Category Archives: အက်ဆေးများ
အကောင်းဆုံးကျောင်း (ဘာသာပြန် ၀တ္ထုတို)
မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ၀န်းရံလာတယ်။
Continue reading အကောင်းဆုံးကျောင်း (ဘာသာပြန် ၀တ္ထုတို)
အနိုင်လိုချင်လား
ကျွန်တော် ဒီတစ်ပါတ်လုံး ကွန်ပျုတာအနဲ့  chess ထိုးနေခဲ့တယ်။
ပထမ Level 1, 2,3,4 အထိ ကျွန်တော် နိုင်လာခဲ့တယ်။
Level 5 ရောက်တဲ့အခါ ကျွန်တော် စတင်ရှုံးလာခဲ့တယ်။
မနေ့ ညက တညလုံး အနိုင်ရအောင် ကျွန်တော် ကစားတယ်။ လူသာပင်ပန်းနွယ်နယ်ပြီး ပျော့ခွေသွားတယ် ကျွန်တော် မနိုင်ခဲ့ပါဘူး။
ဒီ Chess ကစားပွဲမှာ ကျွန်တော် ဘာကြောင့် မနိုင်တာလဲ –
Chess ကစားပွဲကို လေ့လာကြည့်ရအောင် –
Chess ကစားတဲ့အခါ ထူးခြားအံသြဖွယ်ကောင်းတဲ့ ကံတရား ဆိုတာ မရှိပါဘူး။
၂ ဖက်စလုံး တန်းတူ အခွင့်အရေး ရပါတယ်။
ဒီလောက် သန့် ရှင်းတဲ့ ကစားပွဲမှာ
ကျွန်တော် ဘာကြောင့်မနိုင်တာလဲ –
ကျွန်တော် ညံ့လို့ ပေါ့ ဆိုပြီး -ဒီမှာ ရပ်ထားလို့ မရပါဘူး။
ဒါ အပြစ်တင်ခြင်းသက်သက်ဖြစ်ပါတယ်။
ထိရောက်တဲ့ သုံးသပ်ချက်မဟုတ်ပါဘူး။
အရှုံးကနေ အနိုင်ရအောင် ဘယ်လို လုပ်ရမလဲ။
Continue reading အနိုင်လိုချင်လား
ကြောက်စရာ အကောင်းဆုံးအရာ
ဘယ်အရာဟာ ကြောက်စရာအကောင်းဆုံးလဲ –
.
..
သေခြင်းတရားလား။
အမုန်းတရားလား။
ကြောက်စရာ အကောင်းဆုံးအရာကတော့ – ကိုယ့်လုပ်ခဲ့တဲ့ ကိုယ့်အမှားပါပဲ။
ကိုယ့်အမှားကြောင့် ကိုယ် နောင်တ ရနေတာ၊
ကိုယ့်အမှားကြောင့် ကိုယ် ငိုကြွေး နေရတာ၊
KoKTH
စလုံးရေ စ – အပိုင်း (၂)
အပိုင်း (၁) ကိုဖတ်လို လျှင်
ကျွန်တော် နေ၇မည့်နေရာက Condominium တစ်ခုပါ။ ၀င်းအတွင်းမှာက အဆောက်အဦးတွေအများကြီး။ ကျွန်တော်နဲ့  အတူနေမယ့်တဲ့သူတွေက –  ယုယုနဲ့  ၀င်းထက်အောင်။ ပြီးတော့ အင်ဒိုနီးရှားက ကျောင်းသား နှစ်ယောက်။
Taxi က ကျွန်တော်ပေးသော လိပ်စာမှာပါတဲ့ အဆောက်အဦးရှေ့ မှာ ရပ်ပေးထားခဲ့သည်။ အထုပ်တွေနဲ့ ကျွန်တော် ယောင်ချာချာဖြစ်နေပြန်ပြီ။ ကျွန်တော်မှာ ဆက်သွယ်စရာ ဖုန်းကမရှိ။ ဘေးနားမှာ မေးမြန်းစရာ တစ်ဦးတစ်ယောက်မှ မရှိ။ အထုပ်တွေကိုဆွဲ – ဟိုဒီသွားကြည့်ရင်းမှ အများသုံးတယ်လီဖုန်းကို တွေ့ လိုက်ရသည်။ လေဆိပ်မှာ ပိုက်ဆံလဲထားခဲ့၍ ကျွန်တော် အဆင်ပြေသွားခဲ့သည်။ ကျွန်တော်ကို လေဆိပ်မှာကတည်းက ပိုက်ဆံလဲခဲ့ဖို့ - လဲသည့်အခါ အကြွေပါလဲထားဖို့ ပြောထားသည့် ယုယု ကို ကျေးဇူးတင်လိုက်မိသည်။ အကြွေသာမပါခဲ့လျှင် -အများသုံးတယ်လီဖုန်းရှေ့ မှာ လာသမျှလူဆီက အကြွေလေးများပါလျှင် ပြား၂၀လောက်ပေးခဲ့ပါလို့  -ပြောရဦးမည်။ ဒါကြောင့် ဘ၀ တစ်ခုကို စတော့မယ်ဆို အစစ အရာရာ ပြင်ဆင်ထားပါမှ –
Continue reading စလုံးရေ စ – အပိုင်း (၂)
စလုံးရေ စ – အပိုင်း (၁)
လူ့ သက်တမ်းတစ်ခုမှာ ဘ၀တွေ အကြိမ်ကြိမ်စခဲ့ရပါတယ်။
ကလေး ဘ၀။ မူလတန်း -အထက်တန်း ကျောင်းသားဘ၀၊ တက္ကသိုလ်ကျောင်းသားဘ၀၊ အလုပ်သင်ဘ၀၊ အလုပ်သမားဘ၀ စသည်ဖြင့် ကျွန်တော်စခဲ့တဲ့ ဘ၀တွေ တစ်ခုမကတော့ပါဘူး။
