Category Archives: နေထိုင်ခြင်းအနုပညာ
စင်္ကာပူရဲ့ လက်ထပ်မှုနှုန်း
စင်္ကာပူ နိုင်ငံရဲ့ လက်ထပ်မှုနှုန်းသည် လွန်ခဲ့သော နှစ်က ၆.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ဒီလက်ထပ်မှုနှုန်းကို အသက် ၁၅ နှစ်မှ အသက် ၄၄ နှစ် အတွင်း နိုင်ငံတွင်းအမြဲနေထိုင်သော (citizen နှင့် PR) လက်မထပ်ရသေးသူများကို အခြေခံပြီး DOS (Department of Statistics) မှ တွက်ချက်ထားပါသည်။
၂၀၁၀ တွင်
လက်မထပ်ရသေးသူ အမျိုးသား ၁၀၀၀ တွင် ၃၉.၉ ရာခိုင်နှုန်းသာ လက်ထပ်ခဲ့သည်။
လက်မထပ်ရသေးသူ အမျိုးသမီး ၁၀၀၀ တွင် ၃၇.၂ ရာခိုင်နှုန်းသာ လက်ထပ်ခဲ့သည်။
၂၀၀၉တွင်
၄၃.၆ နှင့် ၄၁.၁ အသီးသီး ရှိခဲ့သည်။
သို့ သော် လူမျိုးခြားများကို လက်ထပ်မှုမှာ ၈ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ထိုသို့ လူမျိုးခြားများကိုလက်ထပ်မှု ထက်ဝက်ကျော်မှာ တရုတ်လူမျိုးနှင့် အခြားသော တရုတ်မဟုတ်သော -မလေးရှား။ အိန္ဒိယ လူမျိုးတို့ ၏ လက်ထပ်မှုများဖြစ်ပါသည်။
NUS မှာ sociologist Tan Ern Ser  က ဤသို့  ထောက်ပြထားပါသည်။
အထူးသဖြင့် အသက် ၃၀ အောက် လက်ထပ်မှုနှုန်းမှာ အတော်ကျဆင်းသွားခဲ့သည်။
ဘာကြောင့်လဲ-
အမျိုးသမီးများသည် စီးပွားရေးလုပ်ငန်းများတွင် ပိုမို လုပ်ကိုင်ခွင့်ရရှိလာခြင်းက အဓိက အချက်ဖြစ်နေလျှက်ရှိနေပါသည်။ အမျိုးသမီးများသည် ခင်ပွန်းတစ်ယောက် အတွက် သတ်မှတ်ထားရှိသော မျှော်လင့်ချက်၊ တောင်းဆိုချက်များမှာ  ပိုမို များပြားမြင့်မားလာကြသည်။
အသက် ၂၅ နှစ်နှင့် ၂၉ နှစ် အတွင်း လူငယ်များ၏ လက်ထပ်မှုမှာ
  • အဆင်မြင့် ပညာရေး ရည်မှန်းချက်၊
  • မိသားစု တာဝန်
များကြောင့် ကျဆင်းသွားသည်။
ကနဦး လက်ထပ်မှုပဲ ကျဆင်းတာလား။
ကွဲရှင်းပြတ်စဲမူ၊ အတူမနေဘဲ ကွဲနေမူ နှုန်းကရော ကျဆင်းလာပါသလား။
– ကွဲရှင်းပြတ်စဲမူ၊ အတူမနေဘဲ ကွဲနေမူက အနည်းငယ် ကျဆင်းသွားပါသည်။
၂ ရာခိုင်နှုန်း မှ ၁.၉ ရာခိုင်နှုန်း သို့ ကျဆင်းသွားခဲ့သည်။
Source: http://sg.news.yahoo.com/blogs/singaporescene/marriage-rates-drop-historic-low-2010-survey-155206640.html
နေမညိုခင်
26 March 2011
Dear Ko Kyaw,
I’m sorry to inform you that your Aunty, Daw Nyo Nyo Hlaing has passed away this early morning 6:30 at Mandalay.
