Category Archives: ချစ်ခြင်းအနုပညာ

Kiss Me Quick Valentine

လွန်ခဲ့သော နှစ်ပေါင်း ၁၇၀၀ ကျော် အတိတ် ခရစ်ခုနှစ် AD ၃ ရာစုခန့်၊ ရောမနိုင်ငံတွင် ကလောဒီယပ်စ် ဟူသော ဘုရင်ရှိခဲ့၏။ စစ်ဘုရင်ဖြစ်သည့် အရွယ်ရောက်သော ကိုယ်လက်စုံလင်သည့် အမျိုးသားမှန်လျှင် jan28စစ်ထွက်သောအခါ လိုက်ပါရမည်ဟု ဆင့်ဆိုခဲ့သည်။ ချစ်သူရှိသောလူပျိုများ၊ အိမ်ထောင်သည်အမျိုးသားများ သည် ချစ်သူ အိမ်ထောင်ဖက်ကို မခွဲလို၊ ရှောင်ကြတိမ်းကြသည်။ မတတ်သာ၍ တိုက်ပွဲထွက်ရလျှင်လည်း စစ်သွေးစစ်မာန် တက်ကြွနေရမည့်အစား တလွမ်းလွမ်းတသသ နှင့် ပူဆွေးလွမ်းမောနေကြ၍ တိုက်ရည် ခိုက်ရည် ကျဆင်း အရှုံးတွေ့လေ၏။

ထိုသောအခါ ကလောဒီယပ်စ် ရောမဧကရာဇ်သည် ပြင်းစွာသောအမျက်ထွက်၏။ “ရောမသားတို့ မချစ်ရ၊ အချစ်အကြောင်း မပြောရ၊ အချစ်သီချင်း အလွမ်းသီချင်း မစပ်ရ၊ မဆိုရ၊ လက်ထပ်ခြင်း လုံးဝမပြုရ။ အချစ်ရေး နှင့် အိမ်ထောင်ရေးသည် ရောမအင်ပါယာတွင် လုံးဝမရှိစေရ” ဟု အမိန့်ထုတ်သည်။ အချစ်အကြောင်း ပြောသူများ၊ လက်ထပ်သောသူများ၊ တေးသီသောသူများကို သတ်ဖြတ်ကွပ်မျက်ခြင်းနှင့် ပြင်းထန်စွာ အရေးယူသည်။

ထိုအခါ ချစ်ကြသူများ၊ အချစ်ကို တန်ဖိုးထားသောသူအပေါင်းတို့အား ကြင်နာစွာ ထောက်ထားစာနာသော ခရစ်ယာန်ဘုန်းကြီးတစ်ပါး ပေါ်ထွက်လာ၏။ ဗယ်လင်တိုင်း (Valentine) ဟု အမည်ရှိသော ဘုန်းကြီးသည် ဘုရင်၏ အမိန့်ကို နာခံခြင်းမပြုဘဲ ချစ်သူတို့အား လျှို့ဝှက်စွာ တိတ်တဆိတ် လက်ထပ်ပေးခဲ့၏။ ချစ်သူများ၏ သူရဲကောင်းကြီး ဗယ်လင်တိုင်းအကြောင်း ရောမဧကရာဇ် သိသောအခါ ဖမ်းဆီးချုပ်နှောင် သည်။ ထို့နောက် ခရစ်နှစ် ၂၆၉ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကွပ်မျက်ခဲ့သည်။ ကန္တာရအလယ် ဆူးတောကြီးအတွင်း တစ်စစီ ဖြတ်တောက်ခုတ်ထစ်ပြီး သတ်ဖြတ်လိုက်သည်။ နောက်နေ့တွင် ထူးခြားစွာ ဘုန်းတော်ကြီး ဗယ်လင်တိုင်း၏ သွေးနှင့် စွန်းထင်းသော ဆူးခက်များသည် အရွက်များပေါက်ပြီး အနီရောင် အသည်းနှလုံးပုံ ပွင့်ဖတ်နှစ်ခု ရင်ချင်းကပ်၍ အလယ်တွင် လက်ထပ်ပေးနေသော သူတော်စင် ၀တ်ဆံပုံနှင့် ပန်းပွင့်များ ပွင့်နေပေသည်။

ဤအံ့ဖွယ်ဖြစ်ရပ်ကို မလိုလားသော ရောမဘုရင်သည် ပန်းပွင့်သောဆူးပင်ကို ခုတ်ထစ်ရှင်းလင်းစေသည်။ ဆူးပင်တို့သည် ပွစာကြဲပြီး မြေပေါ်ကျ…၊ နောက်တစ်နေ့ အနီရောင်ပန်းတို့ ပွင့်ပြန်သည်။

ထိုသောအခါမှ ရောမဧကရဇ် ကလောဒီးယပ်စ်သည် ကောင်းသောအသိစိတ်ဝင်ကာ သူတော်စင်အား သတ်မိလေခြင်း ဟု နောင်တရကာ နောက်ဆုံး ရောမသားတို့အား ချစ်ခွင့် လက်ထပ်ခွင့် ပြန်၍ ပြုလေ၏။

နုပျိုသော ချစ်သူစုံတွဲတို့အား လွတ်လပ်စွာ လက်ထပ်ပိုင်ခွင့် ရရှိရေးအတွက် အသက်စွန့် သေဆုံးခဲ့သည့် အတိုင်း အချစ် လက်ထပ်မှုအတွက် တိုက်ပွဲဝင်ခဲ့သော သူတော်စင် ဗယ်လင်တိုင်းကို အသိအမှတ်ပြုပြီး ဖေဖော်ဝါရီလ (၁၄)ရက်ကို ဗယ်လင်တိုင်းနေ့ဟု အသိအမှတ်ပြုသလို ဗယ်လင်တိုင်း၏ သွေးစွန်းသော ဆူးကြမ်းပင်မှ ပွင့်သော ပန်းပင်ကိုလည်း အမြတ်တနိုး Kiss Me Quick ဟု ယနေ့တိုင် လက်ဆင့်ကမ်း ယူဆောင်လာကြ၏။

