဘာနဲ့ တူလည်း ဆိုတော့ ပြက္ခဒိန်ရောင်းသလိုပါပဲ။ မနှစ်က ပြက္ခဒိန် ဒီနှစ်မှာ ဘယ်လိုမှ ရောင်းလို့ မရသလိုမျိုးပေါ့။ သတင်းကတော့ သမိုင်းအနေနဲ့ Archive (မော်ကွန်း) အနေနဲ့ ပြန်ရှာပါသေးတယ်။ အဲဒါကြောင့် ပို့စ်အဟောင်းလေးတွေက စာဖတ်သူ အသစ်ပြန်ဖတ်လည်း သစ်နေသေးတာပါ။ ဒီနေရာမှာ သတင်းရေးတာ မှားတယ် မဆိုပါဘူး။ စင်္ကာပူက သတင်းရေးတဲ့ ဘလော့ဂ် တစ်ခုကတော့ ကျွန်တော် နေတိုင်း စောင့်ကြည့်ရတဲ့ ဘလော့ဂ် တစ်ခုပါပဲ။ နောက်ပြီး သတင်းရေးပြီး ဟစ်သန်းချီ ရနေတာတွေလည်း လူတိုင်းသိပါတယ်။
နောက်ပြီး မာတိကာလိုမျိုး ထည့်ပေးထားပါတယ်။ ကလစ်လုပ်လို့ ရသမျှကို One click away မှာ ထားပေးထားပါတယ်။ ဆိုလိုတာက Drop Down list တွေ၊ Mouse တင်လိုက်မှ မြင်ရတာမျိုးတွေ မထားပဲ လင့်တွေ အားလုံး (ကိုယ့်ပို့စ်ေ ရာ၊ သူများပို့စ်ရော) အတွက် မြင်သာတဲ့ နေရာမှာ ထားပေးထားပါတယ်။ မအားမလပ်တဲ့ စာဖတ်သူတွေအတွက် ကလစ် တစ်ချက် လုပ်လိုက်ရုံပါပဲ။ ဒီနေရာမှာ ဒီလို လုပ်တာဟာ အကောင်းဆုံးလို့ မဆိုလိုပါ။ မှန်တယ် မှန်တယ်နဲ့ ခင်ဗျားက ဘယ်ဘက်ကလည်း ဆိုသလို လူတိုင်းကတော့ သူဟာနဲ့ သူ မှန်နေတာပါပဲ။ ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ တချို့က ဘာလို့ တခြားနည်းနဲ့ လုပ်သလဲဆိုတာ။ ဥပမာ သူ့ ဘလော့ဂ်မှာ အမြင်ရှင်းချင်လို့လည်း ဖြစ်နိုင်တာပဲ။ အရမ်းကြီး Scroll မလုပ်ရအောင်လည်း ဖြစ်နိုင်တာပဲ။ ကိုယ့် အကြောင်းပြချက်နဲ့ ကိုယ်ပါ။ (ဟုတ်လား တီတီဂျစ် ? )။ ဘယ်လိုပဲ ဖြစ်ဖြစ် Tip တစ်ခုကတော့ သူများကို လင့်မယ်ဆိုရင် <a> Tag မှာ target=”_blank” ဆိုတာလည်း ထည့်ပါတယ်။ အဲဒီတော့ သူများ ဘလော့ဂ်တွေကို လင့်ပေးထားလို့ ကိုယ့်ဘလော့ဂ်ကနေ သွားလည်တောင် Windows အသစ် တစ်ခုအနေနဲ့ Tab အသစ် တစ်ခု အနေနဲ့ပဲ ပွင့်သွားပြီး ကိုယ့် ဘလော့ဂ်လေးက ပွင့်ရက်လေး ကျန်နေခဲ့လို့ စာဖတ်သူများ စိတ်လည်သေးမယ် ဆိုရင် ပြန်ဖတ်နိုင်ပါတယ်။
