Category Archives: ၀တ္ထု

ဆန်တက်လာသောစမ်းချောင်းကလေး

တစ်နေ့တုန်းက သမီးလေးဟာ ကျွန်တော့်ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ပြီးတော့ “တစ်ပြားမှလဲ မရှိပါလား ဖေဖေရယ်”တဲ့။ “ဘယ်ရှိပါ့မလဲသမီးရယ်.. ဖေဖေရတာတွေ အကုန်လုံး သားတို့ သမီးတို့အတွက် ပေးလိုက်တာမို့လို့ ဖေဖေ့မှာ ဘာမှ မကျန်တော့ တာပေါ့”လို့ ပြန်ပြောရပါတယ်။
ဒီတော့ သမီးလေးက “သမီးမှာ စုထားတာလေးတွေရှိတယ်။ ဖေဖေ့ကို ပေးမယ်နော်” ဆိုပြီး သူ့ ပိုက်ဆံဘူးလေးကို သွားယူပါတယ်။ “မပေးပါနဲ့ သမီးရယ် ဖေဖေလိုရင် မေမေ့ဆီကတောင်းသုံးမှာပေါ့။ သမီးလေးပဲ စုထားပါ” ဆိုတော့ “ဟင့်အင်း ဖေဖေ့ကို သနားလို့” ဆိုပြီး သူစုထားတာတွေကို ကျွန်တော့်ပိုက်ဆံအိတ်ထဲ အတင်းထည့်ပါတယ်။

နောက်နေ့မနက် မုန့်ဟင်းခါးဆိုင်မှာပါ။
သမီးလေးကုသိုလ်ရအောင် သူပေးထားတဲ့ မုန့်ဖိုးလေးနဲ့ စားဦးမှ လို့ မုန့်ဟင်းခါးဖိုး ထုတ်ပေးလိုက်တော့မှ သူထည့်ပေးထားတာ “ထီလက်မှတ်အဟောင်းတွေ” ခမျာ့။
ကျွန်တော့်သမီးလေးက ၃ နှစ်ပါ။ အခုကတည်းက အဖေ့အပေါ်မှာ သိတတ်နေရင် ကြီးရင်တော့ အားကိုးရပါပြီ လို့ တွေးမိပြီး ကြည်ကြည်နူးနူးပြုံးမိပါတယ်။
မုန့်ဟင်းခါးဖိုးကို ထီလက်မှတ်တွေထုတ်ပေးပြီး ပြုံးပြုံးကြီးရပ်နေတဲ့ ကျွန်တော့်ကို မုန့်ဟင်းခါးသည်က အူကြောင်ကြောင်နဲ့ ကြည့်လို့။

လူစွန့်စားမင်းညို နှင့် သန်းခေါင်ယံက မြခြူသံ

တစ်နေ့သ၌ ကျွန်ုပ်သည် မွေးရပ်မြေသို့အလည်အပတ်ပြန်ခဲ့ရာမှ ငယ်သူငယ်ချင်း မင်းညို နှင့် ပြန်လည်ဆုံတွေ့ ခဲ့ရလေသည်။  မင်းညိုမှာ ငယ်စဉ်ကတည်းက သတ္တိကောင်းသည့်အပြင်အရာရာကို စူးစမ်းလေ့လာလိုသော ၀ါသနာရှိသည့်အတွက် စပ်စပ်စုစုနိုင်လှသော ကျွန်ုပ်နှင့်ကျောင်းမှာကတည်းက တွဲမိခဲ့လေသည်။  ကျွန်ုပ်မှာ မိဘများနှင့်အတူ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ ပြီးနောက် မင်းညိုနှင့် တစ်စတစ်စဝေးခဲ့သည်မှ လုံးလုံးကြီး အဆက်အသွယ်ပြတ်ခဲ့ရာ ယခု တစ်ခေါက် ပြန်ရောက်ချိန်တွင် အမှတ်မထင်ပြန်တွေ့ကြခြင်းဖြစ်၏။

တစ်ခုသော နံနက်စောစော ဈေးထဲတွင်တိုဟူးပျော့ စားနေခိုက် ရှမ်းပင်နီဝတ်စုံနှင့် လူတစ်ဦး ကျွန်ုပ်မျက်နှာကို စေ့စေ့ကြည့်ကာ-

“ကိုဝဏ္ဏ မှတ်တယ်”

