Category Archives: ကဗျာ
ဘ၀သည်ကား
လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း။
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။
သူငယ်ချင်းတစ်ယောက်ရဲ့ FaceBook မှ ကူးယူထားတာပါ။ ခေါင်းစဉ်ကို မတွေ့ ပါသောကြောင့် – ဘ၀သည်ကား – လို့  အမည်ပေးထားပါသည်။
သူငယ်ချင်းကတော့ ဒီကနေ ကူးထားတယ်လို့ ရေးထားပါတယ်။
https://www.facebook.com/profile.php?id=100001406423532
မြစ်ကော – မောင်စိန်ဝင်း (ပုတီးကုန်း)
မြစ်မကောအောင်လို့ 
သစ်တောတို့ စိမ်းရပေမည် …
ရေဝေတောတွေ ဆိုင်းစို့ စို့ 
… မှိုင်းညို့ ညို့ မှုန်ရီရီ …
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့ …
တတောလုံးပြောင်
တတောင်လုံးလင်း
မြစ်ကျဉ်းကာသောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ 
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
………. စိုးကြောက်ဖွယ်အဖြစ်သဘော
………. မြစ်ကောတဲ့နေ့ ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
ထူးအိမ်သင် (သို့ ) မှော်ဆရာသီချင်းငှက်သို့ လွမ်းဆွတ်မှု
သူ့ကိုးကွယ်ရာက
“မဟာဝီရ အို … ဗုဒ္ဓ” …။
Continue reading ထူးအိမ်သင် (သို့ ) မှော်ဆရာသီချင်းငှက်သို့ လွမ်းဆွတ်မှု
သစ္စာကျန်တဲ့ဇာတ်
ရာမမင်းသား ရှုံးနိမ့်စဉ်တုန်းက
မတီးဖြစ်ခဲ့တဲ့ လက်ခုပ်တွေဟာ
ဒဿဂီရိမြားထိတော့မှ တဖြောင်းဖြောင်းထွက်ပေါ်။
သံကွန်ချာခုနစ်လွှာ အကျဉ်းစခန်းကနေ
သီတာဒေ၀ီကို ကယ်တင်လိုက်မှ
မှဲ့တစ်ပေါက် မစွန်းခဲ့တဲ့
ဘီလူးမင်းရဲ့ သစ္စာကို တွေ့ရှိ။
ဒီအချိန်မှာ
သိန်းခိုပြည်လည်း ပြာကျသွားပြီ။      ။
(ဖျာပုံမောင်မောင်စန္ဒာ)
သရပါ၊ ၂၀၁၁ မေလ
စင်္ကာပူ
၁။ ဟိုးတစ်ချိန်ကတော့
ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့
လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး
နေစရာတွေငေး၊ နားစရာတွေငေး
မလိုသူတွေက ပွဲစားမြို့ လေးတဲ့
ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့
မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။
၂။ရန်ကုန်ရေ  နင်ဘယ်လောက်ဖြတ်ကျန်ခဲ့ပြီလည်း
ငါတို့ မပြောရဲတော့ဘူး…
တနေ့တစ်လံပေါ့ စင်္ကာပူရယ်
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး
စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား?
တို့ အမျိုးတွေအတွက် စိတ်ပူလိုက်တာ။
၃။ သုပ်သုပ်သွား၊ သုပ်သုပ်လာ၊ သုပ်သုပ်စား
သုပ်သုပ်နား၊ အလုပ်တအားလုပ်
လူရောင်စုံကြားထဲမှာ
အပြုံးမှာ စေတနာပါတာ မြန်မာ
အမုန်းချင်းပြိုင်ရင် ရှုံးနေမှာ မြန်မာ
စင်္ကာပူရေ ရေကြည်ရာ မြက်နုရာ ဆိုပေမယ့်
တို့လူမျိုးက ဂျစ်ပစီတော့ မဟုတ်ဘူး
မြေနဲ့၊ ရေနဲ့ ၊ ဇာတိနဲ့ လူမျိုး စင်္ကာပူရဲ့
ငါတို့ကို မင်း ၀မ်းစာကျွေးထားရပေမယ့်
