တိကျတဲ့အဖြေ
ဒုတိယကမ္ဘာစစ်အတွင်းမှာ နာမည်ကြီးစိတ်ပညာရှင် J. P. Guilfordကို အမေရိကန်စစ်တပ်က ငှားရမ်းပြီး စမ်းသပ်မှုတစ်ရပ် ပြုလုပ်စေခဲ့တယ်။ ဒီပညာရပ်နဲ့ အကောင်းဆုံး၊ အသင့်တော်ဆုံး လေယာဉ်တပ်သားတွေ ရွေးထုတ်နိုင်ဖို့ဖြစ်တယ်။
ဒါပေမယ့် ထင်သလို မအောင်မြင်ခဲ့ပါဘူး။ အစမ်းသပ်ခံတပ်သားတွေဟာ လေ့ကျင့်ချိန်မှာ တက်ညီလက်ညီနဲ့ အမှတ်ပြည့်ရခဲ့ပေမယ့် ရှေ့တန်းရောက်တာနဲ့ အပစ်ချခံခဲ့ရတယ်။ ဒါကြောင့် သေဆုံးမှုတွေ တိုးခဲ့ရတယ်။
Guilfordက ဒီလိုပြဿနာကို ရှာဖွေစူးစမ်းချိန်မှာ မသေဘဲကျန်ရစ်တဲ့ လေတပ်သားအများစုက တပ်သားဘဝကနေ ပင်စင်ယူထားတဲ့အရာရှိတွေ ရွေးထုတ်ထားတဲ့သူတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
ဒီအတွက် Guilford အရမ်းခေါင်းခြောက်ခဲ့ရတယ်။ သူ့ရဲ့ စေ့စပ်တဲ့စမ်းသပ်မှုပညာက အရာရှိတွေရဲ့ အမြင်လောက်တောင် မစွမ်းခဲ့တော့ဘူးလား? ဘယ်နေရာမှာ အခက်အခဲဖြစ်နေခဲ့လဲ?
ဒီပြဿနာအတွက် အရာရှိတစ်ဦးကို Guilford မေးလိုက်တယ်။ အရာရှိက “ဘာကြောင့်လဲဆိုတာ ကျွန်တော်လဲ ပြောမပြတတ်ဘူး။ ဒီလိုလုပ်ရအောင် တပ်သားတချို့ကို ခင်ဗျားနဲ့ကျွန်တော်အတူ ရွေးကြည့်ကြရအောင်…!”
“ဟုတ်ပြီ.. ကျွန်တော်တို့အတူ ရွေးကြရအောင်” ဆိုပြီး နှစ်ယောက်အတူရွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ရွေးချယ်ချိန်မှာ ပထမဆုံးတပ်သားဝင်လာတော့ Guilfordက တစ်ဘက်ကနေပြီး အကဲခတ်၊ မှတ်တမ်းရေးခဲ့တယ်။
“ကောင်လေး.. တကယ်လို့ ဂျာမန်တွေက မင်းလေယာဉ်ကိုတွေ့သွားပြီး အမြင့်ပစ်ဒုံးကျည်နဲ့ ပစ်တော့မယ်ဆိုပါစို့၊ မင်းဘယ်လို လုပ်မလဲ?” အရာရှိက ပထမမေးခွန်း စမေးခဲ့တယ်။
“လေယာဉ်ကို ဒီထက်မြင့်အောင် ပျံမယ်”
“မင်းဘယ်လို သိတာလဲ?”
“စစ်တိုက်လမ်းညွှန်စာအုပ်မှာ အဲဒီလို တိကျတဲ့အဖြေကို ရေးထားပါတယ်။ မှန်တယ် မဟုတ်လား?”
“မှန်ပါတယ်။ တိကျတဲ့အဖြေပါ။ မင်းသွားနိုင်ပါပြီ”
“ဆရာ… မေးခွန်းတစ်ခုပဲ မေးတာလား? တခြားမေးခွန်း မရှိတော့ဘူးလား?”