regards,
Wunna
ကျွန်တော်ဆီ ဒီ စာလေးရောက်တဲ့အချိန် -ကျွန်တော် ဒီစာကို ယုံကြည်ဖို့အတော်ခက်ခဲနေခဲ့တယ်။
လွန်ခဲ့သော အပါတ်က ရန်ကုန်က ကျွန်တော်တို့ ရဲ့အိမ်မှာ အဒေါ်ရှိနေခဲ့တယ်။ သူ့ ရဲ့ကျန်းမာရေး သက်သာ တိုးတက်လာတယ်လို့ ကျွန်တော်ကြားသိရတယ်။ ရန်ကုန်မှာပဲ ဆက်နေဖို့ ကျွန်တော်အပါအ၀င် အားလုံးက တိုက်တွန်းနေခဲ့တယ်။ ဒါပေမယ့် မ န္တလေးက ပြလက်စ ဆေးရုံမှာ ဆေးစစ်ဖို့ ထွက်သွားခဲ့သည်။
နောက် ၃ ရက်အကြာမှာ ဒီစာကို ကျွန်တော်ရခဲ့တာပါ။
သေဆုံးခြင်းဆိုတာ ကျွန်တော်တို့ ခဏခဏ တွေ့ မြင်နေတာပါပဲ။ ဒီရက်ပိုင်းအတွင်းမှာပဲ ဂျပန်မှာ လူပေါင်းများစွာ သေဆုံးခဲ့သည်။ တာချီလိတ်မှာ မြေငလျင်လှုပ်တော့လည်း လူတွေ သေဆုံးတာပါပဲ။
သေဆုံးခြင်းဆိုတာ မထူးဆန်းပေမယ့်- ကျွန်တော်ကိုချစ်သော အဒေါ် သေဆုံးပြီ ဆိုတော့ လက်မခံချင်ပါ။
ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခု ပြုတ်ထွက်သွားသလို  – ဟာတာတာ ကြီး ဖြစ်နေခဲ့တာ အမှန်ပါပဲ။
Continue reading နေမညိုခင်
သင်ခန်းစာ
ဘ၀မှာ သင်ခန်းစာတွေ အများကြီး သင်ယူရတယ်။
ဒီသင်ခန်းစာတွေတိုင်းမှာ ကိုယ်ရဲ့အမှား မပါစေနဲ့ ။
လူတော်ဆိုတာ သူများအမှားတွေကနဲ့  သင်ယူတတ်တယ်။
လူလိမ္မာဆိုတာ ကိုယ်အမှားတွေကနဲ့  သင်သူတတ်တယ်။
လူရှော်ဆိုတာ ကိုယ့်အမှားကို ကိုယ်မသိခဲ့ဘူး။
လူမိုက်ဆိုတာ ကိုယ့်အမှားကို ကိုယ်သိပေမယ့် မပြုပြင်၊ မသင်ယူဘူး။
Continue reading သင်ခန်းစာ
ဒါ ကျွန်တော့်မိန်းမ
ဒီပုံပြင်ကတော့ တီဗီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေက မျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။
ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့ စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။
Continue reading ဒါ ကျွန်တော့်မိန်းမ
သားသမီး ရတနာ
သားသမီးဆိုတာ မိသားစုတစ်ခုကို လှပစေသော ပန်းချီကားဆိုလည်း ဟုတ်တယ်။ အိမ်တစ်အိမ်ရဲ့ ဆည်းလည်းသံဆိုလည်း ဟုတ်တယ်။ အိမ်ထောင်တစ်ခုကို ရင်းနှိးခိုင်မာစေသော ကြိုးတစ်ချောင်းဆိုလည်း ဟုတ်တယ်။
ဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဆိုလည်း မမှားပါဘူး။
၂၁ ရာစုမှာ ချမ်းသာတဲ့ မိသားစုမှာ သားသမီးရရှိထားမှု နည်းနေတာကို သတိထားမိပါတယ်။
ဒါပေမယ့် ဆင်းရဲတဲ့ မိသားစုမှာတော့ သားသမီးရရှိထားမှု များနေတာ အရင် ကတည်းကနေ – အခုလက်ရှိ အချိန်ကာလအထိ မပြောင်လဲပါဘူး။
ဗျူး ကာတွန်းထဲတစ်ခုကို ပြန်ရေးပြရရင် – ခင်ဗျား အလုပ်အကိုင်မရှိဘဲ ဘာလို့ ကလေးတွေ အများကြီးယူထားရတာလဲ လို့ အ မေးခံရတဲ့အခါ ၊ အဖြေက – “အလုပ်မရှိလို့ ပါဆို ” ။
ဟုတ်တော့ ဟုတ်သလိုလိုရှိသားပဲ။
အလုပ်ကျိုးစားပြီး ချမ်းသာတဲ့ နိုင်ငံတွေမှာ အခု သားသမီး မွေးဖွားနှုန်း လျော့ကျနေလို့  – နိုင်ငံ့ခေါင်းဆောင်တွေ အကျပ်ရိုက်နေပါပြီ။ (ဘာမှမလုပ်ဘဲ ချမ်းသာနေတဲ့နိုင်ငံတွေကို မပါဝင်ပါ။)