မင်းကျမ်းမာရေး မထိခိုက်စေရအောင်
မြန်မာတွေ နေတတ်ခဲ့ပါတယ်။
၎။ ကမ်းခြေချန်ကီဘိလစ်(Changi Village) မှာ အပန်းဖြေတော့
ပက်လက်လှန်ပြီး မှောက်ခုံပျံတဲ့ လေယာဉ်ပျံတွေ ကြည့်မိ
ပိုက်ဆံတွေ တအားထားခဲ့ရပြီး
ဥာဏ်ပညာတွေ ဘယ်လောက်ယူသွားနိင်လည်း
ကိုယ်ကနားပြီး စိတ်ကမနားနိင်ဘူး စလုံးရေ။
၅။ ငါတို့ ဧရာဝတီကိုကျ
နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့
ဘီလူးစီးသလိုဝင်မွှေသွားတဲ့ ပင်လယ်မ က
စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ
ငါ မခံစားနိင်ဘူး။
၆။ အီကွေတာ အောက်ကမြို့ကလေး
ပွင့်သမျှ ပန်းမမွှေးဘူး
မင်းရဲ့ ကောင်းသတင်းကတော့
မွှေးမြပါတယ်
ငါတို့များကြတော့…ဘယ်တော့မွှေးမလဲ။
၇။ တို့မြေမှာ သာရေး နာရေးတောင် တွေ့ဖို့ မလွယ်တဲ့
အမျိုးတွေ ၊ သူငယ်ချင်းတွေ
ပင်နီစူလာပလာဇာ (peninsula plaza) မှာ အစုံတွေ့ရ
ပေးဖို့လား၊ ရဖို့လား၊ အသာစံဖို့လား၊ အနာခံဖို့လား
တို့မြန်မာတွေ အလကားမဟုတ်ဘူးနော်
စင်္ကာပူ ခင်ဗျားကြီး အရိပ်မှာ
လွတ်လပ်စွာ ကျန်းမာချမ်းသာထားပါ။
၈။ ပြောစရာ ရှိလို့သာပြောရ
ပြောဖို့မလိုပါဘူး။
အိမ်သည် ဧည့်သည် မပူရအောင်ထားပေးတဲ့
စင်္ကာပူ ကျေးဇူးပါ
အဲဒီလို ကျေးဇူး
ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ။
၉။ စင်္ကာပူက မြန်မာအားလုံး
မလွမ်းဘူးပြောတဲ့ လူမရှိ
အားလုံး မကြိုက်ဘူး ပြောတဲ့လူချည်းပဲ
ကျွန်တော်လည်း မကြိုက်ပါဘူး
ဒါပေမယ့် အဲဒါ ရှော့ခ်ရှိတယ်။
၁၀။ အမှန်ကိုလည်း ပြောမရ အမှားကိုလည်း ပြောမရ
သတ္တိရှိလို့ ပြောပြန်ရင်လည်း အမုန်းခံရ
ကြာလာတော့ သတ္တိရှိလာမှာတောင် ကြောက်ရ။
၁၁။ “ဆရာ… အသစ်နဲ့ အဆင်ပြေလားဟင်
ကျွန်တော် မပြန်နိင်တာ သုံးနှစ်ရှိပြီ
အိမ်က ပိုက်ဆံ သိန်းတစ်ရာသုံးပြီး ထွက်လာတာ၊
အခုထိ မကျေသေးဘူး။ ကျွန်တော် ကွန်ပျူတာနဲ့ ဘွဲ့ရလာတာ
အခု ဒီဟော်တယ်မှာတော့ ၀ိတ်တာပေါ့၊ သိပ်ပြန်ချင်တာပေါ့
ပိုက်ဆံ မကျေသေးတော့ မိသားစုကို မျက်နှာပူလို့ သင်္ကြန်မှာ
ပိတောက်တွေ ပွင့်လားဟင်…”စလုံးမှာ မေးတဲ့စကား
မင်းပြန်လာမှာ သိပ်စိုးရိမ်တာပဲ
အဆင်ပြေလားဆိုတဲ့ မင်းရဲ့ မေးခွန်းက
သင်္ကြန်မှာ ပိတောက်မပွင့်သလို
ငါ့ရင်မှာ ပြာကျစေတယ်
ငါတို့က အခုချိန်ထိ ညံ့နေကြသေးတာကိုး
ခွင့်လွှတ်ပါ သားလေးရယ်။
၁၂။ လူကြီးတွေက ပြည်ပနိင်ငံကို အထင်မကြီးနဲ့တဲ့
ပြည်ပကို ရောက်နေကြတဲ့
မြန်မာပြည်ဖွားတွေ အားလုံးဟာ
ပြည်ပတိုင်းပြည်ကို အထင်ကြီးလို့
ရောက်နေကြတာ မဟုတ်ဘူး
ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့
အဆင်မပြေမှု့တွေပဲ နေ့တိုင်းတွေ့နေရလို့
ပြည်ပရောက် မြန်မာတွေရဲ့ တုန့်ပြန်မှု့။
၁၃။ အဲဒီလိုတော့ မပြောပါနဲ့
ကျွန်တော်က ပြည်တွင်းမှာပဲ နေသူဆိုတော့
ခံရခက်တယ် တကယ်က
ဘာမဆို ခွဲဝေယူကြတယ်
…. ….