ဝန်ခံရမယ်ဆိုရင် ကျွန်တော့် ဘလော့ဂ်မှာ ဟစ်တစ်သိန်း ဘာကြောင့် ဒီလောက် အမြန် ပြည့်သွားတာလဲ ဆိုရင် ကျွန်တော့် ဘလော့ဂ်က Home Page ကနေ ပို့စ်တွေကို ဖတ်ခွင့် မပေးထားပါဘူး။ စာဖတ်သူခမျာ Home Page ရောက်ပြီး နောက်တစ်ခေါက် ကလစ်လုပ်မှ ဖတ်ချင်တဲ့ ပို့စ်ကို ဖတ်နိုင်ပါတယ်။ ဘာကြောင့် ဒီလို လုပ်သလဲကို ဒီဘလော့ဂ်ကို စိတ်ဝင်စားရဲ့လား ပို့စ်မှာ ရေးဖူးပါတယ်။ WordPress သမားတွေ စတိုင်ပေါ့လေ။ သူတို့ဆီက ကူးချထားတာ။ ဒီလို Post တွေကို ကလစ်လုပ်မှ ဖတ်လို့ ရတဲ့ အတွက် ဘယ် Post ကို လူဖတ်များလည်း ဆိုတာ အလွယ် သိနိုင်လာပါတယ်။ နောက်ပြီး ဒီ တစ်သိန်းက Unique Visitor မဟုတ်ပါဘူး။ ဒီဘလော့ဂ်ကို Web Browser က ဖွင့်တဲ့ အကြိမ်တိုင်းပါ။ ဒီအကြောင်းတွေ ဟို Post မှာ ရှင်းပြပြီးပါပြီ။ တခြား အောက်လမ်း နည်းတွေတော့ မသုံးထားပါဘူး။ ဥပမာ ကိုယ့် ကလစ်ကို ထည့်မရေထားပါဘူး။ ဒါကလည်း Statcounter မှာ အလွယ် လုပ်လို့ ရပါတယ်။ သူက Cookie နဲ့ ဆိုတော့ စိတ်ချရပါတယ်။ Google Analyitics ကတော့ IP နဲ့ ဆိုတော့ အိမ်သုံး အင်တာနက်တွေက Dynamic IP ဆိုတော့ မလွယ်ပါဘူး။ အမြဲတမ်း IP Address ပြောင်းမပြောင်း လိုက်ကြည့်နေရပါတယ်။ အခုနောက်ပိုင်းတော့ Share ထားတာတွေကနေ လာမည်ဆိုရင် Landing Page က Home Page မဟုတ်ဘဲ ဖတ်မယ့် ပို့စ်ကို တိုက်ရိုက် ရောက်နိုင်ပါတယ်။ နောက်ပြီး ကျွန်တော့်လို့ စီဗုံးတွေမှာ လိုက်မအော်နိုင်တဲ့ သူအတွက်တော့ မိတ်သစ် ဆွေသစ်ရဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ပို့စ်တွေကို အလွယ် Share လုပ်လို့ရတော့ အဲဒီကနေ စာဖတ်သူအသစ် အတော် ရနိုင်ပါတယ်။
အသစ်လာလည်တဲ့ သူတွေကလည်း သူ့အကြိုက်နဲ့ ကိုယ်ရေးတာ တည့်သွားရင် နောက်ရက်တွေ လာလည်တတ်ပါတယ်။ အဲဒါကြောင့် ကလေးအကြောင်း၊ ဟင်းချက်တဲ့ အကြောင်းရေးလို့ လူပျိုလေးတွေက မကြိုက်လောက်ဘူး ထင်ရင် သူတို့ ကြိုက်လောက်မယ့် စာတွေ ရေးပါတယ်။ ဥပမာ သြော်ဇီအကြောင်းတို့ ဘာတို့ပေါ့။ သူ့အကြိုက် ရေးမှာလား ကိုယ့် ရေးချင်တာကို သူများ ကြိုက်အောင် လုပ်မှာလားဆိုရင်တော့ On the fence ပါပဲ။ ကိုယ်ရေးချင်တာလေးလည်း ရေး၊ စာဖတ်သူ စိတ်ဝင်စားတာတွေလည်း ရေးပါတယ်။ အရေးကြီးတာကတော့ စာဖတ်သူကို ဆွဲထားနိုင်ဖို့ရယ် ကိုယ် စိတ်ချမ်းသာဖို့ပါပဲ။