အခုလည်း ဒီဘ၀တော့ အခြေကျပြီလို့ မှန်းဆ တည်ဆောက်ခဲ့ပြီးကာမှ -နောက်ထပ် ဘ၀တစ်ခုကို ထပ်စရတော့မယ်။
ကျွန်တော်တည်ဆောက်ထားတဲ့ လက်ရှိဘ၀လေးက ကျွန်တော်အတွက်တော့ အတော်လှတယ်။
ဒီမြေမှာမွေး၊ ဒီမြေမှာကြီး။ ဒီမင်း၊ ဒီလူ၊ ဒီဥပဒေတွေနဲ့ ဒီလက်ရှိဘ၀လေးကို ကျွန်တော်လှပအောင် အချိန်တွေ၊ ချွေးတွေ အများကြီးပေးပြီး တည်ဆောက်ခဲ့တယ်။
ဒီလိုနဲ့  -ကျွန်တော်မှာ အတိတ်ရှိခဲ့တယ်။ ကျွန်တော်မှာ သူငယ်ချင်းတွေရှိခဲ့တယ်။ ကျွန်တော့်မှာ အောင်မြင်မူရှိခဲ့တယ်။
လျှပ်စစ်မီးမရှိဘဲ ၅ နှစ်ကျော်နေလာခဲ့ပြီးပြီ။ ကျီးလန့် စာ စားပြီးနေလာခဲ့တာ ၁၀ စုနှစ် တစ်ခုမကတော့ဘူး။
အဆိုးရွားဆုံးက မသူတော်-လူယုတ်မာတွေပဲ ကြီးပွားချမ်းသာနေသည်။ သူတို့ က ကျွန်တော်တို့ ကို နိုင်ထက်စီးနင်း ခိုင်းစေ၊ပြောဆိုနေပြီ။
ကျွန်တော်သူ့ တို့ နဲ့ မနေချင်တာ သွေးသားထဲက ဆန္ဒ။ ဒီတော့ ကျွန်တော်မှာ ရွေးစရာ ၂ ခုပဲရှိတယ်။
ဒီပတ်ဝန်းကျင်ကို ပြောင်းမလား။ ကျွန်တော် ဘ၀ကို ပြောင်းမလား။
ကျွန်တော့်ဘ၀ ကို ပြောင်းရတော့မယ်။
ကျွန်တော် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အောင်မြင်မူတွေ ထားရစ်ခဲ့ရမယ်။
ဒိုးတူပေါင်ဖက် ကြီးပြင်းခဲ့ရတဲ့ သူငယ်ချင်းတွေကို စွန့် ခွာရတော့မယ်။
ကျွန်တော် လုပ်ဝံ့သလား။ ဒီမေးခွန်းကို ကျွန်တော်ကိုယ့်ကျွန်တော်မေးနေခဲ့တာ နှစ်အနည်းငယ်ကြာခဲ့တယ်။
ဒါတွေကို ရပ်တန့် ဖို့  ကျွန်တော်မှာ သတ္တိရှိလား။
ကျွန်တော်ကို တွန်းအားတွေ အများကြီးပေးလာခဲ့တယ်။
ကိုယ့်လူမျိုးကိုးကွယ်တဲ့ ကိုယ့်သံဃာကို ကိုယ်လူမျိုးကပဲ ပြန်သတ်တာ။
လူမိုက်တွေ လွှမ်းမိုးပြီး။ဆရာကောင်း၊သမားကောင်းတွေ ကျွန်တော့်ပတ်ဝန်းကျင်ကနေ ပျောက်ကွယ်သွားတာ – ဒါတွေက တွန်းအားတွေပဲ။
ကျွန်တော်ကို သတ္တိတွေပေးခဲ့တာ – သူငယ်ချင်းတွေ။ သူတို့ တွေက မင်းဘ၀ကို အသစ်ပြန်စတဲ့။
အားလုံး၊ အားလုံး ကို ထားခဲ့ပြီး – ဘ၀ကို စလုံးရေ စရတော့မယ်။
ကျွန်တော် ရန်ကုန်က ထွက်ခွာခဲ့တဲ့  ညနေကမိုးလေးဖွဲဖွဲရွာနေတယ်။
ကျွန်တော် ဦးတည်ခဲ့တာ မလေးရှား။
ကျွန်တော် စီးခဲ့တဲ့ လေယာဉ်ပျံထဲမှာ မြန်မာတွေချည်းပဲ။ သြော် သူတို့ လဲ ကျွန်တော့်လို ဘ၀ အဟောင်းကို ထားပြီး ဘ၀ အသစ်ကို စတော့မယ့် သူတွေပါလား။
ကျွန်တော်တို့ တွေ ရင်တွေခုန်နေတာ လေယာဉ်အင်ဂျင်စက်နဲ့ အလားပါပဲ။
ကျွန်တော် ဘေးနားက မြန်မာတစ်ယောက်ဆို -ရင်ခုန်နေလွန်းလို့ ဘဲလား -မသိဘူး။
လေယာဉ်မယ်လာချပေးတဲ့ ကော်ဖီကို ဘယ်လို သောက်ရမှန်းမသိဘူး။  နို့ ခွက်။ သကြားထုပ်၊ ကော်ဖီခွက် ဒါတွေအားလုံးဟာ သူအတွက် ပထမဆုံး စိမ်ခေါ်မှုပေပဲလား။
ကျွန်တော်ကို ကြည့်နေတယ်။ ကျွန်တော် သူ့ ကို အသေအချာ ကော်ဖီဖျော်ပေးလိုက်ပါတယ်။
နောက်မှ သူဘယ်ကလဲလို့ မေးတော့- မကွေးတိုင်းက ရွာတစ်ရွာကတဲ့။ ကျွန်တော် အံသြသွားခဲ့တယ်။
ဒီလူ ဒီကော်ဖီကိုတောင် ဘယ်လိုဖျော်သောက်ရမှန်းမသိတာ။ တိုင်းတပါးမှာ သူများဘာသာစကားကြားမှာ သူဘယ်လို ရပ်တည်မလဲ။
ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုပြီး သူ့ ဘ၀ ကို သူစတင်ခဲ့ပြီ။
သူတို့ ကျွန်တော်တို့ ကျော်ဖြတ်ရမယ့် ခရီးအရှည်ကြီးရှိသေးတယ်။ အခုမှ စလုံးစခါစ ရှိပါသေးလား။
လေယာဉ်ပျံကြီး မြေပေါ်မဆင်းခင် ခပ်နိမ့်နိမ့်ပျံနေတော့ – ညအမှောင်အောက် တိုင်းတပါးရဲ့ ညရှုခင်းကို ကျွန်တော် မြန်မာတွေအားလုံး ပြတင်ပေါက်ကနေ ကြည့်မိတဲ့အခါ – အားလုံးသော မြန်မာတွေ တစ်သံတည်း ရေရွက်မိခဲ့တယ် – “မီးတွေထိန် နေတာပဲ” တဲ့။ ဟုတ်ပါ့ဗျာ KL မြို့ ကြီးက လျှပ်စစ်မီးတွေထိန်နေတာပဲ။
ဒီလို လျှပ်စစ်မီးတွေ ထိန်နေတဲ့ မြို့ မှာ ဘ၀ ကို စလုံးရေစဖို့ - ကျွန်တော်အထုပ်ဆွဲပြီး လေယာဉ်ပျံပေါ်က ဆင်းခဲ့တယ်။
ကျွန်တော်အတွက် စိမ်ခေါ်မှုက အခုကစတာပါပဲ။
လေယာဉ်ပျံကွင်းက အကျယ်ကြီးဗျာ။ လူတွေကလည်း အများကြီး။ ကျွန်တော် ဘယ်သွားရမှန်းမသိဘူး။
ကျွန်တော် ဟိုဖက်သွားလိုက် ။ဒီဖက်သွားလိုက်နဲ့ အေးစိမ့်နေတဲ့ လေယာဉ်ကွင်းမှာ ချွေးပြန်လာခဲ့ပြီ။
ကျွန်တော်ကံကောင်းပါသည်။ ကျွန်တော်ကို ပထမဆုံးကူညီခဲ့တဲ့သူက လေယာဉ်ပျံပေါ်မှာ ကျွန်တော် ဘေးမှာထိုင်ခဲ့တဲ့ နိုင်ငံခြားသားတစ်ယောက်ပါပဲ။
ကျွန်တော့်ကို Immigration နေရာ ပြပေးတယ်။ ကျွန်တော် Immigration Officer နဲ့ တွေ့ နေစဉ် – ခပ်လှမ်းလှမ်းမှာ စောင့်နေပေးတယ်။
ကျွန်တော့်ကို လေဆိပ် ကားငှားပေးတဲ့ နေရာကို လိုက်ပို့ ပေးတယ်။ ကျွန်တော် သူ့ ကို အရမ်းကျေးဇူးတင်ပါသည်။
လေဆိပ်မှာ ကားငှားရတာ အလွန်အဆင်ပြေပါသည်။ ကျွန်တော်သွားမယ့်လိပ်စာကို ပြလိုက်သည်။
သူတို့ က ကားစီစဉ်ပေးသည်။ သူတို့ ကို ကားခ ပိုက်ဆံပေးရသည်။
လေဆိပ်ကနေ ကျွန်တော်သွားမယ့်နေရာကို တော်တော် သွားရသည်။
Taxi ကားက လည်းကောင်းပါ့။ ရန်ကုန်က ကိုယ်ပိုင်ကားထက် ၁၀ဆ သာသည်။ အမွှေးရနံ့ ကောင်းသည်။ Air Con အေးသည်။ ကူရှင်ကောင်းသည်။
ကားခကတော့ မြန်မာငွေနဲ့ တွက်ကြည့်ရင် 25000 ကျပ်လောက်ကုန်သွားသည်။
ကျွန်တော့်ဘ၀ ကို ဒီည၊ ဒီနေရာကနေ စလုံးရေ စခဲ့ပါပြီ။
http://clementi320.wordpress.com/2010/05/29/begin_a_new_life-1/
“ကံဆိုးသူမောင်ရှင်”
“ကံဆိုးသူမောင်ရှင်” ဟူသည့် ဝေါဟာရကို မြန်မာစကားတွင် မကြာခဏ သုံးစွဲကြသည်ကို တွေ့ရသည်။
ဤဝေါဟာရသည် ရေငန်ပိုင်ရှင် ဦးရှင်ကြီး(မောင်ရှင်)၏ ဘဝဇာတ်လမ်းက ဆင်းသက်လာသည်ဟု ယူဆဖွယ်ရှိသည်။ ဇာတ်လမ်းကို လိုသလောက်သာ အတိုချုံးပြောရသော် မိန်းမလှကျွန်းတွင် သွားရောက်ကာ ထင်းခုတ်ကြသော မောင်ရှင်တို့၏ လှေကို ထိုကျွန်းတွင်ရှိသော နတ်သမီးကလေးများက မောင်ရှင်၏ စောင်းသံ၌ သာယာငြိတွယ်သွားမိသည့်အလျောက် အပြန်ခရီးတွင် လှေမထွက်နိုင်အောင် ဆွဲထားကြသည်ဆို၏။ ထိုအခါ လှေသူကြီးက မည်သူ၏ ကံဆိုးမိုးမှောင်ကျမှုကြောင့် လှေမထွက်နိုင်ရသနည်းဟု မဲချရှာဖွေလိုက်သောအခါ ကံဆိုးသူမှာ မောင်ရှင်ဖြစ်နေသည်။ ထို့ကြောင့် လှေသားများသည် မောင်ရှင်ကို ရေတွင် ချရစ်ကာ လှေထွက်သွားကြသည်။ ဇာတ်လမ်းအဆုံးတွင် နတ်သမီးလေးများက မောင်ရှင်အား ပွေ့ယူကာ ကျွန်းပေါ်သို့ ခေါ်ဆောင်သွားကြသည့်အတွက် မောင်ရှင်သည် အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု အဆိုရှိသည်။ (ဤ အတ္ထုပ္ပတ္တိ အကျဉ်းအတွက် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော မောင်သန်းဆွေ(ထားဝယ်)၏ “ပြည်လှဖေနှင့်စောင်းတော်ရှင်” ဆောင်းပါးကို ကိုးကားပါသည်။)
