Home > ကဗျာ > နှစ်သစ် 2010

နှစ်သစ် 2010

December 31st, 2009 Leave a comment Go to comments

2009 ကုန်လွန်လို့  2010 ချင်းနင်းဝင်ရောက်လာပါပြီ။

ချစ်ခင်ရင်းနှီးသောသူများကို နှစ်သစ်အတွက် ဆုတောင်းပေးရင်း ။

ကျွန်တော် ချစ်သော – မြန်မာပြည်ရှိ ရဟန်းရှင်လူ ပြည်သူပြည်သားများ အတွက် ဆရာဇော်ဂျီ ရေးခဲ့သော ကဗျာလေးကို ပြန်လည်ဖော်ပြရင်း -
အနှစ်သာရနှင့်ပြည့်ဝသော နှစ်သစ် 2010 ကို ကြိုဆိုလိုက်ပါတယ်။

တို့တိုင်းပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
စေတီ စပါး၊ များလည်း များ၏ ။
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း ။  ။

ထလော့ မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်း များ၏ ။
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း
။  ။

ထလော့ မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူက စ၍၊ ငါက အားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစိတ်တဝမ်း ညီစေသတည်း
။   ။

ဇော်ဂျီ

မြန်မာပြည်လွတ်လပ်ရေးမရခင် ၁၃ နှစ်လောက်က ဆရာဇော်ဂျီ ရေးသားခဲ့တာပါ။ အခုဆိုရင် သက်တမ်း နှစ် ၇ဝ ကျော်သွားပါပြီ။ ဒါပေမယ့်လည်း ဒီကဗျာတွေက ဘယ်အချိန်ဖတ်ဖတ် မရိုးနိုင်ပါဘူး။

ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တစ်ဦးတစ်ယောက်ကနေ အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ တိုက်တွန်းထားတဲ့ ဒီကဗျာဟာ ကိုလိုနီခေတ်ကို ရည်ရွယ်ခဲ့ပေမယ့် ဒီကနေ့ခေတ်နဲ့လည်း လိုက်ဖက်နေပါတယ်။ အထူးသဖြင့် ကိုယ့်တိုင်းပြည်အတွက် ဘယ်လို တွေးတောသင့်တယ်၊ ဘာတွေ လုပ်သင့်တယ်ဆိုတာ ဆင်ခြင်မိစေပါတယ်။

နှစ်သစ်မှာ

စဉ်းစားပါ။
အရင် အရင် နှစ်တွေကထက် ပိုပြီး စဉ်းစားပါ။

အလုပ်လုပ်ပါ။
လုပ်သင့်လုပ်ထိုက်သော အရာတွေကို လုပ်ဖြစ်အောင်လုပ်ပါ။

Email This Post Email This Post

Print This Post Print This Post

  1. No comments yet.
  1. No trackbacks yet.
UA-11799235-1