ဘလော့ဂါတွေ အတွက် Tip တစ်ခုကတော့ စာဖတ်သူဟာ လာလည်တဲ့ လမ်းကြောင်း ရှိပါတယ်။ အဲဒီ လမ်းကြောင်းကို သိနိုင်ပြီး အလေးထားမယ်ဆိုရင် နောက်ထပ် အဲဒီလို စာဖတ်သူတွေ ထပ်ရနိုင်ပါတယ်။ အလွယ်ဆုံး ပြောရမယ်ဆို တချို့က ကိုယ်ပိုင် ဘလောက်ကနေ ကျွန်တော့် ဘလော့ဂ်ဆီ လာလည်တယ်။ တချို့ကတော့ Burma Today လို Web Site ကနေ လာလည်တယ်။ အခုနောက်ပိုင်း ကျွန်တော့်ဆီ အလာဆုံးကတော့ ဒေါက်တာလွဏ်းဆွေဆီကနေပါ။ တချို့က ဒီဘလော့ဂ်ရဲ့ ပို့စ်တစ်ခုကနေ အမြဲ လာလည်တယ်။ တချို့က Google မှာ wesheme နဲ့ ရှာပြီးလာတယ်။ Google နဲ့ တခြား keyword ရှာပြီးလာတာကတော့ သိပ်အားထားလို့ မရပါဘူး။ ကျွန်တော့်ရဲ့ အင်္ဂလိပ်လိုရေးတဲ့ Technical Blog ကတော့ လုံးဝ ပြောင်းပြန်။ အဲဒီကိုတော့ Search Keyword နဲ့ လာတဲ့ သူပဲ ရှိပါတယ်။ တချို့ကတော့ တခြား ဘလော့ဂ်ကနေ လာပါတယ်။ ဥပမာ မနုစံ ဘလော့ဂ်ကနေ လာသလို။
ကျွန်တော့်လို IT နဲ့ ထမင်း စားနေတဲ့သူ၊ အလုပ်က Web Site အတွက် Visitor Behaviour Analysis လုပ်ဖူးတဲ့ သူ တစ်ယောက်အတွက်ကတော့ ဘယ်သူတွေ ဘယ်ကနေ ဘယ်လို လာလည်ပြီး ဘာတွေ ကြည့်တတ် ဘာတွေ စိတ်ဝင်စားသလဲ ဆိုတာ သိဖို့ မခဲယဉ်းပါဘူး။ ဘလော်ဂါတိုင်းလိုလိုလည်း ဒါတွေ လုပ်တတ်ပါတယ်။ ကိုယ့်ထက် ကျွမ်းတဲ့ သူတွေကတော့ ခြေရာဖျောက်နိုင်လို့ မသိတာတော့ ထားလိုက်ပါတော့။ နောက်ပြီး ဘယ်သူဆိုတာထက် ဘယ်ပို့စ်ကို ဘယ်နှယောက် ဘယ်ကနေ ဘယ်လို ဘယ်လောက် ကြာကြာ ဖတ်တယ် ဆိုတာပဲ စိတ်ဝင်စားပါတယ်။ ဘာပဲ ဖြစ်ဖြစ် Cbox မှာပဲ ဖြစ်ဖြစ် လာလည်ပါတယ် မအော်သွားရင်တောင် လာလည်မှန်း ကျွန်တော် သိနိုင်ပါတယ်လို့ ဆိုချင်တာပါ။ ဒီလို နေ့တိုင်း လာဖတ်နေပါလား ဆိုတဲ့ အသိကလည်း ပို့စ်အသစ်တွေ ထပ်ရေးဖို့ တွန်းအားတစ်ခုပါပဲ။
ဘလော့ဂါတွေ အတွက် နောက်ထပ် Tip တစ်ခုကတော့ ကျွန်တော့်ဘလောက် တစ်နေ့တစ်နေ့ Hit ၃-၄၀၀ ကျော်တာ ဒီနှစ်မှပါ။ အရင်နှစ်တုန်းက လိန်ဖယ်လိန်ဖယ်ပါပဲ။ မနှစ်က တစ်နှစ်လုံး ရတဲ့ ဟစ်က အခုဆို နှစ်လအတွင်း ရလာပါတယ်။ ဒီလိုနဲ့ အားလည်း မလျှော့ဘဲ ပုံမှန်ပဲ ဆက်ရေးလာခဲ့ပါတယ်။ အရေးကြီးတာ အားထုတ်ဖို့နဲ့ စေတနာ ထားဖို့ပါပဲ။ စာဖတ်သူတွေက ပညာတတ်တွေ အရွယ်ရောက်သူတွေ ချည်းပါပဲ။ စာတစ်ပုဒ် ဖတ်လိုက်တာနဲ့ စာရေးသူရဲ့ စေတနာကို ကောင်းကောင်း သိပါတယ်။ နောက်ထပ် လာဖတ် မဖတ်ကလည်း စာရေးသူရဲ့ စေတနာနဲ့ပဲ ဆိုင်ပါတယ်။ စေတနာ မကောင်းရင်လည်း ပို့စ် တစ်ခုထဲနဲ့တင် လန်သွားပါမယ်။