တောင်ကိုးရီးယားနိုင်ငံသည် ကမ္ဘာာပေါ်မှာ ကလေး မွေးဖွားမှု အနည်းဆုံး နံပါတ် ၄ နေရာကိုရောက်ရှိနေပြီလို့  2010 နှစ်ဆန်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ တောင်ကိုးရီးယားရှိ အသက် 15 နှစ်မှ 29 နှစ်အတွင်း အမျိုးသမီးတစ်ယာက်ချင်းရဲ့ ပျမ်းမျှ ကလေးမွေးဖွားနှုန်းက 1.19 ပဲရှိပါတယ်။ တောင်ကိုးရီးယား ၇ဲ့ နောက်နားမှာ ကပ်နေတာ၊ ယူကရိန်း 1.14 ၊ Slovakia နိုင်ငံ 1.14 ၊ ဟောင်ကောင် 0.14 တို့ ဖြစ်ပါတယ်။ ဒီတော့ တခြားနိုင်ငံတွေမှာ ပျမ်းမျှရှိပါသလဲ။ ကမ္ဘာနိုင်ငံ အတော်များများမှာ ပျမ်းမျှအားဖြင့် 2.56 ရှိပါတယ်လို့ UN မှာ စာရင်းပြူစုထားပါတယ်။
ဒါလို မွေးဖွားမှုနှုန်း လျော့နေည်းနေတာ- မွေးကင်းစ ကလေးငယ်တွေကို ကျန်မာရေး စောင့်ရှောက်မှုလျော့နည်းလို့ လား-
တောင်ကိုးရီးယားမှာ Infant Mortality Rate ( မွေဖွားပြီး အချိန်မှ 1 နှစ်အရွယ်အတွင်း ကလေး သေဆုံးမှုနှုန်း) သည် ကလေး 1000 မှာ 3 ယောက်ပဲ ရှိပါတယ်။ ကျန်မာရေး စောင့်ရှောက်မှုနှန်း အတော်ကောင်းပါတယ်။ တောင်ကိုးရီယားထက် ကလေးငယ် သေဆုံးမှုနည်းပါးတာ – ဂျပန်၊ နော်ဝေ၊ ဆွီဒင်နဲ့  စင်္ကာပူနိုင်ငံတွေပါ။ ဒီလို မွေးဖွားပြီး ကလေးငယ်သေဆုံးမှု နည်းပါးတဲ့ နိုင်ငံတွေမှာထူးခြားစွာ ကလေး မွေးဖွားမှုနှုန်းက အရမ်းနည်းနေပါတယ်။ မွေးသမျှ ကောင်းမွန်စွာ အသက်ရှင် ကြီးထွားပေမယ့် မိဘတွေကိုယ်တိုင်က ကလေး မွေးဖွားဖို့ တွန့် ဆုတ်နေတာ အဓိက အကြောင်းရင်းပါ။
Continue reading သားသမီး ရတနာ
အချိန်နှင့် အလုပ်လုပ်ပါ
သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။ ခန္ဓကိုယ်၏ ‘သက်စောင့်ရည်’ များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။
ထို့ကြောင့် ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်
Continue reading အချိန်နှင့် အလုပ်လုပ်ပါ
သင်ဘာကို ရွေးမလဲ
စိတ်ဝင်စားစရာကောင်းတဲ့ အမေး၊ အဖြေလေး တစ်ခုဖတ်မိပါတယ်။ သင်လည်း ကျိုးစား ဖြေကြည့်ပါ။
“လေပြင်းမုန်တိုင်းကျတဲ့ ညတစ်ညမှာ သင်ဟာ ကားမောင်းလာတယ် ဆိုပါစို့။
ကားမှတ်တိုင် တစ်ခုကို ဖြတ်တဲ့ အချိန်မှာ မှတ်တိုင်မှာ လူသုံးယောက်စောင့်နေတာကို သင်တွေ့လိုက်မယ်။
တစ်ယောက်က အလွန်သနား စရာကောင်းတဲ့ လူမမာ အဘိုးအိုတစ်ဦး၊
နောက်တစ်ယောက် က သင့်အသက်ကို ကယ်ခဲ့ဖူးတဲ့၊ သင်အရမ်း ကျေးဇူးဆပ်ချင်နေတဲ့ ဆရာဝန်တစ်ဦး၊ နောက်ဆုံးတစ်ယောက်က သင်အိပ်မက် မက်တိုင်း မြင်မက်တတ်တဲ့၊ သင်ရင်ကိုခုန်စေတဲ့ အိပ်မက်ထဲက ချစ်သူ။
သင်ကားဟာ လူတစ်ယောက်ပဲ ဆန့်တဲ့အတွက် တစ်ယောက်ကိုပဲ သင်ရွေးရလိမ့်မယ်။
ဘယ်တစ်ယောက်ကို သင်ရွေးမလဲ..”
လူမမာ အဘိုးအိုကို အရင်ကယ်မှာလား
ကိုယ့်အသက်ကို ကယ်ခဲ့ဖူးတဲ့ ဆရာဝန်ကို ကျေးဇူးဆပ်တဲ့အနေနဲ့  တင်ခေါ်သွားမှာလား။
