မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်….
“ ဒီနေ့ ခေတ်မှာ..လယ်ယာ ပိုင်ဆိုင် စိုက်ပျိုးရေးက..ပုဂ္ဂလိက ပိုင် လား..ပြည်သူပိုင်လား..”
-
+++++
၁၉၅၃-ခုနှစ်က လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ဆိုတာ ပြဌာန်းပြီး အခုထိ မရုပ်သိမ်း သေးပါဘူး။၁၉၄၇-ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ “ နိုင်ငံတော်သည် မြေယာအားလုံးဧ။် ပင်ရင်းပိုင်ရှင် ဖြစ်သည်” .. ဆိုတဲ့.. မူကို အခြေခံပြီး ပြဌာန်း ခဲ့တဲ့ သဘောပါ ဘဲ။ ဒါကြောင့် လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိဘူး။ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ဘဲ ရှိတယ်။ ဒါပေမဲ့ ပုပ္ပါးတောင် တ၀ိုက် မှာ လက်ဖက် စိုက်ပျိုး ဖို့ ထူးကုပ္မဏီ က တောတွေ ရှင်းနေတယ် လို့ ကြားရတယ်..။ ဟူးကောင်း တောင်ကြား ဒေသမှာ စိုက်ပျိုးရေး (ဘာတွေ စိုက်မယ်တော့မသိ) လုပ်ဖို့ ယုဇနကုမ္ပဏီ က.. တောတွေ ရှင်း နေတယ်တဲ့။ ဘီလင်းနယ် အကျဉ်း ဦးစီး ရဲဘက် စခန်းက စိုက်ပျိုးထားတဲ့ ရော်ဘာခြံ တွေကို ပုဂ္ဂလိက ရောင်းလိုက် တယ်တဲ့။ ရန်ကုန်တိုင်း နဲ့ ဧရာဝတီ တိုင်းက ရေနက်ကွင်း တွေကို ပုဂ္ဂလိက ကို ရောင်းလိုက် တယ်တဲ့။ စသဖြင့်……
အဲဒီလို ဟာတွေ ကရော လယ်ပိုင်ခွင့် မဟုတ်ပဲ လယ်လုပ်ပိုင်ခွင့် ပဲလား ။ မထင် ပါပေ…။ အဲဒီလို ရာချီ ထောင်ချီတဲ့ လယ်မြေ ဧက တွေကို တော့ လက်လွတ် စပယ် လုပ်ကြမှာ မဟုတ် တန်ရာ..။မြေစာရင်းနဲ့ ညှိပြီး(ပေါင်းပြီး) အမည်ပေါက် ဦးပိုင်တွေ လုပ်ကြမှာပါ။ ကျေးရွာ မြေယာ ကော်မတီတွေ အနား ကပ်ရမှာ တောင် မဟုတ်။ ဖုတ် လေတဲ့ ငပိ ရှိတယ် လို့ေ တာင် ထင်ပါ့မလား။ ခုတလော သတင်း တွေထဲမှာ ကြား နေရတဲ့ အောင်လံက တောင်သူ လယ်သမား တွေနဲ့ သကြားစက် ဖြစ်တဲ့ ပြသနာမှာ တောင်သူ လယ်သမား လေးတွေ မှာသာ အထောက် အထား မရှိတာ … အထက်က “ ပုဂ္ဂိုလ်ကြီး” တွေ ကိုတော့ မြေစာရင်း ဌာနက အထောက် အထားတွေ လုပ်ပေး ထားတယ်တဲ့…။ အရင် တလောက ဆန် Expot ကို ကိုယ်တိုင် လယ်ယာ လုပ်ကိုင် သူများ သာ ပို့ခွင့် ၇မယ် ဆိုတော့ ဆန်ကုန်သည် Expoter ကုပ္မဏီကြီး တွေ က ၊ လယ်မြေတွေ အလုအယက် ၀ယ်… လယ်သမား လေးတွေနဲ့ အကျိုးတူ လုပ်ကိုင် ကြမယ် ဆိုပြီး အကျိုးတူစာချုပ်တွေ ချုပ်… ချုပ်လဲ ပြီးရော လူတွေကို ဟိုး အဝေး လူမနေတဲ့ နေရာ တွေကို ပို့…. ၊ဘုန်းကြီးကျောင်း တွေတောင် ပါ သွား သေး တယ်။ ရန်ကုန်တိုင်း ဥက္ကလာ လို နေရာမျိုး မှာတောင် ဒီ အဖြစ်မျိုး တွေ ကြားလိုက် ရသေး တယ်။
