အချစ်ရဲ့ ကယ်တင်ရှင်

တစ်ခါတုန်းက ကျွန်းတစ်ကျွန်းပေါ်မှာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ ပညာ ဗဟုသုတ၊ အချစ် အစရှိတဲ့ ခံစားချက်ပေါင်းစုံ နေထိုင်ကြတယ်တဲ့။ တစ်နေ့မှာ အဲဒီကျွန်း ရေမြုပ်တော့မယ့် အကြောင်း အားလုံးသိလိုက်ရတော့ သင်္ဘောတွေ ကိုယ်စီဆောက်ပြီး ကျွန်းက ခွာကြပါတော့တယ်။ “အချစ်” ကလွဲလို့ပေါ့။ “အချစ်”ကတော့ ကျွန်းမှာပဲ နေခဲ့ချင်ပြီး နောက်ဆုံးအချိန်အထိ ကျွန်းကို တတ်နိုင်သမျှ ဖက်တွယ်ထားချင်ရှာပါတယ်။

ဒါပေမယ့် ကျွန်းတစ်ကျွန်းလုံး တကယ်တမ်း နစ်မြုပ်တော့မယ့်အခါကျတော့ “အချစ်” ဟာ တခြားသူတွေကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

အဲဒီအချိန်မှာ “ချမ်းသာခြင်း”က အနားကနေ ကြီးမားခန့်ညားတဲ့ သင်္ဘောတစ်စင်းနဲ့ ဖြတ်သွားတော့ “အချစ်”က… “ကိုချမ်းသာရေ ကျွန်တော့ကို ခင်ဗျားနဲ့ ခေါ်သွားပါလားဗျာ” လို့ အကူအညီ တောင်းလိုက်ပါတယ်။ “ချမ်းသာခြင်း” က “မခေါ်နိုင်ပါဘူးကွာ။ ငါ့သင်္ဘောပေါ်မှာ ရွှေတွေ ငွေတွေ အများကြီးနဲ့ ပြည့်နေလို့ မင်းအတွက် နေရာမရှိဘူးကွ” လို့ ပြန်ပြောပါတယ်။

အဲဒါနဲ့ “အချစ်”လည်း အနားက အင်မတန်လှပတဲ့ သင်္ဘောနဲ့ ဖြတ်သွားတဲ့ “မာန်မာန”ကို အကူအညီတောင်းဖို့ ဆုံးဖြတ်ပြီး “မမာန်မာနရေ… ကျွန်တော့ကို ကူညီပါဦးဗျာ”လို့ လှမ်းပြောလိုက်တော့ “မာန်မာန”က “ကျွန်မရှင့်ကို မကူညီနိုင်ပါဘူး ကိုအချစ်ရေ။ ရှင့်တကိုယ်လုံး စိုရွှဲနေတာကြီးကို… ကျွန်မသင်္ဘော ပျက်စီးမှာပေါ့” လို့ပြန်ပြောပါတယ်။

အဲဒီလို ပြောနေတုန်း “၀မ်းနည်းခြင်း” ရဲ့သင်္ဘော အနားရောက်လာတော့ “အချစ်”က “ကိုဝမ်းနည်းရေ ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့ပါရစေဗျာ” လို့ အကူအညီ တောင်းပြန်ပါတယ်။ “၀မ်းနည်းခြင်း”ကလည်း “ကိုအချစ်ရေ… ကျုပ် သိပ်ကိုဝမ်းနည်းနေလို့ တစ်ယောက်ထဲပဲ နေချင်လို့ပါဗျာ” လို့ ပြန်ပြောပါတယ်။

“ပျော်ရွှင်ခြင်း”ရဲ့သဘောင်္လည်း “အချစ်”နားက ဖြတ်သွားပေမယ့် ခင်ပျော်ရွှင် တစ်ယောက် အရမ်းပျော်နေလို့ “အချစ်”လှမ်းပြောတာကိုတောင် မကြားလိုက်ပါဘူး။

အဲဒီအချိန်မှာပဲ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပါတယ်… “လာ မောင်အချစ်။ မင်းကို ငါခေါ်သွားပါ့မယ်…” အတိုင်းမသိ ၀မ်းသာသွားတဲ့ “အချစ်”တစ်ယောက် ဘယ်ကိုသွားမှာလဲ ဆိုတာကိုတောင် မမေးတော့ဘဲ အဲဒီကယ်တင်ရှင် ခေါ်ရာကို လိုက်သွားပါတော့တယ်။ ကယ်တင်ရှင်လည်း ခြောက်သွေ့ဘေးကင်းတဲ့ ကုန်းမြေတစ်ခုအရောက်မှာ “အချစ်”ကို ထားခဲ့ပြီး သူ့လမ်းသူ ဆက်ထွက်ခွာ သွားပါတော့တယ်။ ကယ်တင်ရှင်ရဲ့ ကျေးဇူးကြီးပုံကို အောက်မေ့ရင်း “အချစ်”က “ပညာဗဟုသုတ” နဲ့ တခြားလူကြီးသူမတွေကို မေးပါတယ်။

“စောစောက ကျွန်တော့ကို ကူညီသွားတာ ဘယ်သူလဲဆိုတာ သိပါရစေ ခင်ဗျာ”
“အဲဒါ အချိန် ကွယ့်…” လို “ပညာဗဟုသုတ”က ဖြေပါတယ်။
“အချိန် ဟုတ်လား။ သူက ကျွန်တော့ကို ဘာလို့ ကူညီပါလိမ့်နော်…”
“ပညာဗဟုသုတ”က လေးလေးနက်နက် ပြုံးလိုက်ပြီး ဖြေပါတယ်… “ဘာလို့လဲဆိုတော့ အချိန်ကသာ အချစ်ရဲ့ တန်ဖိုးကို သိနားလည်နိုင်စွမ်း ရှိလို့ပေါ့ကွာ…”

ဒီဇာတ်လမ်းထဲက“အချစ်”ဟာ ၁၅၀၀ အချစ်တစ်မျိုးထဲ မဟုတ်ဘဲ ကျန်တဲ့ အချစ်အမျိုးအစား အားလုံးကို ကိုယ်စားပြုတယ်လို့ ထင်ပါတယ်။ အားလုံးပဲ ကိုယ့်ဘ၀ထဲဝင်လာတဲ့သူ အားလုံးကို စစ်မှန်စွာ ကြာရှည်စွာ စိုပြီးတဲ့လက် မခြောက်စေဘဲ ချစ်နိုင် မေတ္တာထားနိုင်ကြပါစေ…

Article Courtesy – “Shwe Pyi Thu”

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>