“ဟုတ်တယ်.. မေးခွန်းတစ်ခုထဲပါ၊ မင်းသွားနိုင်ပါပြီ။ ကျန်တဲ့မေးခွန်းက ငါတို့အတွက်ဖြစ်တယ်”
ဒုတိယတပ်သား ထပ်ဝင်လာတယ်။ တပ်သားနေရာယူပြီးတာနဲ့ အရာရှိက အပေါ်ကမေးခွန်းကိုပဲ ပြန်မေးလိုက်တယ်။
“ကောင်လေး.. တကယ်လို့ ဂျာမန်တွေက မင်းလေယာဉ်ကိုတွေ့သွားပြီး အမြင့်ပစ်ဒုံးကျည်နဲ့ ပစ်တော့မယ်ဆိုပါစို့၊ မင်းဘယ်လို လုပ်မလဲ?”
“တိမ်တိုက်တစ်ခုရှာပြီး အမြန်ပုန်းလိုက်မယ်” ဒုတိယတပ်သားက ဖြေပါတယ်။
“ဟုတ်လား? တကယ်လို့ တိမ်မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ?”
“မြေပြင်ကို အမြန်ပျံဆင်းပြီး သူတို့နဲ့ ထိပ်တိုက်တွေ့လိုက်မယ်”
“မင်း ကိုယ့်ကိုသေကြောင်းကြံတာလား?”
“ဒီလိုဆိုရင် လေယာဉ်ကိုယ်ထည်ကို ဘယ်ညာယိမ်းလိုက်ရင်ကော?”
“လေယာဉ်က မင်းမောင်းတာလေ၊ ငါမောင်းတာမဟုတ်ဘူး။ မင်း စာမဖတ်ဘူးလား?”
“ဆရာပြောတာက စစ်တိုက်လမ်းညွှန်စာအုပ်လား?”
“အဲဒီစာအုပ်မဟုတ်ရင် မင်းက ဘာစာအုပ်ဖတ်ချင်သေးလို့လဲ?”
“စစ်တိုက်လမ်းညွှန်စာအုပ်ကို ကျွန်တော်ဖတ်ပါတယ်။ ဒါပေမယ့် စာအုပ်ကထူလွန်းလို့ ကျွန်တော်အကုန် မမှတ်မိဘူး။ ကျွန်တော်က လေယာဉ်မောင်းတာပဲ ဝါသနာပါတယ်။ အမေရိကန်တပ်အတွက် ကျွန်တော်လေယာဉ်မောင်းမယ်၊ အစားအစာအညွှန်းတွေလို ရေးထားတဲ့ စာတွေကို ကျွန်တော်မဖတ်ချင်ဘူး”
“မင်း ဘာကိုဆိုလိုတာလဲ?”
“ကျွန်တော် ကြက်ဥကြော်လည်းရတယ်။ အသားကင်လည်း ရတယ်။ အမေနဲ့အတူ apple pieတွေ ကူလုပ်လဲရတယ်။ ဒါပေမယ့် အစားအစာအညွှန်းတွေလို ဒါပြီးရင် ဒါလုပ်ပါလို့ ၁, ၂, ၃ အစဉ်လိုက်ရေးထားတဲ့ စာတွေကို ကျွန်တော်နားမလည်ဘူး”
“ကောင်းပြီ.. မင်းသွားနိုင်ပြီ”
“ဆရာ… ကျွန်တော့်အဖြေမှားသွားပြီလား?”
“အခုက မေးခွန်းပြန်မေးရမယ့်အချိန်မဟုတ်ဘူး”
ဒုတိယတပ်သားထွက်သွားတာနဲ့ အရာရှိက Guilfordဘက်လှည့်ပြီး “ဆရာ.. ဆရာကိုရွေးခိုင်းရင် ဘယ်တစ်ယောက်ကို ဆရာရွေးမလဲ?”
“ခင်ဗျားရဲ့ အကြံဥာဏ်ကို ကျွန်တော်အရင်သိချင်တယ်”
“ကျွန်တော်က ဒုတိယတစ်ယောက်ကို ရွေးမယ်” အရာရှိကပြောပါတယ်။
“ဘာဖြစ်လို့လဲ?”