ဒါတွေကို ကြည့်တော့ လယ်ယာ ပိုင်ဆိုင်မှုဟာ ပုဂ္ဂလိက ပိုင်လား။ နိုင်ငံတော် ပိုင်လား။ ပုဂ္ဂလိက ပိုင် ဆိုရင်ရော.. လယ်တတုံး လုပ် … နွားတရှဉ်းလုပ်… တအိမ်ထောင် တနိုင်တပိုင် … လယ်(၁၀)ဧက လောက် ပိုင် တဲ့.. လယ်သမား လေးတွေရဲ့.. ပုဂ္ဂလိက ပိုင်လား…။ ဧရာမ ပုဂ္ဂိုကြီး တွေရဲ့ ပုဂ္ဂလိက ပိုင်လား..။ အဲဒီ ပုဂ္ဂိုလ်ကြီးတွေ အတွက်.. ပုပ္ပါးတောင် တ၀ိုက်မှာ..လက်ဖက်..စိုက်ချင် စိုက်…ဘိန်း စိုက်ချင် စိုက်.. ကြိုက်တာ စိုက်လို့ ရတယ်… နွားတရှဉ်း လောက်နဲ့ လုပ်တဲ့ လယ်သမား ငအေး ကတော့ သူ့ လယ်ထဲမှာ တောင် သူ စိုက်ချင်တဲ့ သီးနှံ စိုက်ချင် လို့ မရဘူး။ စပါး စိုက်ဆို စပါး ပဲ..စိုက်… ဆည်ရေ ရောက်တဲ့ နေရာမှာ နွေစပါး မစိုက် ချင် လို့ မရဘူး.. တွက်ခြေ ကိုက်ကိုက်- မ ကိုက်ကိုက်–စိုက်ပဲ…။ မစိုက် ချင် ရင်.. မြေယာ ကော်မတီနဲ့ တွေ့သွားမယ်.. အာဏာကြီးတဲ့ မြေယာကော်မတီ က ဒေသခံ စစ်တပ်ကို အကြောင်း ကြားလိုက်ရင် လယ်လုပ် ပိုင်ခွင့်ကို စစ်တပ်က ၀င် ယူ လိုက်တော့ လယ်လုပ်ခွင့် တောင် ဆုံးရှုံး ရသူတွေ ဒု နဲ့ ဒေးပါ။ စိုက်ပျိုး ပါပြီ တဲ့..ရေလိုချိန် ရေလွှတ် အောင်.. ရေမလိုချိန် ရေတွေ တရဟော လွှတ်မချ အောင်.. ဆည်က ရေတံခါးစောင့်နတ် ကို ရေလောင်းပြီး ပူဇော် ရပါ သေး တယ်။ ဒီတော့ လယ်ပိုင်ခွင့် ကို ထားဦး … လယ်လုပ်ပိုင်ခွင့် .. စိုက်ပျိုးပိုင်ခွင့် … မှာတောင် ပုဂ္ဂလိက အခွင့်အရေး ကို ညီတူ ညီမျှ ရပါ သလား.. ။ နောင် ရော.. ရမှာလား… ဘယ်ပုဂ္ဂလိက က အခွင့်ထူး ရပြီး ဘယ်ပုဂ္ဂလိက က ကြွေးတင်ကျွန်ဖြစ် ဖြစ်နေ မလဲ…။ ပြီးတော့.. ဒါက ဒီအတိုင်း မနေသေး ဘူး..ရှေ့ တမျှော် လောက် လှမ်းကြည့်… ဒါမှ မဟုတ် လယ်ယာ သမိုင်း နောက်ကြောင်း ပြန်ကြည့် လိုက်ရင်…သိပ်မဝေး သေး ပါဘူး.. အနှစ်၇၀ -၈၀လောက်…..။
+++++
၁၉၄၀-ခုနှစ်မတိုင်ခင် ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ခင် ဆိုပါတော့။
မြေယာနဲ့ ပတ်သက်လို့ ..အထက် မြန်မာ နိုင်ငံမှာ ဆိုရင်..