ကံဆိုးသူမောင်ရှင်ဆိုသော စကားအတိုင်း ကံဆိုးသဖြင့် ရေတွင် အချခံရဖို့ (ရေထဲပစ်ချခံရဖို့) မဲကျသည်။ သို့သော် အရှင်လတ်လတ် နတ်ဖြစ်သွားခြင်း၊ နတ်သမီးတွေအကြားတွင် “မချောတသိုက်နှင့်ကိုယ်တယောက်” ဖြစ်ခွင့်ရခြင်းတို့ကို ထောက်သော် အမှန်တကယ် ကံဆိုးသည်လော၊ ကံထူးသည်လော ပြောရတော့ခက်သည်။
ရှိစေတော့။ ဤဆောင်းပါးတွင် ဆွေးနွေးလိုသောအချက်မှာ လူအများအကျိုးအတွက် တစုံတယောက်၏ အသက်အား စတေးသည့် (ယဇ်ပူဇော်သည့်) အချက်ကို ဖြစ်သည်။ မောင်ရှင်၏ အဖြစ်မှာ ကံဆိုးမိုးမှောင်ကျကာ မဲပေါက်သဖြင့် ရေချခံရသည်။ ထို့အတွက် သူ့သဘောနှင့်သူ လိုလိုလားလား ဗော်လံတီယာ(volunteer)လုပ်ကာ ရေချခံသည်ဟု မဆိုနိုင်။ အများအကျိုးအတွက် မောင်ရှင်၏ အသက်အား သူ့ဆန္ဒ မပါဘဲ အတင်းစွန့်ခိုင်းသည်ဆိုလျှင် ထိုလုပ်ရပ်သည် တရားမျှတသောလုပ်ရပ် မဖြစ်နိုင် ။ အဘယ်ကြောင့်ဆိုသော် ကျန်သူများကဲ့သို့ တန်းတူညီမျှ အသက်ရှင်ပိုင်ခွင့်ကို မောင်ရှင်တယောက် မခံစားရတော့သောကြောင့်ဖြစ်သည်။ ဤနေရာတွင် မဲမနှိုက်ဘဲ လှေသူကြီးက အာဏာသုံးကာ မောင်ရှင်အား ရွေးချယ်လိုက်လျှင် ဤလုပ်ရပ်သည် ပိုဆိုးပေသည်။
အလားတူပင် မောင်ရှင်၏ ဇာတ်လမ်းနှင့် ဆင်ဆင်တူသော ဖြစ်ရပ်မျိုးများလည်း လူ့သမိုင်းတွင် ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ဖူးလေသည်။ ရှေးအခါက ကြီးမားသော ရောဂါ ကပ်ဆိုးကြီးများ၊ အစာရေစာ ငတ်မှုခေါင်းပါးမှုကြီးများ ကျရောက်လာသောအခါ (သို့မဟုတ်) ငလျှင်၊ မီးတောင်၊ မုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့လာသောအခါ ထိုဘေးအန္တရာယ်တို့ ဖြစ်ပွားရသည့် အကြောင်းရင်းကို လူသားတို့ ကောင်းမွန်စွာ သဘောမပေါက်နိုင်ကြသေးသည့်အလျောက် နတ်ဘုရားတို့၏ အမျက်ဒေါသကြောင့်ဖြစ်ရသည်ဟုသာ ကောက်ချက်ဆွဲကြသည်။ ထိုအခါမျိုးတွင် နတ်ဘုရားတို့၏ အမျက်ဒေါသ ပြေရာပြေကြောင်းအတွက် လူအချို့၏ အသက်အား သတ်ဖြတ်ကာ ယဇ်ပူဇော်ပသသည့် လုပ်ရပ်များကိုပြုလုပ်ခဲ့ကြကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။
ယနေ့ အသိပညာနှင့် သိပ္ပံပညာထွန်းကားလာသော ခေတ်တွင် ထိုဘေးအန္တရာယ်အသွယ်သွယ်တို့ ဖြစ်ပွားရသော အကြောင်းရင်းခံကို သေချာကျနစွာ သိလာကြပြီးသည့်နောက်ကား ထိုသို့ အဓိပ္ပါယ်မရှိသော ယဇ်ပူဇော်ပသမှုမျိုးမှာ ကမ္ဘာ့နေရာတော်တော်များများ၌ တိမ်ကောသွားလေသည်။
သို့သော် ထိုသို့ ယဇ်ပူဇော်သည့် အယူအဆသည် လုံးဝ ပပျောက်သွားသည်ကား မဟုတ်ချေ။ အချို့နေရာများတွင်ကျင့်သုံးဆဲဖြစ်ပြီး အချို့နေရာများတွင်မူ အခြားအသွင်တမျိုးအနေဖြင့် ပြန်လည် ပေါ်ပေါက်လာသည်။