နေအိမ်တစ်ခု၏ ၀ရန်တာတွင်ဖြစ်စေ၊ ပန်းခြံအတွင်းဖြစ်စေ၊ မြေအိုးတစ်လုံးတွင်ဖြစ်စေ ဤအပင် စိုက်၍ ထားရှိပါ။ မြေပန်းအိုးကို ထုံးနှင့် ဖြစ်စေ၊ ဆေးအဖြူ သုတ်၍ဖြစ်စေ ထားရှိပါက ၄င်းအိမ်တွင် ရှိကြသော မိသားစုတစ်စုလုံး တစ်ဦးနှင့် တစ်ဦး အလွန်ချစ်ကြ သံယောဇဉ်ကြီးကြပေလိမ့်မည်။

ပျိုရွယ်သူများအဖို့ ဤအချစ်ပန်းပွင့် Kiss Me Quick ပွင့်ကို ရေမွှေးဖျန်း၍ လူနှင့်ဆောင်ကာ အချစ်ရေးဆို အဖြေတောင်း လက်ထပ်ခွင့် တောင်းခံပါက ဖူးစာမှန်ရှိပါက ၀မ်းမြောက်ဖွယ် ချစ်အဖြေစကားကို ရပေသည်။

ချစ်သူများအဖို့ တစ်ဦးလျှင် တစ်ပင်စီ အသီးသီး ပန်းပင်ကိုစိုက်ထားပြီး တစ်ယောက်၏ အပင် နှင့် တစ်ယောက် ပန်းပင်ချင်း အလဲအလှယ်ပြုပြီး တယုတယစိုက်ထားပါက အချစ်မြဲခြင်း၊ အဆင်ပြေခြင်းများ ဖြစ်စေသည်။

ငွေကြေး နှင့် ချစ်ခင်မြဲမြဲ ငွေဝင်လိုသူများအဖို့ ဤပန်းပင်ကို ရေတွင် နွားနို့နှင့် ပျားရည်စက်အနည်းငယ်ထည့် ပြီး လောင်းပါက ငွေဝင်မည် ငွေမြဲမည်ဟု ဆိုပါသည်။

ရည်းစားကွဲနေသူ ချစ်သူ၏ ပစ်ခွာခြင်းခံရသူများအဖို့ ရင့်ရော်ညှိုးနွမ်းသွားသော Kiss Me Quick ပန်းပွင့်၏ အလယ်မှ ၀တ်ဆံကိုယူ၍ ခေါင်းအုံးအောက်ထားပြီး အိပ်စက်ပါက ချစ်သူနှင့် မိမိကြား ထူးခြားသော ပြန်လည် ဆက်သွယ်အဆင်ပြေခြင်းများ ဖြစ်ပေါ်စေနိုင်ပါကြောင်း ယခုနှစ် ဗယ်လင်တိုင်းဒေး အထိမ်းအမှတ်အဖြစ် စမ်းချောင်းဂျာနယ် ပရိသတ်ကြီးအား မျှဝေလိုက်ရပါသည်။

jan28

တိမ်တောက်ခဲ့သောနေညိုချိန်

သိပ်မကြာသေးပါ။ ၂၀၁၂ အောက်တိုဘာ ၉ ရက်။ ပြီးခဲ့သည့်အင်္ဂါနေ့။ ထိုနေ့က မိုးတွေ မည်းနေအောင် ရွာသည်။ နေ့လည် ၂နာရီခွဲနေပြီ။ ၃နာရီမှာ ချိန်းထားတာတစ်ခုရှိသည်။  မနေ့က ကျွန်တော်၏ တာဝန်ချိန်အတွင်း ဖုန်းဖြင့် အကူအညီတောင်းမှုတစ်ခု ၀င်လာသည်။ အသက် ၇၈နှစ်အဖိုး Mr. Lim နှင့်ပတ်သက်ပြီး Thye Hua Kwan Morale Society မှ ဆက်သွယ်လာခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် သူ၏ တစ်ဦးတည်းသော မိသားစုဝင်အဖြစ် ကျန်ရစ်သည့် ဇနီးသည်နှင့် တွေ့ဆုံချင်သည်ကို အကူအညီ ပေးနိုင်မလားဟု မေးလာခြင်းဖြစ်ပါသည်။ ရရှိထားသော သတင်းအချက်အလက်များအရ သူ့ဇနီးမှာ ဘိုးဘွားရိပ်သာတစ်ခုတွင် နေထိုင်လျက်ရှိပြီး မတွေ့တာ ၃ နှစ်ကျော်ပြီ ဖြစ်သည်။ မည်သည့်ဘိုးဘွားရိပ်သာ မှန်းလည်း မသိပေ။ Mr. Lim မှ သူ့ဇနီး ဘယ်ဘယ်ဘိုးဘွားရိပ်သာမှာရှိနေသည်ကို စုံစမ်းပြီး သူ့ကို လိုက်ပို့ပေးစေလိုသည်။

လူမှုကူညီရေးလုပ်ငန်းများ စေတနာ့ဝန်ထမ်းဆောင်ရွက်နေသည့် သူငယ်ချင်းကရင်န်ကို တစ်ဆင့်အကူအညီ တောင်းရသည်။  သူက ဘိုးဘွားရိပ်သာများကို တစ်ခုပြီးတစ်ခု ဆက်သွယ်စုံစမ်းပြီးသည့်နောက်  Thye Hua Kwan Morale Society (THKMS) Volunteer Management Manager ပက်ထရစ်ကို တိုက်ရိုက်ပြန်လည် ချိတ်ဆက်ပြီး တွေ့ ပြီဖြစ်ကြောင်းနှင့် နောက်နေ့ ညနေတွင် တွေ့ ခွင့်ရမည်ဖြစ်ကြောင်း၊  ကျွန်တော်နှင့်အတူ သူလည်းလိုက်ပါ ကူညီပေးမည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်သည်။