- ဘုရင်နှင့် ဆိုင်ရာ အရာတော်မြေ
- မင်းမှုထမ်း နှင့် ဆိုင်ရာ အရာတော်မြေ
- ဘိုးဘွား ပိုင်မြေ
- ၀တ္တကံမြေ
အောက် မြန်မာ နိုင်ငံ မှာတော့ အင်္ဂလိပ်က တီထွင်တဲ့ —–
- စကွာတာမြေ
- ပတ္တာမြေ
- မြေငှား
- ဂရန်မြေ
- ကိုလိုနီမြေ …လို့ အမျိုးမျိုးရှိတယ်။
အထက်မြန်မာနိုင်ငံ က .. ဆိုင်ရာ ဆိုင်ရာ မြေယာ ပိုင်ဆိုင်ခွင့် ရှိတယ်။ ဘိုးဘပိုင်မြေ ဆိုရင်.. အဘ-သား-မြေး- သုံးဆက် ဆက်လုပ်ရင် ဖြစ်စေ … ၁၂နှစ် ကနေ ၁၅နှစ် လုပ်ရင် ဖြစ်စေ ပိုင်ဆိုင်ခွင့် ရှိတယ်။ အောက်မြန်မာနိုင်ငံ မှာလည်း .. အစထဲက နှစ်ကာလ အပိုင်းအခြား နဲ့ ဂရံ ခံခဲ့တာ ဖြစ်စေ.. ၁၂နှစ် ကနေ ၁၅နှစ် အထိ အဆက်မပြတ် အခွန် ပေးဆောင်လို့ ဖြစ်စေ.. ပိုင်ဆိုင်ခွင့် ရှိတယ်။ တခုနဲ့ တခု ကွဲလွဲချက် နဲနဲစီ ရှိကြပေမဲ့ ၀တ္တကံမြေ က လွဲရင် ၊ ကျန်တဲ့ မြေတွေဟာ ယေဘုယျ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ရှိတဲ့ မြေတွေပေါ့။ ရောင်းချခွင့်၊ ပေါင်နှံခွင့် ၊ လွှဲပြောင်းခွင့်၊ အမွေ ဆက်ခံခွင့် တွေရှိ တယ်။လယ်လုပ် စရိတ်ငွေ လိုအပ် ချက်တွေ.. လှူချင် တန်းချင် တာတွေ အတွက် ချေးငှားတယ်… ပေါင်နှံတယ်.. ရောင်းချတယ်။ ငွေတတ်နိုင်သူတွေ က မြေ ဧက ရာထောင် ချီပြီး ဂရံခံ ငှားကြတယ်။ နောက် တော့.. ငွေတိုး ချေးစားတဲ့ ချစ်တီး တွေ ရောက် လာတယ်။ ကြွေး မကြေရင် မြေသိမ်း တယ်။ ဒီလိုနဲ့ နွားတရှဉ်း နှစ်ရှဉ်း နဲ့ ကိုယ့်လယ် ကို တနိုင် တပိုင် လုပ်စားတဲ့ လူတွေဟာ လယ်ပိုင်တာ နဲလာတယ်.။ ကိုယ်ပိုင် လယ်မလုပ်ဘဲ လယ်ယာ ပိုင်တဲ့ သူတွေ တဖြည်းဖြည်း များလာတယ်။ ဒီတော့ သီးစားခ ယူပြီး လယ်ထောက်ခ ချတယ် ဆိုတဲ့ အငှား ချစား တာတွေ ရှိလာတယ်။ လယ်ပိုင်ရှင်ရယ် .. လယ်သီးစားရယ်.. လယ်ကူလီရယ် လို့ ရှိလာပြီး သီးစားခ ရယ် လို့လည်း ပေါ်လာတယ်။ မြေပိုင်ရှင်စနစ်ပေါ့…။
အိန္ဒိယ နဲ့.. မြန်မာ လူဝင်မှု စနစ် ကလဲ မရှိ ခဲ့ တော့… လယ်စိုက် ဧရိယာ တိုးချဲ့ ချင် တာကြောင့်.. သင်္ဘောခ တောင်.. မယူဘဲ ကုလား တွေ ခေါ်သွင်း လာခဲ့တယ်။ ပင်လယ် နဲ့ နီးတဲ့ အောက် မြန်မာနိုင်ငံ မှာ ငွေတိုး ချေးစား တဲ့ ချစ်တီး နဲ့ ကုလား လယ်ကူလီ တွေ အရမ်း ဖြစ်လာ တယ်။ ချစ်တီး က ငွေတိုး ချေး ယုံတင်မက.. အကြွေး မရရင်.. မြေ သိမ်းပြီး သီးစား ချစားတဲ့ လယ်ရှင် ဖြစ်လာ တယ်။ သူတို့ ပြည်က ပါလာတဲ့ ကုလား လယ်သမား တွေက လည်း.. ကုလား လယ်သီးစား တွေ ဖြစ်လာတယ်။