“လူ့အဖွဲ့အစည်းအကျိုးအတွက်၊ လူအများအကျိုးအတွက် လူတယောက်၏ ရပိုင်ခွင့် အခွင့်အရေးကို စတေးရမည်” ဆိုသည့် မှားယွင်းသော အယူအဆတရပ်သည်လည်း အရှေ့တောင်အာရှနိုင်ငံအချို့တွင် အမြစ်တွယ်လာသည်ကို တွေ့ရသည်။
ဤနေရာတွင် စတေးခြင်း (သို့မဟုတ်) ပေးဆပ်ခြင်း (သို့မဟုတ်) စွန့်လွှတ်ခြင်း အကြောင်းကို ရှေးဦးစွာ ရှင်းလင်းရန်လိုအပ်သည်။ လူတယောက်သည် အများအကျိုးအတွက် မိမိအကျိုးကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်း၊ စတေးခြင်းဖြစ်ပါက ထိုလုပ်ရပ်သည် အင်မတန် မွန်မြတ်သည့်အလုပ်ဖြစ်သည်။ သူတော်စင်၊ သူတော်ကောင်းများ၏ ကျင့်စဉ်ဖြစ်သည်။ ထိုလုပ်ရပ်မျိုးကို ချီးကျူးထိုက်သည်။ ကျေးဇူးတင်ထိုက်သည်။
သို့သော် အများအကျိုးအတွက်ခေါင်းစဉ်တပ်ကာ တစုံတယောက်ကို ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ အခြားသူများက ဖိအားပေး၍ စွန့်လွှတ်ခိုင်းခြင်းဖြစ်ပါက ထိုအပြုအမူသည် တရားမျှတမှုမရှိသော၊ အကျည်းတန်သော၊ ချုပ်ခြယ်ကန့်သတ်သော၊ အင်အားသုံးအနိုင်ကျင့်သည့် အဓမ္မလုပ်ရပ်သာလျှင် ဖြစ်သည်။ ယဇ်ပူဇော်သော လုပ်ရပ်နှင့် ဘာမျှမခြားတော့ချေ။ ထိုလုပ်ရပ်မျိုးကို ရှုတ်ချထိုက်သည်။ ဆန့်ကျင်ကန့်ကွက်ထိုက်သည်။
ဖြစ်သင့်သည်မှာ အများအကျိုးအတွက် အများစုဆန္ဒနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်ကြရမည်မှန်သော်လည်း တဖက်တွင် လူတဦးတယောက်ချင်း၏ အခြေခံ အခွင့်အရေးများ၊ လူနည်းစု၏ တူညီသော အခြေခံရပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်ရမည်။ လူတယောက်၏ အခွင့်အရေးအား ချိုးဖောက်ခံနေရသည်ကို မြင်လျှင် မိမိနှင့် မဆိုင်သလို မနေသင့်။ လူအများစုက ဝင်ရောက် ခုခံ ကာကွယ်ပေးရမည်ဖြစ်သည်။ မိမိနှင့် မဆိုင်သလို ငြိမ်နေလိုက်ပါက တချိန်တွင် မိမိသည်လည်း ကံဆိုးသူမောင်ရှင် ဖြစ်လာနိုင်သောကြောင့်ပင်ဖြစ်သည်။
ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ စာအုပ်ထဲတွင် တနေရာ၌ သူတို့၏ ထောင်တွင်းအစာငတ်ခံတိုက်ပွဲအကြောင်းကို ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုဗလကြီးအား သံခြေကျဉ်းခတ်သဖြင့် သူတို့ တတိုက်လုံး (တိုက်-၃)က အစာငတ်ခံ ဆန္ဒပြကြသည်။
ဦးဝင်းတင်ကို ခေါင်းစွပ်(မျက်နှာဖုံးသော ခေါင်းစွပ်)ကို စွပ်ပြီး ထောင်စစ်ကြောရေးအခန်းကို ခေါ်သွားသည်။
ထိုအခန်းတွင် ဦးဝင်းတင်ကို တွဲဖက်ထောင်ပိုင် ဦးလူလှက စစ်မေးသည်။ ဦးဝင်းတင် အရေးအသားမူရင်းအတိုင်း ကောက်နှုတ်ဖော်ပြရလျှင်…
…ဦးလူလှက ကရင်လူမျိုး။ စကားပြောငြင်သာတယ်။ မေးခွန်းမျိုးစုံမေးတယ်။ ချောက်လုံးချော့လုံးတွေ အများကြီးပြောတယ်။
“ သူ့သံခြေကျဉ်းနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
နောင်ကျရင် သူ့သံခြေကျဉ်းက ကျုပ်ခြေထောက်ကို လာစွပ်မှာပေါ့ဗျ
ဦးလူလှက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။…..