ကိုယ်တွေတော့ လုံးဝ(လုံးဝ) မပါဘူး။
၁၄။ MRT ရထားပေါ်မှာ iPhone ဖွင့်လိုက်တာနဲ့
ကမ္ဘာကြိးက ကိုယ့်ရှေ့ရောက်လာ
မြန်မာတွေ မညံ့ပါဘူး စင်္ကာပူမှာပေါ့
မြန်မာပြည်မှာတော့
ကဗျာ ဆရာ အပါအ၀င် အားလုံးညံ့နေသေးတယ်။
၁၅။ အမှန်တရားကို ချစ်တယ် သတ္တိမရှိဘူး
သတ္တိမရှိရင် အမှန်တရား မရနိင်ဘူး
လူတချို့က
မိုက်ရိုင်းရဲရင် လိမ်ရဲရင်
အာဏာရမယ်၊ အာဏာရရင် ရူးမယ်
ပိုက်ဆံ ချမ်းသာမယ်
ဒါဆိုလုပ်ချင်ရာ လုပ်မယ်
လူများလို့ နိင်ပေမယ့် မမှန်ရင် မနေပါနဲ့
လူနည်းလို့ ရှုံးပေမယ့်
မှန်ရင် နေကြပေးပါ။
၁၆။ ဒီလိုပညာနဲ့ ဒီလိုလုပ်ရည်ကိုင်ရည်နဲ့
ဒီလောက်လွမ်းနေတာ မလွမ်းရအောင်
မြန်မာပြည်က သူဋ္ဌေးတွေဆီမှာ
ပြန်လာလုပ်ပါလားဆိုတော့
စလုံးရောက် မြန်မာ ဆရာဝန် တစ်ဦးက
“စင်္ကာပူက သူဋ္ဌေးက လူကို လူလိုတန်ဖိုးထားတယ်
မြန်မာပြည်က သူဋ္ဌေးက
လူ့တန်ဖိုးနားမလည်တဲ့ ပေါင်းစားတွေ ချည်းပဲ ” တဲ့
ကျွန်တော် ဘာပြန်ပြောရမှန်း မသိဘူး
ဘယ်တော့မှ ပြောနိင်မှန်းလည်း မသိဘူး။
၁၇။ သေသေချာချာ ပြောနိင်တာကတော့
ပြည်ပရောက် မြန်မာတွေအားလုံးကို
ပြည်တွင်းက မြန်မာတွေအားလုံးက
ရင်တွေ ပြာကျလောက်အောင် လွမ်းနေကြ
ဒီထဲမှာ အမေတွေက ပိုဆိုးတာပေါ့
ရန်ကုန်မြို့ က
အင်တာနက်ဆိုင် ဂျီတော့မှာ မျက်ရည်တွေ ချည်းပဲ။
၁၈။ စင်္ကာပူက…
အဖြူ၊ အမဲ၊ အညို ဘယ်သူနဲ့ ပြောပြော
အလွမ်းနဲ့စပြီး အလွမ်းနဲ့ ဆုံးတော့
စင်္ကာပူဆိုတာ အလွမ်းတွေ စုနေတဲ့
ဘယ်သူမှတော့ မျက်ရည်မလွယ်ပါဘူး
မင်းသား၊ မင်းသမီးမှ မဟုတ်တာ
အလွမ်းက တွန်းထုတ်လိုက်တော့
မျက်ဝန်း တာကျိုးရတာပေါ့။
၁၉။ ချစ်သူကိုလည်း ချစ်တယ်
အဖေ အမေကိုလည်း ချစ်တယ်
မောင်နှမတွေကိုလည်း ချစ်တယ်
ဇာတိရပ်ရွာကိုလည်း ချစ်တယ်
တကယ်ဆို ချစ်ရဲ့သားရဲ့ ဘာလို့ခွဲရက်တာလည်း
သုခနဲ့ ဒုက္ခပေါင်းထားတဲ့ စင်္ကာပူရဲ့ မာယာမှာ
ငါတို့ အားလုံး နစ်ခဲ့ရပြီ
တချို့ ပျော်ရွှင်စွာနစ်
တချို့ ၀မ်းနည်းစွာနစ်
မြန်မာပြည်တော့ ချစ်ကြသူတွေချည်းပဲ
ကဲ အားလုံး “ကမ္ဘာမကြေ မြန်မာပြည်
ဒါတို့ပြည် ဒါတို့မြေ
တို့ပိုင်တဲ့မြေ ”
စင်္ကာပူရေ… တို့လူမျိုးကို ချစ်ပါ
အမှန်တရား ၊ ရိုးသားမှု့နဲ့ မြန်မာတွေပါ
“ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ “ ။ ။
(စောဝေ)
(၁၄-၅-၂၀၁၁) နေ့ လမ်းပြကြယ်  စာကြည့်တိုက် စာချစ်သူများ စင်္ကာပူနိင်ငံမှ ကျင်းပပေးသော Poetry Performance ပွဲတွင် ရွတ်ခဲ့သော ကဗျာ
ကောင်းကင် online မဂ္ဂဇင်းမှ ကူးယူဖော်ပြထားပါသည်။