ယခု နေ့လည် ၂ နာရီခွဲပြီ။ ကောင်းကင်ကြီးက မှိုင်းနေတုန်း။ တစ်ချက်တစ်ချက် မိုးကလည်း ခြိမ်းလိုက် သေးသည်။  သို့သော် ကျွန်တော်ထွက်ခဲ့သည်။ ဘာဖြစ်ဖြစ် ချိန်းထားသည့် ၃ နာရီ အမီရောက်ဖို့လိုအပ်ပါ သည်။ 

THKMS စင်တာသို့ ၃ နာရီတိတိတွင်ရောက်ပါသည်။  မန်နေဂျာ ပက်ထရစ်က အဆင်သင့်စောင့်နေသည်။  ကရင်န်လဲရောက်နေပြီ။ မိုးလည်းတိတ်ခဲ့ပြီ။ ကောင်းကင်မှာ လင်းစပြုလာပြီ။ ကျွန်တော်တို့ သုံးယောက်သား Mr. Lim နေထိုင်ရာ တိုက်ခန်းသို့ ထွက်ခဲ့ကြသည်။ Mr. Lim ကိုတွေ့ရင် လှမ်းပေါက်ပြီး ခေါ်ဖို့ စက္ကူလုံးလေး တွေလည်းယူခဲ့သည်။ ရယ်စရာကောင်းချင်ကောင်းနေပေမည်။ သူငယ်ပြန်နေတာမဟုတ်ပါ။ သို့သော် Mr. Lim က တစ်ယောက်တည်းနေပြီး နားလည်း နှစ်ဖက်လုံးမကြားတော့ပါတဲ့။ မျက်လုံး တစ်ဖက်ကလည်း တိမ်ဖုံးပြီး မမြင်ရပါတဲ့။  ထို့ကြောင့် သူ့ကို တိုက်ခန်းအပြင်မှ ခေါ်ချင်လျှင် သူသတိထားမိအောင် စက္ကူလုံးလေးတွေနဲ့လှမ်းပေါက်ပြီးခေါ်ရပါသည်တဲ့။

တိုက်ခန်းမှာ ရိုးရိုးတိုက်ခန်းတစ်ခုသာဖြစ်ပါသည်။ ပရိဘောဂအနည်းငယ်သာရှိပါသည်။ အတွင်းမှ ပိန်ပိန် ပါးပါး အဖိုးတစ်ဦး တလှုပ်လှုပ်ထွက်လာသည်။ အဲဒါ Mr. Lim ပဲ ဟု ခန့်မှန်းရပါသည်။  ထူးထူးခြားခြား လက်တစ်ဖက်စီမှာ ရောင်စုံလက်ကောက် လေးငါးခြောက်ကွင်းစီလောက် ၀တ်ထားသည်။ ဆံပင်ကို နောက်မှာ ချည်ထားပြီး ဘောင်းဘီတိုနှင့် ဖြစ်သည်။  ငယ်ငယ်တုန်းက အတော် “ဟော့” ခဲ့မည့်ပုံပဲဟု စိတ်ထဲ မှတ်ချက်ချမိပါသည်။ သူတလှုပ်လှုပ် လှုပ်တိုင်း ဖန်လက်ကောက် ကျောက်စိမ်းလက်ကောက်တွေက တချွင်ချွင်။ သူလာနေကြောင်း အသံပေးတာလည်း ဖြစ်နိုင်ပါသည်။

ပက်ထရစ်က စက္ကူလုံးလေးနှင့် လှမ်းပေါက်ပြီး ကျွန်တော်တို့ရောက်နေကြောင်း အသိပေးသည်။ ကျွန်တော်လည်း လှမ်းပေါက်ကြည့်သည်။ သူ့ခြေထောက်နားကျသွားသော်လည်း သူက အတွင်းကို ပြန်လှည့်ဝင်သွားချိန်နှင့် တိုက်နေသည်။ “ဟာ..ကွာ..” ဟု ရေရွတ်ရင်း ပြုံးမိသည်။  အခန်းနီးချင်း အချို့က မနှစ်မြို့ဟန် စူးစူးစမ်းစမ်းတံခါးဖွင့်ကြည့်ကြသည်။ အဖိုးကြီး ဒီတိုက်ခန်းမှာနေတာကို အခန်းနီးချင်းများက သိပ်မကြိုက်ကြကြောင်း၊ တိုင်တန်းမှုအချို့ရှိကြောင်း အခန်းပိုင်ရှင်မှ ပက်ထရစ်ကို ပြောဖူးသည်။ ဒီလိုလူတွေအလယ်မှာ တစ်ယောက်တည်းအထီးကျန်နေ နေသည့် Mr. Lim ကို သနားနေမိသည်။ သက်ကြီးသူအတွက် အဖော်တစ်ယောက်ယောက်ရှိသင့်သည်။ သို့သော် ယခု ကျွန်တော်တို့မှာ ဒါတွေကို ဂရုမစိုက်အား။ Mr. Lim  မြင်ဖို့ သိဖို့က ပိုအရေးကြီးနေသည်။