ဦးဝင်းတင်၏ အယူအဆမှာ အင်မတန် မှန်ကန်လှပေသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသား၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးခြင်းသည် အခြားနိုင်ငံရေးအကျဉ်းသားအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပေသည်။ အကယ်၍သာ မဆိုင်သလိုငြိမ်နေလိုက်ကြပါက တချိန်တွင် ထိုသံခြေကျဉ်းသည် မည်သည့်နိုင်ငံရေးအကျဉ်းသား၏ ခြေထောက်ကိုမဆို လာစွပ်နိုင်ပေသည်။
ထိုသို့ ကိုယ်နှင့်မဆိုင်သလို မနေသင့်ပုံနှင့် ပတ်သက်၍ ဂျာမန်သင်းအုပ်ဘုန်းတော်ကြီး Martin Niemöller ရေးသားခဲ့သော ကဗျာတပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ Martin Niemöller သည် နာဇီတို့၏ ဖမ်းဆီးမှုကို ခံရပြီး အကျဉ်းစခန်းတွင် ၁၉၃၇ မှ ၁၉၄၅ အထိ အဖမ်းဆီးခံခဲ့ရသူဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက နာဇီများအာဏာရလာပြီးနောက် သူတို့နှင့် အမြင်မတူသူများကို တဖွဲ့ပြီးတဖွဲ့ စတင် ပစ်မှတ်ထားကာ ချေမှုန်းလာသောအခါ ဂျာမဏီရှိ ပညာတတ်အများစုက ထိုကိစ္စအပေါ် လုပ်သင့်လုပ်ထိုက်သည့်အတိုင်း ဘာတခုမှ ထိထိရောက်ရောက် မလုပ်ဆောင်ကြပုံကို ရည်ညွှန်းရေးဖွဲ့ခဲ့သည့် ကဗျာဟု အဆိုရှိပါသည်။
“THEY CAME FIRST for the Communists,
and I didn’t speak up because I wasn’t a Communist.
THEN THEY CAME for the Jews,
and I didn’t speak up because I wasn’t a Jew.
THEN THEY CAME for the trade unionists,
and I didn’t speak up because I wasn’t a trade unionist.
THEN THEY CAME for me
and by that time no one was left to speak up.”
လူတိုင်း တချိန်မဟုတ် တချိန်တွင် ကံဆိုးသူမောင်ရှင်၏ အဖြစ်မျိုး မကြုံတွေ့ကြဖို့ ဆိုရန်မှာ လူတဦးတယောက်ချင်း၏ အခွင့်အရေးကို လေးစားကာကွယ်စောင့်ရှောက်ရန်နှင့် သူတပါးအခွင့်အရေး ချိုးဖောက်ခံနေရခြင်းကို မြင်တွေ့ရပါက ကိုယ့်အခွင့်အရေးချိုးဖောက်ခံနေရသလိုပင် ကူညီခုခံကာကွယ်ပေးရန်ဖြစ်ပါသည်။
ကိုပေါ
http://kopaw07.blogspot.com/2010/04/blog-post_24.html
ဒီ post ကို ကိုပေါ (ပိတောက်ရိပ်)မှ ကူးယူထားတာပါ။
ဒီစာကို ဖတ်ရင်း မြန်မာပြည်ရှိလူများ ပြောလေ့ရှိသော “သူများဖြစ်တာ ၊ ကိုယ်နဲ့ ဘာဆိုင်လို့  လဲ။ ကိုယ့်ထမင်းကိုယ်ရှာစားနေရတာ – သူများကိစ္စ မပါနိုင်ပေါင်” – ဆိုသော စကားကို ကြားယောင်မိပါသည်။
တဆက်တည်း ဦးဝင်းတင် ရဲ့  “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ စာအုပ်ထဲက
“ သူ့သံခြေကျဉ်းနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
“နောင်ကျရင် သူ့သံခြေကျဉ်းက ကျုပ်ခြေထောက်ကို လာစွပ်မှာပေါ့ဗျ”
စကားကိုလည်း ထပ်လောင်းကြားယောင်မိပါသည်။
ကံကြမ္မာသည် ရပ်တန့် မနေပါ။
ကျွန်တော်တို့ သည်လည်း ဒီနေရာမှာ ရပ်တန့် မနေနိုင်ပါ။
သူတို့ သည်လည်း ဒီနေရာမှာ ရပ်တန့် မနေနိုင်ပါ။
ကျွန်တော် ချစ်သော ငုဝါ
ပင်ယံထိပ်မှာ ၀င်းဝါ၀ါ
ငုပန်းလေးတွေပါ။
ကျွန်တော် ငုပန်းကိုချစ်တယ်။ ပိတောက်ပန်းထက် ပို နှစ်သက်တယ်။
ကျွန်တော် ငုပန်းကို ဘာဖြစ်လို့ နှစ်သက်မိပါလိမ့် -ဒီအဖြေကို ငုပန်းတွေ ၀ါထိန်နေတဲ့ အပင်ကြီးကို ငေးကြည့်ရင်း ကျွန်တော့်ကို ကျွန်တော် မေးကြည့်မိတယ်။
ဒီငု ပင်ကြီးကို အဝေးကြီးကတည်းက ကျွန်တော် မြင်တွေ့ နေတယ်။ ဘယ်လို ကြောင့်မှန်းမသိ ငုပင်ကြီးဆီကို ကျွန်တော် လျှောက်လမ်းလာမိတယ်။
ငုဝါ တဲ့- ငုလို့  တစ်လုံးတည်းခေါ်ရင် မပြည့်စုံဘူးထင်ပါရဲ့- ငုဝါ။
ငုသည် အ၀ါရောင်ရှိသည်။ သူ့ အ၀ါရောင်သည် စိုစိုပြည်ပြည်ရှိလှသည်။ နုငယ်ပျိုမျစ် အလှကြွယ်တဲ့ မိန်မပျိုငယ်လေး တစ်ယောက်လိုပဲ – စိုပြည်ဝင်းဝါလျှက်ရှိတယ်။
အ၀ါရောင် ငုပန်းတွေ ပြွတ်ခဲနေပေမယ့် မြင်ရသူရင်ထဲ ရိုင်းမသွားဘူး။ လန်းဆန်းမှု၊ တောက်ပမှုကို ပေးတဲ့ ငုဝါ။
