ဒါ ကျွန်တော့်မိန်းမ
ဒီပုံပြင်ကတော့ တီဗီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေက မျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။
ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့ စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။
(၄)ယောက်မြောက်မှာ အစီအစဉ်တင်ဆက်သူက အရင်အတိုင်း သူ့မျက်စိကို အဝတ်စနဲ့စည်းပြီး နေရာမှာတင် (၃)ပတ် ပတ်ခိုင်းလိုက်တယ်။ ပြီးမှ မိန်းမ(၆)ယောက်ကို ရွေးစေခဲ့တယ်။ အဲဒီလူက ပထမမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ သုံးလေးစက္ကန့်အတွင်းမှာ “ဒါ ကျွန်တော့်မိန်းမ မဟုတ်ဘူး” လို့ဆိုတယ်။ နောက် ဒုတိယမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ ဒီတစ်ကြိမ်ကိုင်တာ အချိန်နည်းနည်း ပိုကြာတယ်။ ဆယ်စက္ကန့်ကြာတော့ “ဒါ ကျွန်တော့်မိန်းမ”လို့ သူကဆိုတယ်။
တင်ဆက်သူက သူ့မျက်နှာပေါ်ကအဝတ်စကို ဖြုတ်ပေးလိုက်တယ်။ တကယ်ပဲ ဒုတိယအမျိုးသမီးက သူ့မိန်းမဖြစ်နေခဲ့တာကြောင့် ပရိသတ်ဆီက လက်ခုပ်သံတွေ သူရခဲ့တယ်။ တွေဝေမှုမရှိဘဲ ကိုယ့်မိန်းမကို ရွေးထုတ်နိုင်ခဲ့တဲ့သူ့ကို တင်ဆက်သူက “ဒီလောက်ထိ တိကျအောင် ရွေးထုတ်နိုင်ခဲ့တာ ဘာလျှို့ဝှက်ချက်များ ရှိလို့လဲ” လို့မေးတယ်။
အဲဒီအချိန်မှာ သူက “ဘာလျှိုဝှက်ချက်မှ မရှိပါဘူး။ လက်ရဲ့ခံစားချက်နဲ့ ကျွန်တော်ရွေးခဲ့တာပါ။ အိမ်ထောင်သက် (၁ဝ)နှစ်အတွင်းမှာ ကျင့်သားရခဲ့တဲ့ လက်ခံစားချက်ကြောင့်ပါ” လို့ ဆိုပါတယ်။ နောက်ခံပိတ်ကားပေါ်မှာ သူ့မိန်းမရဲ့မျက်နှာက မျက်ရည်အဝဲသားနဲ့ ထင်ဟပ်လာခဲ့တယ်။
(၁ဝ)နှစ်လုံးလုံး မဖြုတ်ခဲ့တဲ့တွဲလက်ကြောင့် လက်ရဲ့ခံစားချက်နဲ့ လူအများကြားမှာ ကိုယ့်မိန်းမကို သူရွေးထုတ်နိုင်ခဲ့ပါတယ်။
ဘာလဲအချစ်ဆိုတာ?





Recent Comments