ကျွန်ုပ်လည်း ထိုသူကို သေသေချာချာကြည့်ပြီး

“ ဟာ … ကိုမင်းညို”

“ဘယ်တုန်းက ပြန်ရောက်လဲဗျ။ တွေ့ရတာဝမ်းသာသဗျာ။ အိမ်လိုက်ခဲ့ဦး။ စကားလေးဘာလေး ပြောရအောင်။ ခင်ဗျား အပန်းမကြီးဘူးဆိုရင်ညအိပ်ပေါ့ဗျ။ ကျုပ်အိမ်မှာ ကျုပ်တစ်ယောက်ထဲ။ နားအေးပါးအေး ခြံစိုက်စားနေတာ။ လွတ်လွတ်လပ်လပ်ပဲ”

“အေးဗျာ – တွေ့ကြတာပေါ့။ ကျွန်တော်လဲအလည်သက်သက်ပြန်လာတာ။ အားနေသားပဲ” ဟု ဆိုကာ ကျွန်ုပ်တည်းအိမ်မှ လိုအပ်သော ပစ္စည်းကလေးအချို့ကိုဝင်ယူကာ ကိုမင်းညိုအိမ်သို့ လိုက်ခဲ့လေ၏။

ထိုညမှ စတင် ကြုံတွေ့ခဲ့ရသည့် လွန်စွာမှ စိတ်ဝင်စားဖွယ်ရာကောင်းသောအဖြစ်အပျက် များသည် ယခု တင်ပြအံ့သော “လူစွန့်စားမင်းညို နှင့် သန်းခေါင်ယံကမြခြူသံ”၀တ္ထုအဖြစ် ပေါ်ထွက်ခဲ့ရလေတော့သတည်း။

*** *** *** *** ***

မသူဇာနှင့်ပြောက်ကြားကြိုးခေ

ကျွန်ုပ်သည် ကိုမင်းညိုနှင့် နှစ်ယောက်သား ရှေးဟောင်းနှောင်းဖြစ်များကို ညဥ့်နက်တိုင်အောင် ပြောဆို စားမြုံ့ပြန် ကြပြီးနောက် နောက်တစ်နေ့ နံနက်တွင် နေမြင့်သည်အထိ မထဘဲ အိပ်စက်ကြလေသည်။ ထိုစဉ် အိမ်ရှေ့မှ –

“ကိုမင်းညို ကိုမင်းညို တံခါးဖွင့်ပါဦး” ဟု အလျင်စလိုအော်ခေါ်သံကြောင့် နှစ်ယောက်လုံး နိုးလာကြလေ၏။ ကိုမင်းညိုက “ ဒါ ကျွန်တော့် မိတ်ဆွေမမူယာ အသံပဲဗျ ” ဟု ဆိုကာ ခြံတံခါး သော့ကိုယူ၍ ထွက်သွားလေ၏။ ထို့နောက် ဧည့်သည်ကိုအိမ်ရှေ့ခန်းသို့ ခေါ်လာသဖြင့် မူယာ ဆိုသော မိန်းကလေးကို အကဲခတ်ကြည့်ရာ အသက် ၃၀ ခန့်မျက်နှာဖြူလျော်လျော် ပိန်ပိန်ပါးပါး အနက်ဝမ်းဆက်ဝတ်လျက် အလွန်အမင်းကြောက်ရွံ့နေသော လက္ခဏာဖြင့် ဟောဟဲလိုက်အောင် မောနေသည်ကို တွေ့ရ၏။ ကိုမင်းညိုက “ကိုင်း မမူယာ အရင်ဆုံး ခဏနားပါဦး။ ပြီးမှ အကျိုးအကြောင်း နားထောင်ရတာပေါ့။ ဒါက ကိုဝဏ္ဏ တဲ့။ ကျုပ် ငယ်သူငယ်ချင်းမိတ်ဆွေပါ။ ကျုပ်လိုပဲ သဘောထားပြီး ခင်ဗျားကိစ္စများကိုဖွင့်ပြောနိုင်ပါတယ်။ အခုတော့ ခနလေး နားလိုက်ပါဦး။ ကိုဝဏ္ဏရေ ကော်ဖီလေး လုပ်ပါဗျာ။ ခမျာ မောလာရှာတယ်။ ကော်ဖီမှုန့်တွေ သကြားဘူးတွေက ထမင်းစားခန်းထဲက ပန်းကန်စင်ဘီရိုပေါ်မှာ။ နွားနို့ကကြောင်အိမ်ထဲမှာ” ဟု ပြောသဖြင့် ကျွန်ုပ်မှာ  မျက်နှာ ကပျာကယာသစ်ပြီး ကိုမင်းညိုပြောသည့်အတိုင်း ကော်ဖီဖျော်ရ လေ၏။

