ပရိဘောဂများ

ဒီတစ်ခါ ကိုမြင့်မိုးအောင် ရဲ့ ပရိဘောဂများ ကဗျာကို ဖော်ပြလိုက်ပါတယ်။အမှတ်မထင် web site တစ်ခုမှာ ဖတ်မိခဲ့တယ်။

ပရိဘောဂများ

.

သူ့အိမ်ဂေဟာ တခမ်းတနား လှပအောင်
အမြဲတမ်း သူနေရာ ချတတ်တယ်။

အိမ်ကိုရောက်ဖူးတဲ့ လူကြီးလူကောင်းတိုင်းက
တအံ့တသြ ချီးမွမ်းခန်းဖွင့်ရလောက်အောင်
သူတော်တယ်။

ကနုတ်ပန်းနဲ့ ရှေးဟောင်း ထိုင်ခုံတွေက
သူ့ကို မင်းမျိုးမင်းနွယ်တစ်ယောက်လို့ အထင်ရောက်စေတယ်။

ထိုင်နေကျ သူ့ထိုင်ခုံ အပေါ်တည့်တည့် နံရံမှာတော့
အမဲလိုက် သေနတ်နဲ့ ခေါင်းပါတဲ့ ကျားရေခွံကြီးက
သူပြောသမျှ စကားတိုင်းကို အလေးအနက် ဖြစ်စေတယ်။

သူစုဆောင်းထားသမျှ ပန်းချီကားအားလုံး
ဘယ်သူမှ မမြင်အောင် သိမ်းထားလေ့ရှိတယ်
လိုအပ်မှ ဧည့်ခန်းနံရံမှာ တစ်ချပ်ချင်း ချိတ်ဆွဲ

ဒါက ပစ်မှတ် ကို တစ်ချက်တည်းနဲ့ မှန်အောင် ပစ်တတ်သူမှန်း
သူ့စွမ်းရည်နဲ့ သူ့ပညာကို သိသာစေတယ်။

ပြဿနာတွေ သူဖြေရှင်းတဲ့အခါ
စာကြည့်ခန်းထဲမှာ သူတွေ့ဆုံတယ်
အခန်းပတ်လည်က စာအုပ်ဗီရိုကြီးတွေထဲမှာတော့
သူ့အတွက် ဆင်ခြေဆင်လက်တွေကို
အက္ခရာစဉ်အတိုင်း စနစ်တကျ စီရီထားတယ်။

ဆင်ဝင်အောက်က ရှားပါးဂမုန်းတွေနဲ့
ဝရန်တာမှာ ချိတ်ဆွဲထားတဲ့ သစ်ခွမျိုးစုံကိုတော့
ဖြစ်ရပ်မှန်တွေ ဆီကနေ အာရုံလှည့်စားဖို့အတွက်
တန်ဖိုးကြီးကြီးပေးပြီး သူစုဆောင်းထားတယ်။

သူ့အသုံးအဆောင် ပရိဘောကတွေထဲမှာတော့
ကျွန်မဟာ ဈေးအပေါဆုံးဖြစ်လိမ့်မယ်
နေ့ဘက်၊ မီးဖိုချောင်ထဲမှာ
ညဘက်၊ သူ့အိပ်ခန်းထဲမှာ
စနစ်တကျ သူနေရာချတတ်တယ်။

သူ့ဘက်ကလည်း တွေးနေလိမ့်မယ်
သူ့အသုံးအဆောင် ပရိဘောဂတွေထဲမှာ
သူ့ကို၊ သံသယမျက်လုံးနဲ့ ပြန်ကြည့်တတ်တယ်ဆိုလို့
ကျွန်မ တစ်ယောက်တည်း ရှိလိမ့်မယ်လို့။

ဒါပေမဲ့ ကျွန်မရဲ့ ဒေါသနဲ့ ကြေကွဲမှုတွေကိုတော့
စကားလုံးတွေအဖြစ် ဘယ်တော့မှ
ပြောင်းလဲခွင့် မရခဲ့ဘူး
သူ့ရှေးဟောင်းပစ္စည်းတွေပေါ်က
အက်ကြောင်းရာတွေလိုပေါ့
ပြင်ဆင်လိုက်လို့ တန်ဖိုးလျော့သွားမှာမျိုးကို
သူ မလိုလားဘူး။

ဒီအတွက်လည်း အားလုံး သူစီစဉ်ပြီးသားပါ
နှစ်ယောက် အိပ်ခုတင် နဲ့ ပြတင်းပေါက်ဘက်အခြမ်းကို
ကျွန်မအတွက် သီးသန့်၊ သူပေးထားတယ်
လမင်းကို အချိန်အကြာဆုံး၊အလှဆုံး မြင်ရတဲ့
အိမ်ဂေဟာရဲ့ အကောင်းဆုံး ပြတင်းပေါက်ပေါ့
နာကြည်းချက်တိုင်းကို ကျွန်မပြောပြလိုက်တဲ့အခါ
လမင်းကလည်း နားလည်ကြေကွဲစရာ ၊နှစ်သိမ့်ပေးရှာတယ်။
ကျွန်မရဲ့ မျက်ရည်နဲ့၊ ကျွန်မရဲ့ ခန္ဓာကိုယ်ကို
သူ့ရောင်ခြည်တွေနဲ့ ပွတ်သပ်ပေးရင်းပေါ့။
ဒီလိုနဲ့ပဲ၊ လမင်းဆီရောက်သွားတဲ့ လျှို့ဝှက်စကားတွေကို
တခြား ဘယ်သူမှ မကြားနိုင်တော့ဘူး
ခုတင် တစ်ဖက်ခြမ်းက အမှောင်ရိပ်ထဲမှာတော့
သူ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်
လမင်းနဲ့ ကျွန်မကို ကျောခိုင်းရင်းနဲ့လေ။

မြင့်မိုးအောင်

အဲဒီ ပရိဘောဂတွေကပြောတဲ့စကားသံကို ကြားမိတယ်။ ပရိဘောဂတွေရဲ့ မျက်လုံးကို ကျွန်တော် စိုက်ကြည့်မိတယ်။ ကျွန်တော် သူ့ ကို သိနေသလိုပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>