ဘယ်လောက် ထိလဲ ဆိုတော့ … ၁၉၄၀- ခုနှစ်တ၀ိုက် .. ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်မှာ မြန်မာ တပြည်လုံး (အထူးသဖြင့် အောက် မြန်မာပြည်) မှာ စိုက်ပျိုး မြေ ဧရိယာ ဧကပေါင်း ၁၉၁၄၉၁၀၀ (၁၉သန်း) အနက် ကိုယ်တိုင် လယ်လုပ် သူ ပိုင်တဲ့ မြေဧက ၁၂၇၉၀၄၉၇ (၁၂သန်းကျော်) ရာခိုင်နှုန်း အားဖြင့် ၆၆.၈ရာနှုန်း ဖြစ်ပြီး လယ်မလုပ်သူ (လယ်ပိုင်ရှင်) ပိုင်တဲ့ လယ်က ၆၃၅၀၆၀၃ဧက (၃၃.၂ ရာခိုင်နှုန်း) ထိ ဖြစ်လာ တယ်။ ချစ်တီး ပိုင် လယ်က ဧက ၃၁၇၅၃၀၂ (၃ သန်းကျော်) ဆိုတော့ ၁၆.၆ ရာခိုင်နှုန်း လောက်ပေါ့။
ကိန်း ဂဏန်း တွေ ခဏထားဦး…
ဆိုချင်တာက .. တပြည်လုံး… လယ်ဧက ၁၀၀ ရှိရင် ကိုယ့် လယ်ကို လုပ်သူ ပိုင်တဲ့ လယ် က ၆၇ ဧက ရှိမယ်။ လယ် မလုပ်ဘဲ လယ်ပိုင် နေသူရဲ့ လယ်က ၃၃ ဧကရှိနေမယ်။ “ မလုပ်ပဲ.. ပုတ်ထဲ .. ကြွယ်တဲ့ သူတွေ” များတဲ့ ခေတ်ပေါ့။
ပုဂ္ဂလိက ပိုင်တာ တော့ ပိုင် တာပါဘဲ.. ပုဂ္ဂလိက သေးသေး တွေ က.. နည်း နည်း ပိုင်ပြီး .. ပုဂ္ဂလိက ကြီးကြီး ဧရာမကြီး တွေက.. တဖြည်းဖြည်း လယ်တွေ ပိုပို ပိုင် လာတဲ့ သဘော ဖြစ် လာတယ်။
အပေါ် မှာ ပြောခဲ့ တဲ့..ပုပ္ပါးက လယ်ပိုင်ရှင် ကြီး တွေ .. ဟူးကောင်း တောင်ကြားက.. မြေပိုင်ရှင် ကြီးတွေ .. ဘီးလင်းနယ်က..ရော်ဘာခြံ ပိုင်ရှင်ကြီး တွေ… ဥက္ကလာက ဖက်စပ် မြေပိုင်ရှင် ကြီးတွေ မျိုးပေါ့။ ကြောက်ဖို့ မကောင်း ပေ ဘူးလား ..။
အခု တော့မသိဘူး… အရင် ခေတ်က လူတွေ ကတော့ (တိုင်းရင်းသား ပုဂ္ဂလိက မြေပိုင်ရှင် ပိစိ ကလေး တွေက) ကြောက် ကြပါတယ်။ အဲဒါ ကြောင့်… အဲဒီ ခေတ်က..ပါလီမန် မှာဆူကြ ပွက်ကြနဲ့ နောက်ဆုံးတော့ ၁၉၃၈-ခုနှစ် မြေလွှဲပြောင်းရေးဥပဒေ (LAND ALIENATION ACT 1938)ကိုအတည်ပြုလိုက်ကြရပါတယ်။အဲဒါဟာ..လူမျိုးခြား အင်္ဂလိပ်အစိုးရလက်ထက် မှာပါ…ခုနေများတော့ ဘယ်ပါလီမန်သွားပြီး ဆူရပွက်ရ ပါ့မလဲ။၂၀၀၈ ဖွဲ့ စည်းပုံ ရဲ့ ပါလီမန် မှာတော့.. အဲဒီ လို ..သွား ဆူပွက် ရင်.. ဘယ်လို နေပါ့ မလည်း..။
အဲဒီ ၁၉၃၈ ဥပဒေ ရဲ့ အဓိက အချက် ကတော့.. “ လယ်ယာမြေ များ ကို တောင်သူ လယ်သမား မဟုတ်သူများ လက်သို့ လွှဲပြောင်း ပေးခြင်း မပြုရ” ဆို တာပါပဲ။ ဒါ တောင် ချွင်းချက် ကတော့ ရှိ နေခဲ့ သေးတယ်။ “ သိုရာတွင် ငွေချေးစား သူများ နှင့် လယ် မလုပ် သူများ သည် လယ်မြေ များ ကို ယာယီ ၁၅ နှစ် လက်ဝယ် ထားရှိ ခွင့် ရှိ သည်..” တဲ့။