မူယာမှာ ကိုမင်းညိုနှင့် အတော် ရင်းနှီးဟန်ရှိပြီးအားလည်းကိုးပုံရ၏။  ကျွန်ုပ်တို့သည်ဧည့်ခန်းတွင် ကော်ဖီ သောက်ရင်းဖြင့် သူမ၏ အဖြစ်အပျက်ကို အောက်ပါအတိုင်း စတင် ပြောပြေလေတော့၏။

“အဓိကကတော့ ကျွန်မပထွေးကြီးပါပဲရှင်။ ကျွန်မ အသက်ကိုရန်ရှာပြီထင်လို့ အခုလို ကိုမင်းညိုဆီ ပြေးလာရတာပါပဲ။ ကြောက်လိုက်တာရှင်။ ကျွန်မကိုကယ်ပါ ကိုမင်းညိုရယ် ” ဟု ပြောရင်း ငိုနေလေ၏။

ကိုမင်းညိုက “စိတ်အေးအေးထားပြီး ဇာတ်ရည်လည်အောင် ဖြေးဖြေးပြောပြမှပေါ့ မူယာရဲ့” ဟု ပြောကာ မူယာ ပြောသော အကြောင်းအရာများကို သေချာစွာနားထောင်နေ၏။

“ဒီလိုပါရှင်။ ကျွန်မ ပထွေးနာမည်က ဒေါက်တာဘသိုက်တဲ့။ မိုးကုတ်ကရှင့်။ သူ့မိဘများက ကျောက်ကလေး ဘာလေး အရောင်းအ၀ယ်လုပ်ရင်း သူ့ကိုဆရာဝန်ဖြစ်အောင် သင်ပေးခဲ့ပါတယ်။ နောက်တော့ စီးပွားကျလာတယ်လို့ ပြောပါတယ်။ သူ ဒီမြို့ကိုပြောင်းလာပြီး သိပ်မကြာခင်မှာ မေမေနဲ့ တွေ့ကြတာပါပဲ။  မေမေ့လည်း မမသူဇာ နဲ့ ကျွန်မ တို့ လူမမယ်မှာ ဖေဖေဆုံးတော့ အားကိုးရာမဲ့နေတုန်း သူကကမ်းလှမ်းတော့ ဆရာဝန်ကတော်ရယ်လို့ လူရိုသေ ရှင်ရိုသေဖြစ်အောင် ခေါင်းငြိမ့်ခဲ့ရှာတာပါ။ တကယ်တော့ အကြမ်းဖက်သမားကြီးပါရှင်။ မေမေ့ ပစ္စည်းဥစ္စာတွေ လိုချင်လို့ ယူလိုက်တာပါ။ ဟိုး မိုးကုတ်မှာတုန်းက တပည့်တစ်ယောက်ကို စိတ်ဆိုးလို့ ရိုက်သတ်မှုနဲ့ ထောင်တောင် ကျဖူးတယ်လို့ ပြောသံကြားဖူးပါတယ်။  လွန်ခဲ့တဲ့ ရှစ်နှစ် မေမေဆုံးတော့ မေမေ့အမွေက ပါရင်းပစ္စည်းမို့လို့ ကျွန်မတို့ညီအစ်မက တစ်ပုံစီနဲ့ သူက တစ်ပုံရတယ်။ ဒါပေမယ့် ကျွန်မတို့ အိမ်ထောင်ပြုတဲ့အထိ ဒီအမွေကို ထိန်းထားရမယ် လို့ မေမေက စာချုပ်မှာ ရေးခဲ့တယ်။  ဒါပေမယ့် မမလည်း မနှစ်က ဆုံးပါးခဲ့ပါတယ်”

ညို။       “ဒါဖြင့် အခုရော ဒီလူကြီးနဲ့မူယာနဲ့ တစ်အိမ်ထဲ အတူတူ နေကြသလားဗျ။”