ဆယ့်ငါးမိနစ် နာရီဝက်လောက် ကြိုးပမ်းပြီးနောက် Mr. Lim ကျွန်တော်တို့ကို တွေ့သွားသည်။ ပျော်ရွှင်သွား ဟန် ပြုံးပြုံးရွှင်ရွှင်ဖြင့် တံခါးဖွင့်ပေးသည်။  ကရင်န်က စက္ကူပေါ်မှာ ဆော့ဖ်ပင်နှင့် အကျိုးအကြောင်းကို  ကြီးကြီးရေးပြသည်။ သူ့မျက်စိနားကပ်ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နှင့် သဘောကျနေသည်။ ထို့နောက် လက်ဝါးလေးကာ ကာ ခနဟု ပြောပြီး အိပ်ခန်းထဲဝင်သွားသည်။  ၅ မိနစ်လောက်ကြာ ပြီးနောက် ပြန်ထွက်လာတော့ လက်စွပ်တွေ ဆွဲကြိုးတွေနှင့် ဖြစ်လာသည်။  ဘယ်ဘက်လက်ချောင်း ၅ ချောင်းလုံး လက်စွပ်တွေ စွပ်ထားသည်။  ဆွဲကြိုးကလည်း ချိန်းကြိုးအမိုက်စား။ ငယ်ချစ်ကိုတွေ့ဖို့ အပြတ် “ရှိုင်း” လာပုံရသည်။ ကရင်မ်က မှတ်ပုံတင် ယူခဲ့ဖို့ သတိပေးတော့ အထဲပြန်ဝင်သွားပြီး မှတ်ပုံတင်၊ ခရက်ဒစ်ကတ်နှင့် ဘဏ်စာအုပ် နှစ်အုပ် ယူလာကာ အကုန်ယူထားလိုက်ဟု ပြောပြီး ကရင်န်ကို ပေးသည်။  သူ့ကို အကူအညီပေးသည့် caregiver များကို လုံးဝယုံကြည်ထားလိုက်သည့်ပုံမျိုး။

ကျွန်တော်တို့အားလုံး ဘိုးဘွားရိပ်သာကို ချီတက် ခဲ့ကြသည်။  ဟိုရောက်တော့ ကရင်န်က ရုံးခန်း မှာ Mr. Lim ID ကတ်ကိုပြပြီး အကျိုးအကြောင်း ပြောတော့ အဖွားကြီးရှိရာ အထပ်၊ အခန်းနှင့် ကုတင်နံပါတ်ကို ပေးလိုက်သည်။ သူတို့ ညွှန်း လိုက်သည့် အခန်းကိုရောက်တော့ အဖွားကြီးကို ကုတင်ပေါ်မှာ ငြိမ်ငြိမ်သက်သက် တွေ့ရသည်။  Mr. Lim က ကုတင်ဘေးကို သွားပြီး တိတ်တိတ် လေးရပ်နေသည်။ အဖွားကြီးထံမှ အံ့အားတသင့် အာမေဍိတ်သံထွက်လာသည်အထိ ပြုံးပြုံးကြီး ကြည့်နေသည်။ Mrs. Lim ခမျာ မတွေ့ရတာ ၃ နှစ်ရှိပြီဖြစ်သည့် သူ့ယောက်ျားကို ရုတ်တရက် တွေ့လိုက်ရတော့ ပါးစပ် အဟောင်းသား။ သို့သော် စကားပြောနိုင်လောက်အောင်ပင် အား မရှိရှာတော့။ ပြောနိုင်သည့်တိုင် Mr. Lim က လည်း နားမကြားတော့။ သို့သော် သူတို့ မျက်လုံးတွေကအချင်းချင်း စကားတွေပြော နေကြသည်။ “ သစ်နှစ်ပင် အမြင်ဝေးသော်လည်း၊ ညစ်ထေး မြေဆီအောက်မှာ အမြစ်ဖွာဖွာလိမ်ယှက် လက်ချင်းဆက်လို့နေကြသည် ” ဆိုသည့် ကဗျာလေးလို သူတို့ချင်း သိုဝှက်ထားသည့်  နားလည်မှုကို ကျွန်တော်တို့ လိုက်လို့မမီနိုင်ပါပေ။ သူနာပြုဆရာမတစ်ဦးက ထိုင်ခုံ တစ်လုံး ယူလာပေးပြီး ကရင်န်က ထိုင်ရန် စာရေးပြတော့ Mr. Lim က အသာအယာ ထိုင်ချလိုက်သည်။  သူတို့နှစ်ဦး တည်း လွတ်လပ်စွာတွေ့ဆုံနိုင်ရန်ကျွန်တော်တို့အားလုံး အပြင်ထွက်လာခဲ့ကြပါသည်။

သူတို့ကို စောင့်ရင်း ကျွန်တော်တို့စကားလက်ဆုံကျခဲ့သည်။ ကရင်မ်မှာ ဟောင်ကောင်မှ ဘွဲ့ရခဲ့တာ မကြာသေး။ ယခုအလုပ်မှာ ဘွဲ့ရပြီးနောက် ပထမဆုံးအလုပ်ဖြစ်သည်။ လူကြိုက်နည်းသည့် Social Worker အလုပ်ကို ရွေးချယ်ခဲ့သည့် ကရင်န်ကို လေးစားမိသည်။ ကြင်နာတတ်သော နှလုံးသားရှိသည့် မိန်းမချော တစ်ဦးပါပေ။ လွန်ခဲ့သော ၃နှစ်ကတည်းက Mrs Lim မှာ ချော်လဲပြီးနောက် ပြုစုမည့်သူမရှိ၍ ဘိုးဘွားရိပ်သာသို့ရောက်ခဲ့ကြောင်း၊ ထိုစဉ် ကတည်းက Mr. Lim နှင့် ပြန်မတွေ့ရတော့ကြောင်း ကရင်န်က ပြောပြသည်။  ဧည့်ချိန်ကုန်ခါနီးပြီမို့ ကျွန်တော်တို့ အခန်းထဲ ပြန်ဝင်ခဲ့ကြသည်။ Mr. and Mrs Lim ကို ဓာတ်ပုံတစ်ချို့ရိုက်ယူခဲ့သည်။ သူတို့အကြောင်း ရေးဦးမှဟု ထိုစဉ်ကတည်းက ဆုံးဖြတ်ခဲ့သည်။ 