http://www.kaungkin.com/index.php?option=com_content&view=article&id=544:poem&catid=48:2009-04-21-17-32-48&Itemid=78
Changi Village : အနားယူ အပန်ဖြေရန်ခေတ်မှီစွာ တည်ဆောက်ထားသော အပန်းခြေစခန်း။
peninsula plaza: မြန်မာတွေ ဆုံတွေ့ သောနေရာ၊ မြန်မာ ဆိုင်တွေ ဖွင့်ထားသောနေရာ။
မရှိခဏ
မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်ကမရှိဘူး။
လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဘူး။
ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ
အစုန်သမားက လန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဘူး။
နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လဲမရှိဘူး။
လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။
မင်းကိုနိုင်
စစ်တွေထောင်တွင်းစပ် ကဗျာ
source: http://suuchitthu.blogspot.com/2010/10/blog-post_18.html
ဧပြီ ၁၅
မြနန္ဒာလဲ နှုတ်ပိတ်
DJ တွေလဲ စကားတိတ်သွားတဲ့ ညနေ
ဘယ်လိုအဖြေတွေကြောင့်လဲလို့ စဉ်းစားမရ
ဧပြီ ၁၅ မှာ ပိတောက်ဟာ
သွေးထင်းလို့။
ပြိုကွဲခဲ့ရတယ်
မိဘနဲ့၊ သားသမီးနဲ့
ချစ်ရသူတွေနဲ့၊ မိတ်ဆွေသူငယ်ချင်းနဲ့
လက်လွှတ်လိုက်ရတယ်၊ ဆုံးရှုံးသွားခဲ့ရတယ်
ပြည်သူတွေရဲ့ စိတ်နဲ့ ရုပ်ခန္ဓာတွေ …
ဘယ်အငြှိုးက
ဒီပွဲတော်ကို သွေးလွန်စေတာလဲ…
အဲဒီအဖြစ်သနစ်တွေကို
တစ်နိုင်ငံလုံး တစ်ပြိုင်နက်ပြုံးတဲ့နေ့နဲ့မှတိုက်ပြီး
ဘယ်သူရွေးခဲ့ရသလဲ..
တို့ရဲ့ ချစ်စရာဓလေ့ကို
ဘယ်သူ အထိတ်တလန့် ဖြစ်စေရတာလဲ။
ဝေါခနဲ ကျီးပြိုသွားတဲ့ ၀န်းကျင်မှာ
ပါးစပ်အဟောင်းသားနဲ့
ဖြုတ်ခနဲ ဘ၀ထဲ…
အဲဒီမက်ဆေ့ခ်ျတွေကို ဘယ်လိုပို့ရမလဲ…
အဲဒီမက်ဆေ့ခ်ျကို ဘယ်သူလက်ခံချင်မှာလဲ…
မကြုံဖူးတဲ့ရောဂါ
ဆေးညွှန်းရှာရသလိုပဲ
စိတ္တဇဆိုးဟာ ဧပြီ၁၅ မှာ
အပူလောင်ခံရတဲ့ ဖျစ်ဖျစ်တောက်နွေထဲ
ရင့်ပြီးမှည့်သွားခဲ့တယ်
ချစ်သူနဲ့မို့ ပါ
ခြံဝန်းကျယ်ကျယ်လေးထဲမှာ
တဲအိမ်လေးတစ်လုံးနဲ့ ဘဲဖြစ်ပါစေ
အတူတူနေနိုင်တဲ့စိတ်ထားကလဲ
ချစ်သူနဲ့မို့ ပါဘဲ။
ပန်းပင်လေးတွေကိုစိုက်
ပန်းခင်းလေးတွေကိုလိုက်ကြည့်
အေးမြခြင်းပြည့်တဲ့လေပြေလေးထဲမှာ
ပန်းရနံ့ လေးတွေနဲ့ထုံသင်းတဲ့
ချစ်ခြင်းမေတ္တာရဲ့အရိပ်အောက်
နှစ်ယောက်မခွဲ
ဆင်းရဲရဲ ချမ်းသာသာ
နေနိုင်တာဟာလဲ
ချစ်သူနဲ့မို့ ပါဘဲ။
ရေးသူကို မမှတ်မိလို့  မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ။
2010 Valentine Day
ချစ်သူများနေ့တဲ့လား
ဒီနေ့ ..