Web Stat – 2008
ဘလော့ဂ်တွေက မျိုးစုံရှိပြီး ကိုယ့်ဘလော့ဂ်ကိုတော့ ဘယ်လို ပုံစံ ရှိရမယ်လို့ မူချမှတ်ထားတာ ကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော် ဘလော့ဂ် စရေးတုန်းက မပန်ဘလော့ဂ်တို့ ဘာတို့ကို ကြိုက်ပေမယ် သူ့လို ကဗျာ တစ်ပုဒ်တောက် ဖြစ်ဖြစ် မြောက်မြောက် မစပ်တတ်တော့ သူလို့ လိုက်လုပ်ချင်ပေမယ့် လုပ်လို့ မရပါဘူး။ အဲဒီတုန်းက ဘယ်သူ့ ဘလော့ဂ်တွေကို အားကျသေးသလဲ ဆိုတော့ ကိုTZAတို့ ဂျစ်တူးတို့လည်း ပါပါတယ်။ ဂျစ်တူးကတော့ ကဗျာစပ်တတ်တယ်။ ဆိုလိုတာက ဂျစ်တူးတို့ TZA (Degolar) တို့လို့ ကိုယ့်ပတ်ဝန်းကျင်က အကြောင်းကို များများ ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပြီး ကျွန်တော်က မကေတို့လို အရေးမရဲ အတွေးမရဲတော့ ချိုရေးဖို့လည်း စိတ်ကူးလိုက်တယ်။ ကိုပေါတို့လိုလည်း ဗဟုသုတ အခြေခံကလည်း မကောင်းတော့ Research ဆန်ဆန် မှန်အောင် ရေးမှ ဖြစ်မယ့် Post တွေကိုလည်း တတ်နိုင်သမျှ ရှောင်ပါတယ်။ မနိုင်းနိုင်းစနေလို တစ်နေ့ကို တစ်ပို့စ် (တစ်ရက်တစ်လေ နှစ်ပို့စ်) တင်ဖို့ကလည်း ရေးအားမကောင်းတော့ အပျော်လုပ်သလိုလို သတင်း လွှင့်ထားတယ်။ ကျွန်တော် စရေးတဲ့ အချိန်မှာ မြန်မာပြည်က ယောက်ျား ဘလော်ဂါတွေကလည်း သတင်းထောက်တွေ စာရေးဆရာတွေ ဘလော့ ဆရာကြီးတွေ ဆိုတော့ သူတို့လိုင်း ၀င်တိုးလို့ကတော့ ကိုယ်ပဲ ပြားသွားမယ်။ နောက်ဆုံး ကျွန်တော့် မိန်းမလည်း ကြည်ဖြူ (တိန်!) အချက်အလက်လည်း အဝေးကို သွားရှာစရာမလိုတဲ့ ကျွန်တော့် မိသားစု အကြောင်း ကျွန်တော့် အကြောင်းပဲ ရေးဖို့ စိတ်ကူးတော့တယ်။
