Home > ကဗျာ > ချစ်သူများနေ့တဲ့လား

ချစ်သူများနေ့တဲ့လား

February 8th, 2010 Leave a comment Go to comments

ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
”ချစ်သူများနေ့” တဲ့လား
ညီမလေးရေ …
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
… တွေ၊ …. တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား …။

လူငယ်တွေလဲ … အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ … ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် …
တကယ်တော့ …
ဒီနေ့ဟာ …
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ …
‘ကလောဒီယပ်စ်’ ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ….။

သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ …
တို့တွေနဲ့ အဝေးကြီးပါကွယ် …

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က …
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး …
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ….
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ….
‘ထိန်လင်း’ ဆိုတဲ့
ကလေးငယ်ကလေး …
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက …
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး …
တို့တိုင်းပြည်ကို ချစ်သတဲ့။

ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ….

နောက်ဆုံး …
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ …။

ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ …
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်

‘ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား …’

ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး …
အခုတော့ ဘယ်မှာလဲ

ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ ‘ဗယ်လင်တိုင်းနေ့’ ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် …
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ….

အခုခေတ် မြန်မာပြည်က လူငယ်အများစုဟာ ဖခင်ဗိုလ်ချုပ်ကို မေ့နေကြပါပြီ …
ဘာမဟုတ်တဲ့ ဗယ်လင်တိုင်းနေ့ဆိုတာကို …
သူတို့ ရင်ခုန်နေကြတယ် …
ကျနော်လည်း မြင်တိုင်းရင်နာရပါတယ်။

ဟယ်ရီ
http://harrylwin.blogspot.com/2009/02/blog-post_14.html

Categories: ကဗျာ Tags:

Email This Post Email This Post

Print This Post Print This Post

  1. freebird
    February 8th, 2010 at 20:21 | #1

    သိပ်ကို ကောင်းတဲ့ ကဗျာလေးပါ။
    ဖတ်ရင်းနဲ့ နောင်တလည်းရမိပါတယ်
    ကျွန်တော်တို့ တစ်တွေ အမှန်ကို မမြင်နိုင်လောက်အောင် မှိုင်းတွေမိနေပါလား။
    ကျွန်တော်တို့ ရဲ့ သမိုင်းအမှန်သည် အဆိပ်ခပ်ခံထားရပါလား။
    ဒီ ကဗျာ ပိုင်ရှင်ကို ကျေးဇူးတင်ပါသည်။

    ကျွန်တော်တို့ တစ်တွေချစ်တ်ဖို့ လိုပါသည်။
    အမှန်တရားကို ချစ်တတ်ဖို့ လိုပါသည်။
    လူနည်းစုထက် လူများစုကို ချစ်တတ်ဖို့ လိုပါသည်။

  1. No trackbacks yet.
UA-11799235-1