ဖေဖေါ်ဝါရီ ၁၄ရက်
”ချစ်သူများနေ့” တဲ့လား
ညီမလေးရေ …
ရင်ခုန်နေသလား
ကဒ်ကလေးတွေ၊ ပန်းကလေးတွေ ..
ချောကလက်လေးတွေ၊
… တွေ၊ …. တွေ
ဟိုက သည်က
အများကြီး အများကြီး ..
မင်းရနေသလား …။
လူငယ်တွေလဲ … အုတ်အုတ်ကျက်ကျက်
လူလည်တွေလဲ … ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေကလဲ ဗရုပ်ဘယက်၊
အော် …
တကယ်တော့ …
ဒီနေ့ဟာ …
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
၄၅ ရက်မြောက်နေ့ …
‘ကလောဒီယပ်စ်’ ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့အမိန့်ကို လစ်လျူသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ် လက်ထပ်ပေးတဲ့
တာနီမြို့က Saint Valentinus ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရောမမှာ ..
နှိပ်စက်ပြီးခေါင်းဖြတ်ခံရတဲ့နေ့ပါ ….။
သူတို့ဟာသူတို့
ဂုဏ်ပြုရင်ပြုပါစေ …
တို့တွေနဲ့ အဝေးကြီးပါကွယ် …
ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က …
ဖေဖေါ်ဝါရီလ ၁၃ရက်နေ့လေ
လွန်ခဲ့တဲ့ ၉၄နှစ်ကာလက
နွေအကူး …
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့ ….
စနေနေ့ မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ ….
‘ထိန်လင်း’ ဆိုတဲ့
ကလေးငယ်ကလေး …
ဟိုး အညာက နတ်မောက်မြို့မှာ ..
မွေးဖွါးခဲ့တယ်
သူက …
စာပေကိုချစ်တယ်
အမှန်တရားကို ချစ်တယ်
ချစ်သူကိုချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး …
တို့တိုင်းပြည်ကို ချစ်သတဲ့။
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊
ယောက်ျားကောင်းတို့ရဲ့ သမာဓိ၊
ယောက်ျားကောင်းတို့ရဲ့ သီလ၊
ယောက်ျားကောင်းတို့ရဲ့ စာဂ
ယောက်ျားကောင်းတို့ရဲ့ သိက္ခာ၊
ယောက်ျားကောင်းတို့ရဲ့ ပညာ၊
ယောက်ျားကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့ ….
နောက်ဆုံး …
အဲဒါတွေအကုန်လုံး
တိုင်းပြည်ကိုပေးပြီး
ဘာမှ ယူမသွားရှာလေတဲ့ …။
ချစ်သူကောင်းတစ်ယောက်
ယောက်ျားကောင်းတစ်ယောက်
ဖခင်ကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့ …
မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်
‘ဖေဖေါ်ဝါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တထောင့်ကိုးရာတဆယ့်ငါး၊
ရှေ့နေဦးဖာ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊
မိခင်ဒေါ်စု သား …’
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး …
အခုတော့ ဘယ်မှာလဲ
ကိုယ်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာသူတို့ ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ ‘ဗယ်လင်တိုင်းနေ့’ ဆိုတာထက် ..
အဲဒီနေ့မတိုင်ခင် တနေ့ဟာ
တို့တွေအတွက် ..
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ် ရှိပါတယ်ကွယ် …
ဒီနှစ်တော့ ရှိပါစေတော့
ညီမလေးရယ် ….
အခုခေတ် မြန်မာပြည်က လူငယ်အများစုဟာ ဖခင်ဗိုလ်ချုပ်ကို မေ့နေကြပါပြီ …
ဘာမဟုတ်တဲ့ ဗယ်လင်တိုင်းနေ့ဆိုတာကို …
သူတို့ ရင်ခုန်နေကြတယ် …
ကျနော်လည်း မြင်တိုင်းရင်နာရပါတယ်။
ဟယ်ရီ
http://harrylwin.blogspot.com/2009/02/blog-post_14.html