ငုအပင်တွေက အရမ်းလည်း မမြင့်ဘူး။ အရမ်းလည်း မနိမ့်လှဘူး။
ကြည့်လို့ ကောင်းလောက်တဲ့ နေရာအမြင့် ငုတွေက ပွင့်ဝါနေတတ်တယ်။
သူ ဘယ်အချိန်က စပွင့်လည်း ကျွန်တော် မသိပါဘူး။ အခုလို တန်ခူးလ- သင်္ကြန်မရောင်ခင်မှာ ငုပန်းဝါတို့  စိုပြေစွာတောက်ပနေကြပြီ။
ငုပန်းကို ပန်သူနည်းပြီး ပင်ယံထက်မှာ မူလ အလှအတိုင်းထားရှိလေ့ရှိသည်။ သူ့ ကို ပင်ယံထိပ်မှာ မြင်တွေ့ ရတာ ပိုလို့  ပြည့်စုံသွားစေတယ်လို့  ကျွန်တော် တွေးနေမိတယ်။ ပင်ယံထိပ်မှာပဲလား- မြေပြင် ပေါ်မှာလည်း ငုပွင့်ဖက်လေးတွေ ပြန့် ကြဲနေတာ ရွှေရောင်ဖျော့ဖျော့နန်းကြိုးလေးများနဲ့  ယှက်ထားတဲ့ ကောဇောတချပ်လိုပါပဲ။
ငုပင်အောက် မှာ ပက်လက်ကုလားထိုင်လေးခင်း ကဗျာစာအုပ်လေးတစ်အုပ်နဲ့  နွေအလှကို ကွန့် မြူးခွင့်ရရင် – ဒီနွေမှာ နေပူမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။
ကျွန်တော် ငုပင်အောက် ခဏခဏရောက်ဖြစ်တယ်။
ကျွန်တော် ငုပန်းဝါ၀ါကို ငေးကြည့်ရင်း နွေကို နှစ်သက်မိတယ်။
ငုသည် နွေကို အလှဆင်တဲ့ ပန်း
ငုသည် နွေကြောင့် ပူနေတဲ့ ၇င်ကို လန်းဆန်းစေတဲ့ပန်း
ငုသည် ရနံ့ မသင်းပေမယ့် အဆင်းလှတဲ့ပန်း
ကျွန်တော်ချစ်သော ငုဝါ၀ါ ပင်ယံထိပ်မှာ ၀င်းဝါနေပါစေသား။
မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး
”ခေတ်ဆန်သူ တပည့်မတို့ သတိရပေရှာ၊အဓိက စေတနာငယ်၊ မေကညာခင်ထွေး။ ဆရာမ လွန်ကြင်နာလျှင်၊ သွန်သင်တာ မှတ်တော့ မနှေး။ ကာလဖြင့် ပျက်ချင်ပြီ၊ ဖက်ရှင်တွေ ရှုပ်ထွေး၊ အရှက်တွင် အဟုတ်ဝေးပါပေါ့၊ လှုပ်လှုပ်ကလေး တုံတုံ။ ဖန်ပေါင်းချောင် ရေအတွင်း၊ ရွှေငါးကြင်း လွတ်သည်သို့ကြုံ။ အင်္ကျီက အပါးစုံသည်၊ အသား ပုံဝါဝင်းလို့၊ ကျပ်တင်းတင်း တရားကွာ၊ ခါးကတစ်ထွာ။ မောင့်အဘ အားနာလျှင်၊ မှားတာကို ပြင်ကြစို့လေး။ မြန်မာညွန့်ညှိုး မကုန်အောင် အမျိုးဂုဏ် ဆယ်ကြစို့လေး”
ရေးသူမသိ။
အမေ မသိသေးသော အကြောင်းများ
မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်က နောက်တစ်ယောက်ကို ပြောနေတာ။
“ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်းနိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့”
“‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ”
“အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ”
အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်။
Continue reading အမေ မသိသေးသော အကြောင်းများ
လွန်ခဲ့တဲ့(၁ဝ)နှစ်နဲ့ (၁ဝ)နှစ်နောက်ပိုင်း
လွန်ခဲ့တဲ့ (၁ဝ)နှစ်က ကျွန်တော်တို့ဟာ အဖေအမေရဲ့ သားသမီးဖြစ်တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ သားသမီးတွေရဲ့ အဖေအမေဖြစ်ခဲ့တယ်။
လွန်ခဲ့တဲ့ (၁ဝ)နှစ်က အိမ်ရဲ့နွေးထွေးမှုကို ကျွန်တော်တို့ မသိခဲ့ဘူး။
(၁ဝ)နှစ်နောက်ပိုင်းမှာ အိမ်ရဲ့နွေးထွေးမှုကို ကျွန်တော်တို့ တောင့်တလာခဲ့ရတယ်။
လွန်ခဲ့တဲ့ (၁ဝ)နှစ်က အိမ်နဲ့ဝေးရာကို ထွက်သွားနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ခဲ့ကြတယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ အဝေးကနေပြီး အိမ်ကိုပြန်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ခဲ့ကြတယ်။