“ပထမတစ်ယောက်ဖြေတဲ့အဖြေက တိကျတဲ့အဖြေမှန်ဆိုတာ မှန်တယ်။ ရန်သူရဲ့ဒုံးကျည်ကလွတ်အောင် လေယာဉ်ကို ဒီထက်မြင့်အောင်ပျံမယ်။ ဒါပေမယ့် ဂျာမန်တွေက ငတုံးတွေမဟုတ်ဘူး။ တိကျတဲ့အဖြေမှန်း ကျွန်တော်တို့သိသလို သူတို့လည်းသိတယ်။ ဒါကြောင့် ဂျာမန်တွေက နိမ့်တဲ့နေရာမှာ တစ်ချက်အရင်ပစ်ပြီး လေယာဉ်အမြင့်ပျံမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့စိတ်ကို သွေးဆောင်ဖြားယောင်မယ်။ တကယ့်သူတို့ရဲ့ ပစ်မှတ်က အမြင့်ဆုံးမှာ ထားထားတယ်။ အဲဒီအချိန်ကျရင် ဘယ်သူသေမလဲ?”
“အော်.. ဒီလိုလား?”
“ဒုတိယတစ်ယောက်က ပြောင်ချော်ချော်ဖြေတယ်။ ပြီးတော့ စည်းမျဉ်းစည်းကမ်းအတိုင်း မလိုက်နာဘူးဆိုပေမယ့် သူ့မှာ လိုအပ်ရင် လိုအပ်သလို ပြောင်းလဲနိုင်တဲ့ ဥာဏ်ရှိတယ်။ အခက်အခဲကြုံတာနဲ့ အခက်အခဲကလွတ်အောင် နည်းမျိုးစုံသုံးနိုင်တယ်။ နည်းများလေ လွတ်မြောက်ဖို့လမ်းများလေပဲ။ ကျွန်တော်လို စစ်ပွဲအများကြီး တိုက်ခဲ့ဖူးတာတောင်မှ မသေဘဲ ကျန်နေတဲ့သူတစ်ယောက်က စစ်မြေပြင်မှာ ကြုံရတဲ့အတွေ့အကြုံတွေ စစ်တိုက်လမ်းညွှန်ထဲ မရှိဘူးဆိုတာကို ပိုသိတယ်။ စာအုပ်ထဲ ရေးထားတာနဲ့ တူတယ်ဆိုလို့ တစ်မျိုးပဲရှိတယ်”
“ဘယ်တစ်မျိုးလဲ?”
“ဈာပနာအခမ်းအနား… အဲဒီတစ်ခုပဲ စာအုပ်ထဲရေးထားတဲ့အတိုင်း တစ်လုံးမှမခြားခဲ့ဘူး။ စစ်တိုက်တာကိုလဲ အလွတ်ကျက်ရမယ်ဆိုရင် သေဖို့လမ်းပဲရှိခဲ့တယ်။ အဖြေကတော့ တွေ့မှာမဟုတ်ဘူး”
အရာရှိရဲ့စကားကို နားထောင်ပြီး Guilford က သူ့ရဲ့ဆန်းစစ်ချက်ကို အသစ်တစ်မျိုးပြောင်းလဲလိုက်တယ်။
ဆန်းစစ်ချက်အသစ်ရဲ့ မေးခွန်းတွေက “တကယ်လို့ သင့်မှာ အုတ်တစ်ခဲရှိတယ်။ အဲဒီအုတ်တစ်ခဲရဲ့ မတူတဲ့အသုံးဝင်ပုံ ၅ဝမျိုးကို ပြောပါ” ဆိုတာမျိုးတွေဖြစ်တယ်။
Guilfordဟာ ဒီလိုဆန်းစစ်ချက်နဲ့ အမေရိကန်ရဲ့ အကောင်းဆုံးလေယာဉ်တပ်သားတွေကို ရွေးထုတ်နိုင်ခဲ့သလို “ဆန်းသစ်တဲ့ စမ်းသပ်မှု” တစ်ခုကို ဖန်တီးနိုင်သူဖြစ်ခဲ့တယ်။
နောက်ဆုံးဘူတာမှာ ဆင်းတဲ့လူတစ်ယောက်ရဲ့ မအီမသာတဲ့ မျက်နှာကိုကြည့်ပြီး မိတ်ဆွေတစ်ဦးက မေးတယ်။
“ဘယ်လိုဖြစ်တာလဲ? နေမကောင်းဘူးလား?”