ဒါပေမဲ့.. အခြေ အနေ တွေ ..ပိုကောင်း မလာ ပဲ..လက်တွေ့ မှာ..ငွေ အရင်း အနှီး လို တဲ့ လယ်သမား တွေ မှာသာ.. ပိုမို ကြပ်တည်း လာပုံ ရတာကြောင့်.. ၁၉၄၁ ခုနှစ်မှာတော့.. နောက် ထပ် ဥပဒေ တခု ထပ် ချမှတ် ရပြန် ပါတယ်။
“ လယ်ယာမြေ ၀ယ်ခြမ်း ရေး ဥပဒေ ( LAND PURCHASE BILL) ” ပါ။
ဥပဒေ ရဲ့ အဓိက အချက် ကတော့.. ချစ်တိး နဲ့ မြေပိုင်ရှင် များ လက် သို့ ရောက် ရှိ နေတဲ့..လယ်မြေ များကို အစိုးရ က.. ငွေစိုက် ပြီး ပြန်ဝယ်ပေး ဖို့ဖြစ်ပြီး.. လယ်လုပ်သူ လယ်ယာမဲ့ များ ကို ၂၅ နှစ် ဆိုင်း အကြွေး စနစ် နဲ့..အရင်းအတိုင်း ရောင်းချ ပေး ..လယ်သမား က..အရစ်ကျ ပြန်ဆပ်သွား ဖို့.. ပဲ ဖြစ်ပါတယ်။လက်တွေ့ ဘယ်လောက် ကျပြီး..ချစ်တီး တွေ..ဘယ်လောက် သဘောခွေ့ ခဲ့ မလဲ ဆိုတာ တွေ တော့..ထားလိုက် ပါတော့… ဒီ ဥပဒေ လည်း အကောင် အထည် မပေါ် ခဲ့ ပါဘူး။
ဒီ အချက် တွေ ကို သဘော ပေါက် ခဲ့ တဲ့.. ဗိုလ်ချုပ်အောင်ဆန်း က ..ဒုတိယ ကမ္ဘာစစ်ကြီး အပြီး..၁၉၄၇ ခု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မှာ.. “ နိုင်ငံတော် သည် မြေယာ အားလုံး၏ ပင်ရင်း ပိုင် ရှင် ဖြစ်သည်..” လို့ ထဲ့ ပြဌါန်း ခဲ့ ပြီး..ချစ်တီး တွေ ကို အလဲ ထိုး ခဲ့ ပါတယ်။
++++++
အဲဒီ တော့..အဓိက ပြောချင် တာ ကတော့..လယ်ယာမြေ ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး မှာ..ဘယ် ပုဂ္ဂလိက တွေ ကို..ဦးစား ပေး နေ မိ ပြီ လည်း…ဘယ်..ပုဂ္ဂလိက တွေ ကို..ဦးစား ပေး ရမှာလည်း…
တော်တော်ကြာ..သမိုင်း တကြော့ ပြန်လည် ပြီး..ဧရာမ ပုဂ္ဂလိက ပိုင်ကြီး တွေ..လက်ထဲ..မြေတွေ စုပုံ ပြန်ရောက် သွားရင်.. အမှန် တကယ် လယ်လုပ် သူ တွေ လက်ထဲ.. လယ်မြေ တွေ ပြန်ရောက် အောင်..ဗိုလ်ချုပ်အောင်ဆန်း လို ပုဂ္ဂိုလ် မျိုး ကို..တခါ ထပ် မျှော်စောင့် ရ ဦး လေ မလား…
အဲဒီလို မဟုတ်ရင် တော့..လယ်ထဲမှာ..ရွှံ့ တပိသာလောက် ဖင်ထဲက ၀င်..ပါးစပ်ထဲက ၀င် ပြီး..တကယ် လယ် လုပ်နေရ သူ တွေ.. ၀မ်းမ၀ လို့ကတော့…..။ ။
လေ့လာပြုစုထားသူကတော့ Kay
source: http://kthwe.blogspot.com/2010/02/blog-post_10.html
ဆက်စပ် အနေနဲ့  ပြည်သူမပိုင်သော ပြည်သူပိုင် နှင့် ပုဂ္ဂိုလ်ကြီးများ ပိုင်သော ပုဂ္ဂလိကပိုင် ဆက်ဖတ်ပေးပါ။
http://kthwe.blogspot.com/2010/02/blog-post_08.html





Recent Comments