မူ။         “ဟုတ်ကဲ့ရှင့်၊ အိမ်ကအစ အမွေဆိုင်ဆိုတော့ ကျွန်မတို့ ရသင့်ရထိုက်တာတွေရတဲ့အထိ မခွာဘူးလို့ မမ မဆုံးခင်က တိုင်ပင်ခဲ့ပါတယ်။ ဥပဒေကြောင်းအရ မမရဲ့ ဝေစုကိုလည်း ကျွန်မကိုပဲ ခွဲပေးရမယ်လေ။ ဒါပေမယ့် ဦးသသိုက်ဟာ နောက်ပိုင်းပိုဆိုးလာတယ်ရှင့်။ နေ့ရှိသရွေ့ အရက်သောက်ပြီး ရန်လိုနေတော့တာပဲ။ အိမ်နီးချင်း တွေနဲ့လည်း မတည့်ဘူးရှင့်။ အိမ်နီးချင်းတွေကလည်း မလာရဲပါဘူးရှင်။ သစ်တောဌာနမှာလုပ်နေတဲ့ သူ့တပည့် တစ်ယောက် လက်ဆောင်လာပေးထား တဲ့ ကျားသစ်ပေါက်တစ်ကောင်ကိုလည်း ခြံထဲမှာမွေးထားသေးတာရှင့်။ ခြံနား လူမကပ်ရဲအောင်လို့တဲ့။ ”

ညို။       “ဟာ..မလွယ်ပါလား။”

မူ။         “ဒါတင် ဘယ်ကဦးမလဲရှင်။ တစ်ခါတစ်လေ ဘယ်ကလူတွေမှန်းမသိဘူး။ သစ်တောထဲကလို့ပြောတာပဲ။ လူကြမ်းကြမ်းကြီးတွေလာတတ်တယ်။ လာရင်ကျွန်မတို့ ခြံထဲမှာ သပ်သပ်ဆောက်ထားတဲ့ ဘန်ဂလို လို အိမ်လေးမှာ တည်းကြတယ်။ သူတို့သောက်ကြစားကြနဲ့ ဆူညံနေတာပါပဲရှင်”။

ညို။       “မူယာ့အစ်မ မသူဇာက မနှစ်က ဆုံးတာနော်”

မူ။         “ ဟုတ်ပါတယ်။ အခု မူယာ့အလှည့်ရောက်ပြီထင်ပါရဲ့ရှင်။ ဒါကြောင့် ပြေးလာရတာပါ။”

ညို။       “အင်း… ဆိုပါဦးဗျ”

မူ။         “ဒီလိုပါ။ မမ မဆုံးခင်က ကျွန်မတို့ဆွေနီးမျိုးစပ်ထဲက တစ်ယောက်နဲ့ ကြိုက်ကြတယ်ရှင့်။ ဦးဘသိုက်ကြီးက သဘောတူတယ်။ ဒါပေမယ့်သိပ်မကြာခင် မမ ဆုံးရှာတာပါပဲရှင်”ဟု ပြောရင်း မျက်ရည်များကျလာကာ ခေတ္တငိုကြွေး နေလေ၏။

ကိုမင်းညိုက “မသူဇာ သေဆုံးရပုံလေး တစ်ဆိတ်လောက်အသေးစိတ်လေး ပြောပြပါလားဗျာ။ မူယာ့ကို အားတော့ နာပါတယ်။ ဒါပေမယ့် အခုကိစ္စအတွက် အရေးကြီးမလားလို့”

မူ။         “ကောင်းကောင်း ပြောပြနိုင်တာပေါ့ရှင်။ ကျွန်မတို့ဘ၀တွေ ကံဆိုးမိုးမှောင် ကျခဲ့ရတဲ့ နေ့တွေပေါ့”