ဧည့်ချိန်က ကုန်ခဲ့ပြီ။  ကရင်န်က Mr Lim ကို ပြန်ချိန်တန်ပြီ ဟု စာရေးပြသည်။  Mr. Lim က အသာအယာ ထရပ်ပြီး သူ့ဇနီးဦးခေါင်းကို ပွတ်၍ ပြန်တော့မည့်အကြောင်းနှုတ်ဆက်ပြီး တာ့တာ ပြသည်။ Mrs Lim က ကုတင်ပေါ်မှ မျက်စိတစ်ဆုံးကြည့်ရင်းနေရစ်ခဲ့ရှာသည်။  Mr. Lim  ကို အိမ်ပြန်ပို့သည့်ခရီးကား တိတ်ဆိတ် စွာ။  ပက်ထရစ်နှင့် ကရင်န်တို့လိုလူများအဖို့တော့ သည်လိုကိစ္စတွေသည် နေ့တဓူဝကြုံနေကျဖြစ်ချင်ဖြစ် ပေမည်။ ကျွန်တော့်အဖို့တော့ ထူးထူးခြားခြား ရင်ကို ထိ နေသည်။ ဘာကြောင့်မှန်းမသိ ကြည်နူးနေမိသည်။  ဘေးဘီကိုကြည့်မိတော့ အရာအားလုံး ထူးခြားစွာ တောက်ပနေသလိုလို။  Mr. Lim ကို တိုက်ခန်းပြန်ပို့ခဲ့ပြီး ကျွန်တော်တို့သုံးဦး ခွဲခွာခဲ့ကြသည်။  ကျွန်တော်က ရုံးကိုပြန်မည်။ ပက်ထရစ်ကလည်း သူ့ THKMS စင်တာသို့ ပြန်မည်။ ကရင်န်က တခြားသွားစရာရှိသည်။  ကျွန်တော့်ရင်ထဲမှာ Mr. & Mrs. Lim တို့ရဲ့  တိမ်တောက်ခဲ့သော နေညိုချိန်နေ့လေးတစ်နေ့အကြောင်း ထိထိရှရှ ဖြစ်နေသည်။

ကျွန်တော့်ဘ၀မှာ လူပေါင်းစုံနှင့် တွေ့ဖူးသည်။ ဖောက်သည်တွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဘက်တွေ၊ အထက်လူကြီးတွေ၊ အလုပ်သမားတွေ၊ လူဆိုးတွေ၊ ဘာသာရေးလိုက်စားသူတွေ၊ အားကစားသမားတွေ စုံလို့။  လူတိုင်းလူတိုင်း တူညီမှုတစ်ခုမှာ သူများအတွက်ထက် ကိုယ့်အတွက်ကိုယ် အရင်ကြည့်ကြခြင်းပဲဖြစ်သည်။  ပိုက်ဆံရရင် အပန်းဖြေခရီးထွက်ဖို့၊ အ၀တ်အစားဝယ်ဖို့၊ ဖိနပ်ဝယ်ဖို့၊ လက်ပတ်နာရီအသစ်ဝယ်ဖို့၊ ခါးပတ်တို့ ရုံးတက်ရင်ကိုင်ဖို့အိတ်အသစ်တို့ စသည် စသည်ဖြင့် မဆုံးနိုင်သော “ဖို့”များကြားတွင် ရတဲ့ ပိုက်ဆံတွေ မလောက်မင ဖြစ်နေကျ။  နောက်တစ်ခါပိုက်ဆံရရင် စမတ်ဖုန်းဝယ်မည် ဟု စိတ်ကူးလေးကို နောက်ဆုတ်လိုက်ပြီး လိုအပ်နေသူတွေအတွက် ဘာလုပ်ပေးရင်ကောင်းမလဲ ဆိုသည့် အတွေးလေးတစ်ခု ထူးထူးဆန်းဆန်းဝင်လာသည်။ နေ့ ဖို့ ရပြီးသည့်တိုင် ည စာ မသေချာသေးသောသူတွေ၊ တစ်ထည်စိုလို့မှ တစ်ထည်လဲစရာမရှိလို့  ၁၀ဒေါ်လာဖိုး ၃ ထည်တန် တီရှပ်ဝယ်ဖို့ အသေအလဲ ငွေစု နေရသူ တွေ အများကြီးရှိနေသေးသည်မဟုတ်လား။  မတော်တဆ ချော်လဲကျလို့မှ အိမ်ကို Taxi  ငှားမပြန်နိုင်၍ နောက်ဆုံး ဘတ်စ်ကားကို နာကျင်မှုတွေနဲ့ စောင့်ဆိုင်းနေရသူတွေကိုလည်းတွေ့ဖူးသည်။ Mr. Lim တို့လို ၃ နှစ် ကွဲကွာနေသည့်ဇနီးကို ပြန်လည်ဆုံတွေ့ရေးဆိုသည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြင့် အသက်ရှင်နေသော သက်ကြီးသူများလည်း အများကြီးရှိနေပေမည်။  ယခု  Mr. Lim ၏ ဆန္ဒ ပြည့်ဝရေးမှာ တစ်တပ်တစ်အား ပါဝင်ခွင့်ရလိုက်သည့်အတွက်လည်း ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါသည်။