အော်စကာပွဲတွေ၊ အကယ်ဒမီပွဲတွေမှာလို ကျေးဇူးတင် စကားလေးလည်း နည်းနည်း ပြောပါရစေဦး။ ကျွန်တော် စရေးတုန်းကနေ တောက်လျှောက် မပြတ် အားပေးခဲတဲ့သူတွေ၊ ဒီဘလော့ဂ်လေး အကြောင်း သိပြီး ကတည်းက အဟောင်းတွေပါ ပြန်ရှာ ဖတ်ပြီး နေ့စဉ် အားပေးတဲ့ သူတွေ၊ စီဗုံးကနေ ကော့်မန့်ကနေ အားပေးသွားတဲ့ သူတွေကို ကျေးဇူးတင်စကား မပြောလို့ကတော့ နောက်တစ်ရက်တောင် ဆက်နေနိုင်မှာ မဟုတ်ဘူး။ ကျွန်တော့်ကို အမြဲ (အထူးသဖြင့် မူးနေရင်) အားပေးတဲ့ ၊ ဘလော့ဂ် အတူတူ စရေးတဲ့ ကိုစောနဲ့ မောင်တိန် တို့ကိုတော့ ကြုံရင် ဘီယာတိုက်ပါ့မယ်။ နောက်ပြီး အချိန် အတူတူ ဘလော့ဂ် စရေးလာတဲ့ သည်းခံ သဘောကောင်းတဲ့ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံးနဲ့ အလုပ်လည်း အတူတူ လုပ်ဖူးတဲ့ မနုစံကိုလည်း အလုပ်ထဲမှာထက် ပိုခင်နေတဲ့ အကြောင်း။ ကျွန်တော် လှိုင်းစီးလာတဲ့ (စီးပွားရေး လောကမှာ လှိုင်းစီတယ် ဆိုတာ နာမည်ကြီးတွေနဲ့ ကပ်ပြီး ကြီးပွားအောင် လုပ်တာကို ပြောတာလေ) လှိုင်းစီးပြီး သူတို့စီက Visitor တွေ ကပ်ယူလာတဲ့ မပန်ဒိုရာနဲ့ မဂျစ်တူးတို့ကိုလည်း ကျေးဇူး အထူး တင်ပါတယ်။ နောက်တာပါ တကယ်လည်း ခင်ပြီး တကယ်လည်း သူတို့ ဘလော့ဂ်တွေကို အားကျလာတာပါ။ သူတို့က ကိုယ့်ကို Share ပေးတယ်။ အကြိုက်ဆုံး စာရင်းတွေထဲမှာ ထည့်ပေးတယ်။ ၀ီရှီမီကို ၀ါဆာဘီ စာရှီမီ ဆိုပြီး ပို့စ်ထဲမှာ ထည့်ရေးပေးဖူးတယ်လေ။ Last but most importantly ကျွန်တော် ဘလော့ဂ်ရေးတာကို အားပေး အချိန်ပေးတဲ့ သူမကိုလည်း ကျေးဇူးတင်ပါတယ်။ (မတင်လို့ မရဘူးလေ နို့မို့ဆိုရင် တုတ်ကောက်လာရမယ်.. တိန်!)
ဒီလို Hit တစ်သိန်းကျော်သွားလို့ ပျော်တယ်ဆိုပေမယ့် ဒါတွေဟာ ရေပွက်ပမာ ဆိုတာကိုလည်း မိမိကိုယ်ကို နှလုံးသွင်းဖို့ ကြိုးစားရပါဦးမယ်။ ကျွန်တော် မရေးနိုင်တဲ့ လတွေမှာ ပို့စ် ၂ ခု ၃ ခုပဲ ရှိပါတယ်။ ဒီလိုမျိုးတွေ ကြုံတွေရဦးမှာပါ။ ပြီးတော့ လူတွေအကြိုက် မရေးနိုင်တော့ရင်၊ ကိုယ်ရေးတာကို လူမကြိုက်တော့ရင် ဆိုတာ ဖြစ်လာဖို့ အလွန်လွယ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရေးနိုင်တဲ့ အချိန်လေး အားပေးနေတဲ့ အချိန်လေးမှာတော့ ပျော်သလိုသာ နေလိုက်ဦးမှာပါ။
ရေတက်တုန်း ခဏပေါ့ ငါးစင်ရိုင်းရယ်….
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>