မူ။         “ကျွန်မတို့ အိမ်မှာ အိပ်ခန်း၃ ခန်း ရှိပါတယ်။  အားလုံး အောက်ထပ်မှာပါ။ထိပ်ဆုံးက ဦဘသိုက်အခန်း၊ ပြီးတော့ မမအိပ်တဲ့အခန်းရယ်။ ကျွန်မရဲ့ အခန်းရယ်ပါ။ အိပ်ခန်းပြတင်းပေါက်ကနေ အပြင်ဘက်ထွက်လိုက်ရင် ခြံထဲကို ရောက်သွားပါတယ်။  တစ်ညမှာ ဦးဘသိုက်ဟာ အလွန် အနံ့ပြင်းတဲ့ ဘင်္ဂလားဆေးပြင်းလိပ်ကိုအခန်းထဲမှာ သောက်နေတာကြောင့် မမဟာ မွှန်လွန်းလို့ ကျွန်မအခန်းဘက်မှာ လာနေပါတယ်။ ညီအစ်မနှစ်ယောက် စကား ပြောရင်း အမှတ်တမဲ့နဲ့  မမက “ မူယာ နင် ညဘက် သန်းခေါင်ကျော်လောက်ကို ခြူသံများ မကြားမိဘူးလား ” တဲ့။ ကျွန်မက မကြားမိတဲ့အကြောင်းပြောတော့ “ ငါ ညဘက်ဆို ခြူသံတစ်ခု ကြား ကြားနေရတယ် ” လို့ ပြောပါတယ်။ ကျွန်မတို့လဲအမှုမဲ့ အမှတ်မဲ့ နဲ့ တခြားစကားတွေပြောရင်း နောက် မမ ပြန်သွားတော့ အခန်းတံခါးသော့ခတ်ပြီး အိပ်ရာဝင်တာပါပဲ။”

ညို။       “အခန်းတံခါးကို သော့ခတ်ပြီးတော့အိပ်တာလားဗျ။”

မူ။         “ဟုတ်ကဲ့ရှင့်။ ဟို ကျားသစ်ကိုလဲကြောက်ရတယ်။ လူကြမ်းတွေ ရောက်နေရင်လဲ စိတ်ထဲ မလုံဘူးရှင့်”။

ကိုမင်းညိုမှာ ခေါင်းတငြိမ့်ငြိမ့်နှင့် သေချာစွာ စဉ်းစားနေပြီးမှ ကော်ဖီတစ်ငုံသောက်လိုက်ကာ “ဆက်ပြောစမ်းပါဦး မမူယာ။ ခင်ဗျားဇာတ်လမ်းက စိတ်ဝင်စားစရာပဲ။”

မူ။         “အဲဒီညမှာပါပဲရှင်။ အိပ်လို့မှမပျော်သေးဘူး။ မိုးတွေကလည်းသည်း။ လေ ကလည်း တိုက်နဲ့။  မမအခန်း ဘက်က ငယ်သံပါအောင် အော်တဲ့အသံကို ကြားရတော့တာပါပဲ။ ကျွန်မလည်းမမ အခန်းဘက်ကို ပြေးသွားတော့ တံခါး သော့ခတ်မထားဘူးရှင့်။ အခန်းထဲ ၀င်လိုက်တယ် ဆိုရင်ပဲ ခြူသံတချွင်ချွင်ကို ကြားရတော့တာပါပဲ။ အဲဒီနောက် အဖုံးပိတ်သံလိုလို၊ သံပြားပစ်ချတဲ့အသံလိုလိုလဲကြားလိုက်ရတယ်။  မမက ကြမ်းပြင်ပေါ်မှာ လဲ နေတယ်။ ကျွန်မကို တွေ့တော့ “မူယာ မူယာ ကယ်ပါဦး။ ငါ သေတော့မယ်နဲ့တူတယ်။ ကြိုးခွေကြီး။ ပြောက်ကြား ကြိုးခွေကြီး” လို့ သွေးရူးသွေတန်းနဲ့ ပလုံးပထွေး အော်ပြောတယ်။ ကျွန်မလဲဟိုဘက်အခန်းက ဦးဘသိုက်ကို အကူအညီပေးဖို့ လှမ်းအော်တော့ ပြေးလာရှာပါတယ်။ ဒါပေမယ့်အသက်မမီတော့ ပါဘူး ကိုမင်းညိုရယ်” ဟု ပြောရင်း ငိုပြန်လေသည်။

ညို။       “ခင်ဗျား အဲဒီညက ခြူသံရယ်၊ သံပြားပစ်ချတဲ့အသံရယ် ကြားရတယ်ဆိုတာ သေချာလား”

မူ။         “ကြားခဲ့မိတယ်ထင်တာပါပဲရှင်။ ဘာကြောင့်ဆို အဲဒီညက မိုးတွေတအားသည်းတော့ ဆူညံနေတာကိုး။  မနက်ကျမှ ရဲကို အကြောင်းကြားတော့ အလောင်းကို ဆရာဝန်နဲ့ ဘာနဲ့ စစ်ကြည့်ပြီး ဘာဒဏ်ရာမှ မတွေ့လို့  လန့်ပြီး နှလုံးရပ်သေပါတယ် လို့ ဆေးစာထွက်တာကိုး။ ဒါနဲ့ပဲ အမှုပိတ်ပြီးနာရေးကိစ္စလုပ်လိုက်တယ်ဆိုပါတော့ရှင်။”