ရုံးသို့ ပြန်သည့်လမ်းတစ်လျှောက် ကျွန်တော်တွေးနေမိခြင်းဖြစ်ပါသည်။  ပတ်ဝန်းကျင်ကိုလည်း ကြည့်မိ သည်။ ကလေးတွေကို အော်ငေါက်နေသည့်မအေတွေ၊ အသစ်ဝယ်လာသည့် အင်္ကျီကို ဖြန့်ပြရင်း ကြွားနေ သည့် ဈေးဝယ်သူတွေ၊ ဟိုမှ သည်မှ လမ်းပေါ်မှာ သုတ်သုတ်လျှောက်နေသည့် မြို့ပြလူငယ်ပညာရှင် Yuppies တွေ၊ Ichiban Sushi ဆိုင်မှာ ညစာအတွက် တန်းစီရတာကြာလို့  ကြားဖြတ်နေသည့် တစ်ကိုယ်ကောင်းသမားတွေ စသည် စသည်ဖြင့် ကိုယ်သာလျှင် ဦးစားပေးအဆင့်တစ်တွေချည်းသာ တွေ့နေရသည်။  ကိုယ့်ထက်ဆိုးသည့်သူတွေ ကိုယ့်အနားမှာ ရှိနေတာကို သတိထားမိကြပါရဲ့လား။ လူသားချင်းစာနာထောက်ထားဖို့ နိုးကြားကြပါစို့လား။ ကိုယ့်ဖို့ ထဲက နည်းနည်းဖဲ့ပြီး သူ့အတွက်ပေးလိုက်ရင် ကျွန်တော်တို့ ကမ္ဘာမြေကြီး ပိုလှသွားမယ်လို့ကျွန်တော်ယုံကြည်မိပါကြောင်း။

(အထက်ပါအကြောင်းအရာလေးဟာ  စာဖတ်သူအတွက်တော့ ထူးချင်မှထူးမှာပါ။ ကျွန်တော့်အတွက်တော့ သိပ်ကို အဓိပ္ဗာယ်ရှိတဲ့ လူမှုရေးကူညီမှုတစ်ခုပါပဲ။  “သက်ကြီးရွယ်အိုဘ၀ကို စိုပြည်စေဖို့ ကြိုးပမ်းစို့” ဆိုတဲ့ ဆောင်ပုဒ်လေးလည်း ရှိသမဟုတ်လား။)

ဒီအကြောင်းကို ကျွန်တော့်ဆီပို့ပေးလိုက်တဲ့  International SOS Singapore က သူငယ်ချင်း Leanna Jazz ကိုလည်း ကျေးဇူးတင်ပါတယ်။

အိမ်ထောင်ရေး (၃)မျိုး

အိမ်ထောင်ရေး (၃)မျိုးရှိတယ်။

ပထမအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး —– ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး—- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။
Continue reading အိမ်ထောင်ရေး (၃)မျိုး

အချစ်စစ်

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်။ အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ ရောက်ရောက် ချင်းဘဲ  ကျွန်တော့်ကို ပြောတယ်။

“ကိုးနာရီလောက်မှာ  အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့  အရင်လိုနေတယ်..အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည်၊ အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း  “  အဖိုးခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်။
သူ့ဒဏ်ရာက ချုပ်ရိုးကို ဖြေဖို့ဆိုရယ် ဆရာဝန် တစ်ယောက်ယောက် အားဖို့ ရယ် အနည်းဆုံးတစ်နာရီကျော်လောက်တော့ စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်။
ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့ အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကပဲ ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်၊ အနာလဲကျက်နေပြီ … ဒါနဲ့   ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က သူ့ကို စကား စပြောလိုက်တယ်။

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်…   အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ။
အဖိုးက  မနက်တိုင်းကို သူနဲ့အတူတူမနက်စာ စားနေကြလေ…..”
Continue reading အချစ်စစ်

တစ်ဘဝစာ လျှို့ဝှက်ချက်

တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။ လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့… လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို ကြီးစိုးဝါးမြိုထားကြတယ်။

မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။

နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့ နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။

နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင် အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့ အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။

တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက ကောင်မလေးကို ကျောပိုးပြီး ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။ ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး ထွက်ပေါက်တွေ့မှ ကောင်မလေးကို ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။ ကောင်မလေးအတွက် ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။
Continue reading တစ်ဘဝစာ လျှို့ဝှက်ချက်

ဆုံမှတ်

ကျွန်တော်နှင့် သူ
တရပ်၊တနေရာဆီက လာခဲ့ပေမယ့်
နေရာတနေရာမှာ ဆုံတွေ့ တဲ့အခါ။

ကျွန်တော်နှင့် သူ
အကြိုက်မတူပေမယ့် လိုက်တူုပေးခဲ့သောအခါ
ကျွန်တော့်အကြိုက်ကို သူဖန်တီးပေးခဲ့တာ။
သူ့ အကြိုက် ကို ကျွန်တော်ဖန်တီးပေးခဲ့တာ။

ကျွန်တော်မကြိုက်သောအရာ
သူကြိုက်ပေမယ့် စွန့် လွှတ်ခဲ့တာ။
သူ မကြီုက်သောအရာ
ကျွန်တော်ကြိုက်ပေမယ့် စွန့် လွှတ်ခဲ့တာ။


ကျွန်တော်နှင့် သူ
သူသိသောအရာ ကျွန်တော် မသိ။
ကျွန်တော် သိသောအရာ သူမသိ။
မသိတာတွေ၊ မရှိတာတွေ
သိတာတွေ၊ ရှိတာတွေ
မျှဝေပေးသောအခါ။

ကျွန်တော်နှင့် သူ
ကျွန်တော် ရှူံးနိမ့်သောအခါ
အနားမှာရပ်ကူအားပေးခဲ့တာ။
သူလဲကျတဲ့အခါ
ကျွန်တော် ထွေးပွေ့ ထားခဲ့တာ။