ကျေးဇူးကနောက်ကြုံရင် ဆပ်လို့ရသေးတယ် ကိုယ်ချစ်တဲ့လူနဲ့ ထပ်ဆုံဖို့ အခွင့်အရေးက ဒီတစ်ခါပဲရှိတာမို့ ဒီအခွင့်အရေးကို လက်လွှတ် မခံဘဲ သူ့ကိုတင်ခေါ်သွားမှာလား။
.
?
.
?
.
?
.
“ကားသော့ကို ဆရာဝန်ကို ပေးလိုက်ပြီး အဘိုးအိုကို တင်သွားခိုင်းမယ်။ ကျွန်တော် ကတော့ ကိုယ်ချစ်တဲ့လူနဲ့ မှတ်တိုင်မှာ ကားစောင့်ရင်းနေခဲ့မယ်” ဆိုတဲ့ အဖြေကတော့ အားလုံးသော အခြေအနေကို ပြေလည်စေတာပေါ့။
တခါတရံ ဒီလိုမျိုး ဘေးကျပ်နံကျပ် အခြေအနေမျိုးတွေ ကြုံတွေ့ ရတတ်တယ်။
မိမိရဲ့  အတ္တ၊ မာန၊ မာန်၊ ခေါင်းမာမှု တွေကို လက်လွှတ် တတ်ခဲ့မယ်ဆိုရင်- အားလုံးသော အခြေအနေကို ပြေလည်စေပြီး၊ လူများစွာပျော်ရွှင်စေရတာပေါ့။
သင့်အလှည့်မှာ သင်ဘာရွေးမလဲ ဆိုတာ – သင့်ရဲ့  .  .  .
email မှ ရသော စာတစ်ပုဒ်ကို အနည်းငယ် ပြင်ဆင်၍ ရေးသားထားပါသည်။
မာသာထရီဆာ၏ ကဗျာ
နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။
ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ
သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ
သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။
လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ
သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ
သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ
သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ
လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ
နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။        ။
ခွင့်လွှတ်ချင်းများနဲ့ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ
သင်တို့၏မိတ်ဆွေများကိုလည်းဖြန့်ဝေပေးစေချင်ပါတယ်။      ။
ပျော်ရွှင်ခြင်းကို ရှာဖွေခြင်း
လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲ နာကျင်မွန်းကျပ်နေတယ်။
ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်”
“အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ”
“ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်”
အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ်
“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”
“လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလဟသမသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက် ပေးဆပ်မယ့်ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်”
လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။
“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”
“ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်”
မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။
“ဘယ်သွားမလို့လဲ.. ကောင်လေး”
“ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?”
“ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျိတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်”
လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်ခဲ့တယ်
e-mailဖြင့်ပို့ ပေးသော ပိုးလေးကို ကျေးဇူးတင်လျှက်-
ရှေးရေစက်
ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ ချစ်ကြိုက်လာကြတာ ချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါမှာ လက်ထပ်ကြတော့မယ်ဆိုပြီးမင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်။
ကောင်းလေးကတော့ ပျော်ရွှင်စရာကောင်းမယ့် သူတို့ရဲ့မင်္ဂလာရက်လေးကို စိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့။
ဒါပေမယ့် အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့ မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေးကတခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲ လက်ထပ်သွားတယ်ဆိုတဲ့သတင်းကိုကောင်လေးကြားလိုက်ရတယ်။
သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့သိလိုက်ရတယ်။
အဲ့သတင်းကိုကြားတာနဲ့ကောင်လေးလည်းအရမ်းအံ့သြပြီး၊ အရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်။
မကြာခင်မှာပဲကောင်လေးလည်းစိတ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်။
အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်။
ဆရာဝန်ပြလည်းမသက်သာတော့ဘူး။
တနေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့ အိမ်ရှေ့မှာရပ်ပြီး တံခါးခေါက်လိုက်တယ်။
အိမ်ဖော်ကောင်မလေးလည်း တံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့  ဘုန်းတော်ကြီးအိုတစ်ပါးကို တွေ့တာနဲ့စိတ်ရှုပ်စွာနဲ့ “ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ်။
ဘုန်းတော်ကြီးကပြုံးပြီးတော့…..
“ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ ကိုယ်တော်ကလည်း ဆေးနည်းနည်း ကုတတ်တော့ လာကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်။
အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့ သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့ အကြောင်းပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်။
ဘုန်းတော်ကြီး အိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့ အရိုးပေါ်အရေတင်ပိန်လှီစွာနဲ့ နွမ်းနယ် နုန်းချိစွာ လဲလျောင်းနေတဲ့ လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်။ အိမ်ဖော်မိန်းကလေးလည်း ဘုန်းတော်ကြီးအတွက် သောက်တော်ရေတခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်။
ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့ ” တော်တော်အခြေအနေဆိုးနေတာပဲ ” လို့ရေရွတ်လိုက်တယ်။ လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြား သလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်။ ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့…
” ဒကာလေးကတော်တော်သနားစရာကောင်းတယ်….မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ”  လို့မိန့်တော်မူပြီး ကောင်လေးအိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်။
ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲ ငေးငေးငိုင်ငိုင်နေနေရာကနေ တစ်ချက်မှန်ထဲကို ကြည့်လိုက်တယ်ဆိုရင်ပဲ။ မှန်ထဲမှာ သူ့ချစ်သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ကောင်မလေး ပုံရိပ်ကေ၀၀ါး ပျောက်ကွယ်သွားပြီး ပင်လယ်ကမ်းခြေတခု ပုံပြောင်းလဲသွားတယ်။ အဲ့ပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီးလူအသွားအလာမရှိဘူး။