မူယာက ဆက်လက်၍ “မမ အခန်းထဲမှာ အဆိပ်တွေ ဘာတွေလည်း မတွေ့မိပါဘူး။ သူပြောသွားတဲ့ ပြောက်ကြား ကြိုးခွေကြီး ဆိုတာကလည်း ထူးဆန်းနေတယ်။ ဟိုလူတွေလည်ပင်းမှာ ဆွဲထားတတ်တဲ့ နွယ်ပင်အကြားအကြားလေး တွေကိုများ စိတ်ထဲမြင်ပြီး အော်တာလားတော့ မသိပါဘူး။ အဲဒီလူတွေကရုပ်ဆိုးဆိုးကြီးတွေမို့ မမက သိပ်ကြောက် တာရှင့်။  သူ့ခမျာ အကြောက်လွန်ပြီး သေရှာတယ်လို့ ထင်တာပါပဲ။  အဲဒီလူ တစ်ယောက်ယောက်များ မမအခန်းထဲ ၀င်လာတာလို့မထင်မိဘူးလား ကိုမင်းညို” ဟု မေးရာ –

ညို။       “အင်း… အခုတော့ ဖြေဖို့ ခက်သေးတယ်မူယာ။ နောက် ဘာ ဆက်ဖြစ်သေးလဲ ပြောပါဦး”

မူ။         “အဲဒီနောက် တစ်နှစ်လောက် ကျွန်မကိုယ်ကျွန်မ ကာကွယ်ရင်း နေရတာပေါ့။ စိတ်ထဲကတော့ ကျွန်မ ရစရာ ရှိတဲ့ အမွေတွေကို ယူပြီး ဒီလူကြီးကိုမောင်းထုတ်လိုက်ချင်တာပါပဲ။ ဒီလိုနဲ့ တစ်နေ့တော့  ကျွန်မရဲ့ မိတ်ရင်းဆွေရင်း ထဲကတစ်ယောက်က ကျွန်မကို ဒီဒုက္ခတွင်းထဲကနေ ကယ်ထုတ်ဖို့ လက်ထပ်ခွင့်တောင်းတယ်လို့ပဲ တိုတို ဆိုကြပါစို့ ရှင်။ ဟိုလူကြီးကလည်း အုပ်ထိန်းသူဖြစ်နေလေတော့ သူ့ဆီမှာပဲ ခွင့်တောင်းရတာပေါ့။ အဲဒီတော့ မင်းတို့ချင်း တကယ်ချစ်ကြရင်ဖြင့် ပေးစားရတာပေါ့။ သူ့ကို အမွေတွေခွဲပေးပြီးရင် ငါ့တာဝန်လဲ ကျေပါပြီလို့ ရှောရှောရှူရှူ ခွင့်ပြုလို့ ကျွန်မမှာ သြော်.. ငါ တစ်သက်လုံး မုန်းခဲ့တဲ့ပထွေးကြီးက ငါ့အပေါ် စိတ်ကောင်းရှိရှာပါလား လို့ မကြည်ညိုစဖူး ကြည်ညိုမိပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတော့ ကျွန်မကို မမ အိပ်ခဲ့တဲ့ အခန်းကို ပြောင်းအိပ်ခိုင်းတယ်။ ကျွန်မအခန်းကိုမင်္ဂလာမောင်နှံအိပ်ခန်းဖြစ်အောင် ပြင်မလို့တဲ့။ အဲဒါပြီးရင် နင်တို့ လက်ထပ်ဖို့ ပြင်တော့တဲ့။ ငါလဲ ပေးစရာရှိတာ ခွဲပေးပြီးရင် သွားတော့မယ် လို့ ပြောလို့ ကျွန်မမှာ ၀မ်းသာလိုက်ရတာရှင်။ ဒါပေမယ့် မနေ့ညကတော့ သန်းခေါင်ကျော်လောက်မှာ ဟိုညက ကြားခဲ့ရတဲ့ ခြူသံကို ပြန်ကြားလိုက်ရတယ်။ ဒီတစ်ခါတော့ သေသေချာချာကို ကြားလိုက်ရတာရှင့်။  အဲဒီအသံကြားကြားခြင်း ကျွန်မ မမရဲ့ အဖြစ်ကို တစ်ခါထဲ မျက်စိထဲတန်းမြင်တော့တာပါပဲ။  ဒါနဲ့ ဆက်လဲ မအိပ်ရဲပါဘူး။ ဘယ်သူ့ကို အကူအညီတောင်းရမလဲ စဉ်းစားရင်း ကိုမင်းညိုကို သတိရမိတာနဲ့ မိုးလင်းလင်းချင်းပြေးလာခဲ့တာပဲ။  ကျွန်မကို ကယ်ပါဦးကိုမင်းညိုရယ်။ မမသေသလို မသေချင်ဘူး။… မသေချင်သေးဘူး” ဟု ပြောရင်း ချုံးပွဲချ ငိုပြန်ပါလေသည်။