ကျွန်တော် အောင်မြင်တဲ့အခါ
သူအတွက် နေရာတစ်ခု မျှဝေပေးခဲ့တာ။
သူအောင်မြင်တဲ့အခါ
ကျွန်တော့်အတွက် နေရာတစ်ခု ဦးစားပေးခဲ့တာ။

ကျွန်တော် ဒေါသရှိလာတဲ့အခါ
သူ နားလည်ပေးခဲ့တာ။
သူ စိတ်ဆိုးတဲ့အခါ
ကျွန်တော် သူ့ ကို ပစ်ပယ်မထားခဲ့တာ။

ကျွန်တော် မပြောပေမယ့်
သူ သိနေခဲ့တာ
သူ မပြောပေမယ့်
ကျွန်တော် နားထောင်ပေးခဲ့တာ။

ကျွန်တော် လက်မကမ်းနိုင်တဲ့အခါ
သူ့ လက်ကမ်းပေးခဲ့တာ။
သူ မလျှောက်လှမ်းနိုင်တဲ့အါ
ကျွန်တော် လမ်းခင်းပေးခဲ့တာ။

ကျွန်တော်နှင့် သူ
တစ်ယောက် တစ်နေရာ
တခါတရံ အရှေ့ နှင့်အနောက်
တခါတရံ တောင်နှင့်မြောက်
မတွေ့ ဖြစ်ပေမယ့်
ကျွန်တော်နှင့် သူ
တစ်ယောက်နှင့်တစ်ယောက် မကွယ်ပျောက်ခဲ့ဘူး။

ကျွန်တော်နှင့် သူ
သူ့ အတွက် နေရာတစ်ခု ကျွန်တော်ဆီမှာ
ကျွန်တော်အတွက် နေရာတစ်ခု သူ့ ဆီမှာ
နေရာ တစ်နေရာ အမြဲရှိနေတာ။

ကျွန်တော်နှင့် သူ
တရပ်၊တနေရာဆီက လာခဲ့ပေမယ့်
အကြိုက်တွေ ထပ်တူမညီပေမယ့်
သိတာတွေ၊ ရှိတာတွေ မတူညီပေမယ့်
သူ့ အတွက်
ကျွန်တော့်အတွက်
နေရာတစ်ခု ထပ်တူညီစွာ ရှိနေတာ- ဆုံမှတ်ပါ။

ဆုံမှတ်မှာ
မျှဝေပေးခဲ့တာ-

ဆုံမှတ်မှာ
မျှော်လင့်နေတာ-

ဆုံမှတ်မှာ
အလှဆုံးသောအရာကို တည်ဆောက်နေတာ-

ဆုံမှတ်မှာပဲ
ကျွန်တော်နှင့် သူ
သူ နှင့် ကျွန်တော်
အတူတူနေကြတာ။

KoKTH
2009 Valentine Day

အလွမ်း

ဒီအတိုင်းပဲ တစ်မြေစီ မမြင်နိုင်တဲ့ ဘ၀တွေမှာ
ထင်ရာစိုင်း လျှောက်လှမ်းမယ်ဆို တို့ တွေကြာရင် ဝေးသွားနိုင်တယ်
အရင်အတိုင်းပဲ ကြယ်တွေ မမြင်သာတဲ့ ညတွေဆို ငါ
ဘယ်သူများ ဖန်ဆင်းလေတဲ့ အိမ်မက်တွေ ဂယောင်ခြေက်ခြား မက်ကာရယ်
မင်း … ပြန်လာဖို့ တောင် စဉ်းစားရခက်မယ်ဆို
မင်း . . . ခဏလေး ပြန်တွေ့ ကြဖို့ ခက်နေရင်
ကြာရင် အိမ်မက်ဆိုးတွေ မက်ကာ
မိုးမြေလို ကွာဝေးနိုင်တယ်လေ

မင်း . . .ဒီအတိုင်း တို့ အဖြစ်တို့  မေ့တော့မလား
ဒီအတိုင်း တို့ အဖြစ်တို့ သွေးအေးထားမှာလား
ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်

မင်း  ဒီအတိုင်း  အလွယ်တကူ မေ့ပစ်တော့မလား
ဒီအတိုင်း တို့ အဖြစ်တို့ သွေးအေးထားမှာလား
ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်

မင်း … ပြန်လာဖို့ စဉ်းစားလို့ ပေးပါကွယ်
ကြာရင် အိမ်မက်ဆိုးတွေကြားမှာ
ငါ့ရဲ့ အသက် ရပ်တန့် လို့ သွားနိုင်တယ်

ခေါ်သံများ သန်းခေါင်ယံ အမှောင်ထုများ နောက်ကွယ်မှာ
နင်တစ်ယောက်များ ပြန်ခဲ့တာလား ငါ့မှာ မျှော်ကာ စိတ္တဇပါကွယ်
အာရုံများလည်း နွံရေတွေလို နောက်ကျိကာရယ်
နင်ပြုစား လူကို ရူးစေသလား ငါ့မှာ အိမ်မက်ဆိုးများစွာ အလယ်

တေးအမည် – အလွမ်း ၊ လင်းလင်း
တေးဆို -လေးဖြူ ၊ ဘင်္ဂလားပင်လယ်အော်
2008 ဒီဇင်ဘာ

ကျွန်တော် နှစ်သက်သော သီချင်းတစ်ပုဒ်ပါ။

ငါအိုသွားတဲ့အခါ

ခြေတစ်လုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။

လွန်ခဲ့သောနှစ်(၂၀)က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကိုစူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း(၂၀)အတွင်း ပီကင်းမှရှန်ဟိုင်း၊ ကွမ်တုန်မှဟောင်ကောင်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော်ခဲ့သည်။