လူမမာကောင်လေးကမှန်ထဲ ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ မိန်းကလေးအလောင်းတစ်လောင်းဟာ လဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာကိုမြင်လိုက်ရတယ်။ ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်။ သူကအလောင်းကိုရွံရှာစွာကြည့်ပြီး လျင်မြန်စွာဖြတ်လျှောက်သွားတယ်။
အချိန်အတော်လေးကြာတော့နောက် လူတစ်ယောက်ဖြတ်လျှောက်လာပြီး အဲ့ကောင်မလေးအလောင်းကို တွေ့သွားပြန်တယ်။ ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်။
အဲ့လိုနဲ့နောက်ထပ် အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်။ ဒီလူကအပေါ်ရုံခြုံထားပြီး လဲလျောင်းနေတဲ့ပုံစံကိုစိတ်ဝင်စားပြီးခြုံထည်ကို လှန်ကြည့်တော့ မိန်းကလေးအလောင်းကိုတွေ့သွားပြီး အရမ်း သနားစိတ်ဝင်လာကာ မြေမြုပ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး။ နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ်။
လူရွယ်ဟာ သူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီး တဖြေးဖြေးချင်းတူးလာလိုက်တာ ညနေစောင်းအချိန်မှာ မိန်းကလေး
အလောင်းကိုမြုပ်ဖို့လုံလောက်တဲ့ ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်။
အဲ့လူလည်း မိန်းကလေးအလောင်းကိုကောင်းမွန်စွာ မြုပ်နှံပေးခဲ့ပြီးခရီးဆက်ထွက်ခွာသွားတယ်။
အဲ့ဒီနောက်မှာ မှန်ထဲမှာမိန်းကလေးအလောင်းရဲ့ မျက်နှာပုံပြန်ပေါ်လာပြီးအဲ့မျက်နှာကနေ သူ့ချစ်သူကောင်မလေးရဲ့  မျက်နှာကိုပြောင်းသွားခဲ့တယ်။
“ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်။ အဲ့မိန်းကလေး အလောင်းကဒကာလေးရဲ့  ချစ်သူမိန်းကလေး ဖြစ်တယ်။
ဘ၀တစ်ခုမှာ သူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ ကုသိုလ်ကံရေစက်ကြောင့်အဲ့ဒီလူငယ်ဟာဒီဘ၀မှာ ကောင်မလေးနဲ့ လက်ထပ် ပေါင်းသင်းခွင့်ရခဲ့တယ်။
ဒကာလေးကတော့ သူမရဲ့အလောင်းကို အပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့်ဒီဘ၀မှာသူမနဲ့
သုံးနှစ်တာ ချစ်ခင်ခွင့်ရခဲ့တယ်။ ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်”
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်းအမြင်မှန်ရပြီးနားလည်သဘောပေါက်သွားခဲ့တယ်။ နောက်ပိုင်းမှာကောင်လေးလည်း ပြန်လည်ကျန်းမာလာပြီးလောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်။
ပုံပြင်လေးကတော့ဒီလောက်ပါပဲ..
ဆိုလိုချင်တာကတော့ ကျွန်မတို့လူသားတွေအချင်းချင်းဒီဘ၀မှာ အဖေ၊ အမေ၊ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူ၊ရန်သူ အဖြစ်နဲ့တွေ့ဆုံတော်စပ် ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး။ ဘ၀တစ်ခုခုက ပြုခဲ့တဲ့ရေစက်ကံကြောင့်သာ ဤမျှများပြားလှသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။
အဲ့လိုပဲ ရေစက်ကုန်ချိန်ရောက်ရင် ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ ဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ခွဲခွာကြရမှာပါ။ အဲ့ဒါကြောင့် ခုမခွဲခွာရခင်အချိန်လေး မှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့ သူတွေအပေါ်မှာ တတ်နိုင်သလောက်  စိတ်ချမ်းသာမှုတွေ။ မေတ္တာတွေ ပေးနိုင်သလောက် ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းဘယ်သူကမှ ဘယ်သူ့ကိုဘယ်အချိန်မှာရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို
မသိနိုင်ကြလို့ပဲဖြစ်ပါတယ်။
ဒီဘ၀မှာခင်မင်ခွင့်ရသောသူငယ်ချင်းများအားလုံးအတွက်အမှတ်တရ…….
email မှရထားသော ပုံပြင်လေးတစ်ပုဒ်ပါ။
မူရင်းပိုင်ရှင်နှင့်အတူ မျှဝေပေးသူများကို ကျေးဇူးတင်လျှက်