ကိုမင်းညိုက “ဟုတ်ပြီ။ ကျုပ် တွေးလို့ရပြီ မမူယာ။ အချိန်တော့ဖြင့် သိပ်မရဘူး။ ဒီည အဲဒီအခန်းထဲကို ကျုပ်တို့ လာလို့ရမလား။ ဦးဘသိုက် သိလို့လည်း မဖြစ်တော့ ကျုပ်တို့ ၀င်လို့ရအောင်ခင်ဗျား စီမံပေးနိုင်ပါ့မလား။”

ထို့နောက် ကျွန်ုပ်ဘက်လှည့်၍  “ဘယ်လိုတုန်း ကိုဝဏ္ဏ၊ လိုက်ခဲ့မယ် မဟုတ်လား။ ခင်ဗျား တစ်ယောက်ပါတော့ အနည်းဆုံး မျက်မြင်သက်သေရတာပေါ့” ဟု မေးရာ ကျွန်ုပ်မှာ ကိုမင်းညို၏စွန့်စားခန်းတစ်ခုကို ကြည့်ရတော့မည် ဖြစ်သဖြင့် စိတ်အားထက်သန်လှသော်လည်း ကျားသစ်ရန်ကိုလည်းကြောက်သေးရာ “ခြံထဲမှာ ကျားသစ်လွှတ်ထား တယ်ဆို” ဟု မူယာအား မေးရာ ထိုကျားသစ်မှာ အရွယ်ရောက်ပြီး တောစိတ်ဝင် ကြမ်းလာသဖြင့် သစ်တောဘက်ကို ပြန်အပ်ပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို လှူလိုက်တာခြောက်လလောက်ရှိပြီ ဖြစ်ကြောင်း ပြောပြသဖြင့် အားရ၀မ်းသာ ခေါင်းငြိမ့်လိုက်လေတော့သတည်း။

*** *** *** *** ***

သန်းခေါင်ယံက မြခြူသံကို လက်သည်ဖော်ပြီ

ကိုမင်းညိုသည် မူယာ့ကို ဆောင်ရွက်စေချင်သည်များကို အသေးစိတ် မှာကြားကာ ရထားလုံးတစ်စီးဖြင့် တင်လွှတ်လိုက်ပြီး “ကိုင်း ကိုဝဏ္ဏရေ.. နေတောင်အတော်မြင့်သွားပြီး။ ဗိုက်ထဲ ဆာလိုက်တာဗျာ။ ဟိုတစ်နေ့က ခင်ဗျား တိုဟူးပျော့စားတဲ့ဆိုင်က တရုတ်မြီးရှည် ကောင်းတယ်ဗျ။ ဒီအချိန် ရသေးတယ်။ သွားရအောင်ဗျို့” ဟုဆိုကာ ဈေးဘက်သို့ထွက်ခဲ့ကြ လေ၏။