နေရာသစ် တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။
ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည် ဘ၀၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အားပိုဖြစ်စေခဲ့သည်။

အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။
အမေ့နှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာတကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်ပါသည်။

အမေ (၇၅) နှစ်ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကိုဖုန်းဆက် အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာများမှတ်၊ ကျွန်တော် ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို
ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့်တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေတော်တော် အိုစာသွားခဲ့ပါလား ။

အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော် မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများအရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကိုကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့ တွေ့ချင်လို့ ပဲလေ။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀)နှစ်ခန့်က အမေအပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့်အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျ နေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။

မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် “ငါလှုပ်ရှားနိုင်သေးတယ်။ ငါမအိုသေး” ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။

ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။

အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟုအမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေ ပြီဖြစ်ကြောင်းကို ကျွန်တော်အားမနာစွာအမေ့ကိုပြောဖြစ်ခဲ့သည်။

နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကား လမ်းကြောင်းလွဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသောသတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။

မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။
ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။

“ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့် ကိုပြပါလား”
အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။
“ငါအိုသွားတဲ့အခါ” ဟုခေါင်းစဉ်
တပ်ထားသော ၂၀၀၄နှစ် ၁၂ လပိုင်း ၆ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။
ဆောင်းပါးလေးမှာ

“ငါအိုသွားတဲ့အခါ”

ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက
ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။

ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော်စာကြည့် စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော်လို့ဘ၀တူ အမိမြေကိုခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကိုဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို
စားချင်ကြောင်း……………

email ပို့ ပေးသော ငယ်လေး။
ဆောင်းပါးပိုင်ရှင်။
သားကိုချစ်သော မိခင်အို။

အားလုံးကို လေးစားစွာဖြင့်ကျေးဇူးတင်လျှက်

pdf အနေနဲ့ download လုပ်နိုင်ပါတယ်။

အဓိပ္ပါယ်

သင်တစ်ဦးတစ်ယောက်ကို ချစ်မိတဲ့အခါ . .. .

သင် ဘယ်လိုများ ခံစားရပါသလဲ။
When you love someone ..ဆိုပြီး (Bryan Adams) သီချင်းလေးနဲ့ 
ကျွန်တော်မေးခဲ့ဖူးပါတယ်။

ဘယ်လိုများခံစားရသလဲ ?  သိပ်ပျော်တာပေါ့
– ချစ်သူနဲ့ ကြည်နူးနေရတဲ့အချိန်များ အရာရာဟာ လှပလို့ ။
– ချစ်သူကတစ်ချက်လေးစောင်းငဲ့ပြီး ပြုံးပြလိုက်ရင် ရင်ထဲညိမ့်လို့ ။
– ချစ်သူနဲ့ ပတ်သတ်လာရင် အရာရာသည် အဓိပ္ပါယ်ရှိလို့ ။

အဓိပ္ပါယ်

အဲဒီနေ့ က
မောင် က
အမှတ်တရတဲ့
လက်သီးဆုပ်ပြပြီး

“ မ . . . . .
အထဲမှာ ဘာရှိ သိလား ” . . .တဲ့။

ဘယ်ပြောတတ်ပါ့
လက်ထဲဘာရှိ
ပန်းပေး၏ . .ပေါ့။

ဒီတော့
ဟော. . . . .ကြည့်
ဘာမှမရှိ
ဆို
ဖွင့်ပြ
ကျွန်မတို့ နှစ်ဦး
ဘာမှန်းမသိ
ရယ်လိုက်ရတာ
စကြ၀ဌာအထိ
အဓိပ္ပာယ်တွေရှိလို့ ။  ။

ဘုန်းမြင့်လှိုင်
Idea Dec 2002

ချစ်သူနဲ့ ကြည်နူးရတဲ့အချိန်တိုင်း အဓိပ္ပါယ်တွေပြည့်နေတတ်ပါသည်။

WHEN YOU LOVE SOMEONE

WHEN YOU LOVE SOMEONE
(Bryan Adams)

When you love someone you’ll do anything
You’ll do all the crazy things that you can’t explain
You’ll shoot the moon – put out the sun
When you love someone
You’ll deny the truth – believe a lie
There will be times that you’ll believe
You can really fly
But your lonely nights have just begun
When you love someone
When you love someone you’ll feel it deep inside
And nothing else can ever change your mind
When you want someone – when you need someone
When you love someone
When you love someone – you’ll sacrifice
You’d give it everything you got and
you won’t think twice
You’d risk it all – no matter what may come
When you love someone
You’ll shoot the moon – put out the sun
When you love someone

ကျွန်တော် ဒီသီချင်းကို နားထောင်မိတဲ့ အခါတိုင်း ပြုံးမိတယ်။

သီချင်းစာသားတွေက ရိုးရိုးလေးပါပဲ ဒါပေမယ့် ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တွေပဲမဟုတ်ပါလား

သင်တစ်ဦးတစ်ယောက်ကို ချစ်မိတဲ့အခါ . .. .
.
သင် ဘယ်လိုများ ခံစားရပါသလဲ။
သင် ဘယ်လိုအရာများ ပြုလုပ်ဖန်တီးခဲ့ပါသလဲ။
.
.
သင် တစ်ဦးတစ်ယောက်ကို ချစ်ဖူးတဲ့အခါ . . .
သင် နားလည်မှာပါ။
.
.
အချစ်ဆိုတာ ဘာလဲ ? သိချင်ရင် ချစ်ကြည့်လိုက်ပါ။
When you love someone, You’ll do all the crazy things that you can’t explain
.
When you love someone,You’d give everything you got and you won’t think twice.
.
When you love someone
You’ll deny the truth – believe a lie.
.
When you love someone .