“ရထားမူးလာတာ.. ငါက ရထားစီးတဲ့အချိန် ထိုင်ခုံပြောင်းပြန်စီးရင် မူးတတ်တယ်”
“ဘာဖြစ်လို့ မျက်နှာချင်းဆိုင်က လူနဲ့ နေရာမလဲခဲ့တာလဲ?”
“ငါ မလဲချင်ဘူး။ အော်.. ငါရှေ့မှာလဲ ထိုင်တဲ့လူမရှိခဲ့ဘူး”
ဒါဟာ ရယ်စရာကောင်းတဲ့ စကားပြောတွေ မဟုတ်ခဲ့ပါဘူး။ လက်တွေ့လူ့လောကမှာ ဒီလိုအဖြစ်တွေ အများကြီးရှိနေခဲ့ပါတယ်။
ဂျပန်နိုင်ငံက နာမည်ကြီးတံဆိပ် တိုရှီဘာစတည်ထောင်တုန်းက စီးပွါးပျက်ပြီး တံခါးပိတ်ဖို့နီးခဲ့တယ်။ တိုရှီဘာကို ဘယ်အရာနဲ့ ကယ်တင်ခဲ့သလဲ သိပါသလား?
“ရောင်စုံပန်ကာက ကယ်ခဲ့တာဖြစ်ပါတယ်”
အဲဒီနှစ်က ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ပန်ကာကအမည်းရောင်ဖြစ်တယ်။ ဒါနဲ့ ကုမ္ပဏီတိုင်းက အမည်းရောင်ပန်ကာတွေ လိုက်ထုတ်ကြတယ်။ (၁၉၅၂)ခုနှစ် တိုရှီဘာလည်းလိုက်ပြီး အမည်းရောင်ပန်ကာတွေ ထုတ်လုပ်ခဲ့တယ်။ လူတိုင်းထုတ်ကြတဲ့အတွက် ပန်ကာတွေ ရောင်းအားနည်းခဲ့တယ်။ (၇)သောင်းကျော်ရှိတဲ့ တိုရှီဘာရဲ့ဝန်ထမ်းတွေကို ဘယ်လိုဖြေရှင်းပေးရမှန်း မသိဖြစ်ခဲ့တယ်။ ဒီအချိန်မှာ ကုမ္ပဏီပိုင်ရှင် Ishisakaက “ပန်ကာတွေရောင်းနိုင်သူကို ကုမ္ပဏီက ၁ဝ%စတော့ရှယ်ယာပေးမယ်” လို့ ကြော်ငြာလိုက်တယ်။
ဝန်ထမ်းတစ်ဦးက Ishisakaကို ဘာဖြစ်လို့ ပန်ကာခွံတွေကို ရောင်စုံနဲ့မထုတ်သလဲလို့ အကြံပေး မေးမြန်းလိုက်တယ်။ အဲဒီအကြံကို အတည်ပြုဖို့ အစည်းအဝေးလုပ်ပြီးတော့ ဝန်ထမ်းတချို့က “ဒီအကြံက အလကား၊ မဖြစ်နိုင်ဘူး” လို့ဆိုကြတယ်။ နောက်တော့ Ishisakaက သေမထူး ရှင်မထူးမို့ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
နောက်ဆုံး ရောင်စုံပန်ကာတွေ အရောင်းသွက်ခဲ့ပြီး တိုရှီဘာကို အသက်ဆက်နိုင်ဖို့ ကယ်တင်ခဲ့တယ်။
တကယ်လို့ ပြဿနာတစ်ခုမှာ တိကျတဲ့အဖြေ၊ ဖြေရှင်းနည်းတစ်ခုပဲရှိတယ်လို့ သင်ယုံခဲ့ရင် သင်ရဲ့တွေးတောမှု၊ ရှာဖွေမှုတွေက ရပ်တန့်နေလိမ့်မယ်။ ယုန်နဲ့လိပ်ပုံပြင်ထဲက အိပ်ပျော်နေတဲ့ယုန်လို မနိုးမချင်း ပန်းတိုင်ဘယ်လောက်နီးနီး ဘယ်တော့မှ သူအရောက်သွားနိုင်ခဲ့မှာ မဟုတ်ပါဘူး။
မူရင်း—-http://www.rocmp.org/archiver
နိုင်းနိုင်းစနေ ဘာသာပြန်သည်။





Recent Comments