လွန်ခဲ့တဲ့ (၁ဝ)နှစ်မှာ အဖေအမေကို ကျွန်တော်တို့ ပြန်အော်ပြန်ငေါက်ခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ကျွန်တော်တို့ကို အဖေအမေပြန်အော်ငေါက်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က အိမ်အပြန်လမ်းမှာ လေလေးချွန်ပြီး စက်ဘီးလေးကို ကျွန်တော်နင်းခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ကိုယ်ပိုင်ကားကိုမောင်း ပြောမကုန်တဲ့ဖုန်းတွေနဲ့ မဖြစ်မနေလုပ်ရတဲ့ အလုပ်ဆီ ကျွန်တော်သွားနေခဲ့တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က ကြယ်ငါးပွင့်ဟိုတယ်မှာတည်းရဖို့ ကျွန်တော်မျှော်လင့်ခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ကြယ်ငါးပွင့်ဟိုတယ်မှာတည်းပြီး အိမ်ကို ကျွန်တော်လွမ်းနေခဲ့တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က လေယာဉ်တစ်ခါစီးရဖို့ ကျွန်တော်အရမ်းမျှော်လင့်ခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ကျွန်တော်အကြောက်ဆုံးက လေယာဉ်စီးတာပဲဖြစ်တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က ဘောလုံးကန်အပြန် ကော်ဖီဆိုင်ရှေ့ဖြတ်တော့ ဆိုင်ထဲမှာ ကောင်မလေးနဲ့ မျက်နှာချင်းထိုင်နေသူဟာ ကျွန်တော်ဖြစ်ချင်ခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ကော်ဖီဆိုင်ထဲထိုင်ရင်း ဆိုင်ရှေ့ဖြတ်သွားတဲ့ ဘောလုံးသမားတွေကိုကြည့်ပြီး ကျွန်တော်လည်း သူတို့ထဲကတစ်ယောက်ဖြစ်ချင်ခဲ့တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က အဖေအမေ၊ ဆရာသမားတို့ရဲ့ သင်ကြားဆုံးမမှုကိုနာခံဖို့ စာကြည့်စားပွဲပေါ် ကျွန်တော်အတင်းအကျပ် အပို့ခံခဲ့ရတယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ သူတို့ရဲ့သင်ကြားဆုံးမမှုကို ကျွန်တော်ထပ်နာခံချင်ပေမယ့် ကျွန်တော်အတွက် စားပွဲမရှိတော့ဘူး။
လွန်ခဲ့တဲ့(၁ဝ)နှစ်က ထမင်းဆိုင်ဘေးက အရက်သမားကို ကျွန်တော်ရွံ့ရှာခဲ့ပြီး ဒီတစ်သက် အရက်မသောက်ဘူးလို့ ရည်ရွယ်ခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ထမင်းဆိုင်ဘေးက အရက်သမားဟာ ကျွန်တော်ဖြစ်ခဲ့တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က ကိုယ်ပိုင်ကားရှိဖို့မျှော်လင့်ခဲ့ပြီး ကားရှိရင် ဘယ်တော့မှ လမ်းမလျှောက်တော့ဘူးလို့ ကျွန်တော်မျှော်လင့်ခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ကိုယ်ပိုင်ကားမောင်းဖို့ထက် လမ်းလျှောက်ဖို့ကို ကျွန်တော်မျှော်လင့်ခဲ့တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က မျက်နှာပေါ်က ရင့်ကျက်မှုကို ကျွန်တော်ပြသချင်ခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ ဆလွန်းဆိုင်သွားပြီး နုပျိုဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က ကိုယ့်ကိုယ်ကို သစ်ပင်တစ်ပင်လို့ ထင်ခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်း တကယ်တော့ ကိုယ်ဟာမြက်တစ်ပင်ဆိုတာကို ကျွန်တော်သဘောပေါက်ခဲ့တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က ကျွန်တော်အဖြုန်းနိုင်ဆုံးအရာက အချိန်ဖြစ်တယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ အချိန်ကလွဲရင် ဘာမဆိုကျွန်တော် ဖြုန်းနိုင်ခဲ့တယ်။
လွန်ခဲ့တဲ့(၁ဝ)နှစ်က ဘဝကို ကျွန်တော်ခြယ်လှယ်ကစားနိုင်ခဲ့တယ်။
(၁ဝ)နှစ်နောက်ပိုင်း ဘဝရဲ့ခြယ်လှယ်ကစားတာကို ကျွန်တော်ခံနေခဲ့ရတယ်။
အင်တာနက်မှာ ဖတ်မိတာကို ဘာသာပြန်ထားတာကြာပါပြီ။ Draftsထဲရောက်နေလို့ ဒီညစာရေးပျင်းတာနဲ့ အစပြန်ဆွဲထုတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့(၁ဝ)နှစ်နဲ့ (၁ဝ)နှစ်နောက်ပိုင်းတဲ့။ နောင်(၁ဝ)နှစ်မှာ ကျွန်မတို့ဘာဖြစ်နေမလဲ? သေချာတာကတော့ ဒီထဲက အကြောင်းအရာတစ်ခုခုနဲ့တော့ ကိုက်ညီနေလိမ့်မယ် ထင်ပါတယ်။
နိုင်းနိုင်းစနေ
http://www.99sanay.com/2009/12/blog-post_15.html
အရမ်း ထိမိပြီး အသိတရားတွေ အများကြီး ရလိုက်တဲ့ စာကြောင်းတွေပါပဲ။
လွန်ခဲ့တဲ့(၁ဝ)နှစ်က အဖေအမေ၊ ဆရာသမားတို့ရဲ့ သင်ကြားဆုံးမမှုကိုနာခံဖို့ စာကြည့်စားပွဲပေါ် ကျွန်တော်အတင်းအကျပ် အပို့ခံခဲ့ရတယ်။
(၁ဝ)နှစ်နောက်ပိုင်းမှာ သူတို့ရဲ့သင်ကြားဆုံးမမှုကို ကျွန်တော်ထပ်နာခံချင်ပေမယ့် ကျွန်တော်အတွက် စာကြည့်စားပွဲ မရှိတော့ဘူး။