ကိုမင်းညိုက “မြီးရှည်ဆိုတာ ၀က်သားကို မြေ့နေအောင်ပြုတ်ထားရတယ်ဗျ။ သာကုမှုန့်တွေကို ပြစ်နေအောင် ကျိုထားတဲ့ ကော် လည်း ပါမှ၊ မုန့်ညင်းချဉ်ကလည်းအိမ်လုပ် မုန့်ညင်းချဉ် အစိမ်းမှ၊ ကြက်သွန်ဖြူအရည်လေးဆမ်းပြီး ပဲပင်ပေါက်လဲပါမှ၊ ပဲငပိကောင်းကောင်းလေးနဲ့မှ  မြီးရှည်အင်္ဂါရပ်နဲ့ ညီတာဗျ။  ခင်ဗျားတို့ရန်ကုန်ကမြီးရှည်ဆိုတာ ဟုတ်ကိုမဟုတ်ဘူး။ မုန့်တီသုပ် နန်းကြီးသုပ်ထဲမှာ ထည့်တဲ့ ကြက်သားဟင်းကိုထည့်ပြီး ကြက်သွန်ကြော်တို့ ဘဲဥတို့လည်း ထည့်သေးတယ်။ မြီးရှည်မဟုတ် မုန့်တီမဟုတ်တဲ့ ဘာကြီးမှန်းမသိတာကိုကျုပ်ဖြင့် မစားတတ် ပါဘူးဗျာ။ မြီးရှည်ဆိုတာ ၀က်သားနဲ့မှ ကောင်းတာဗျ” ဟု မူယာ့ကိစ္စကိုစိုးစဉ်းမျှ စဉ်းစားဟန်မတူဘဲ မြီးရှည် ဋီကာကို ဖွင့်နေလေတော့သဖြင့် ကျွန်ုပ်မှာ မနေနိုင်ဘဲ “မြီးရှည်က အသာထားစမ်းပါဗျာ။ မူယာ့ ကိစ္စကို ဘယ်လိုလုပ်မှာတုန်း။” ဟု စိတ်စောပြီးမေးရာကိုမင်းညိုက “အချိန်တန်မှ ဖော်ထုတ်လို့ ရမှာပေါ့ဗျာ။ ကျုပ်မှန်းတဲ့အတိုင်း သာဆိုရင်တော့အဲဒီ ပြောက်ကြားကြိုးခွေကြီးဟာ ခင်ဗျာ့း ကျားသစ်ထက် ပိုပြီး ကြောက်စရာ ကောင်းလိမ့်မယ်ဗျို့”ဟု အေးဆေးစွာ ပြန်ပြောလိုက်လေ၏။

ထို့နောက် ကျွန်ုပ်တို့သည် ကိုမင်းညိုအိမ်သို့ပြန်လာကြပြီးနောက် ကိုမင်းညိုတစ်ယောက်တည်း ပြန်ထွက်သွားရာ ညနေစောင်းခါနီးမှ  ပြန်ရောက်လာလေ၏။  ကိုမင်းညိုက “ကိုင်း ကိုဝဏ္ဏရေ.. လှုပ်ရှားကြစို့ဗျာ” ဟု ဆိုကာ မူယာတို့အိမ်ဘက်သို့ ထွက်ခဲ့ကြ၏။ “ဒေါက်တာဘသိုက် ဆိုတဲ့လူကြီးက ကောင်မလေးတွေရဲ့ အမွေတွေကို အကုန် လိုချင်လို့ အပိုင်ကြံတာဗျ။ ကျုပ် နေ့လည်က စုံစမ်းခဲ့ပြီးပြီ။ တော်တော်အန္တရာယ်ကြီးတဲ့လူကြီး။ အဲဒီ သစ်တောထဲက လူတွေတို့၊ ညကြီးသန်းခေါင် ကြားရတဲ့ခြူသံတို့၊ ပြောက်ကြားကြိုးခွေတို့ ဘယ်လို ဆက်စပ်သလဲဆိုတာတော့ အားလုံးပြီးမှ လိပ်ပတ်လည်မှာပဲ” ဟု ပြောပြ၏။

မူယာသည် ကျွန်ုပ်တို့နှစ်ဦးကို ကောင်းစွာဆီးကြိုပြီး “ဦးဘသိုက်ကတော့ မြို့ထဲဘက်ကို သွားတယ်။ ညဦးပိုင်း လောက်မှ ပြန်ရောက်လိမ့်မယ်” ဟုအိပ်ခန်းများကို လိုက်လံပြသရင်း ပြောလေ၏။ ကိုမင်းညိုသည် မသူဇာအိပ်ခဲ့သော အခန်းကို အထူးသေချာစွာ ကြည့်ရှုရင်း “ အပြင်ဘက်ကလူ ၀င်လာဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အလို.. ဒီ ကြိုးလေးက ဘာတုန်းဗျ။” ဟု ကုတင်ခေါင်းရင်းဘက်တွင် တန်းလန်းချထားသောကြိုးလေးကို ညွှန်ပြရင်း မေးလိုက်ရာ –

“ဒါ အရင်ကတည်းက ဦးဘသိုက်ကြီးဆင်ထားတာ။ အိမ်ဖော်တွေဘာတွေ ခေါ်ချင်ရင် ဆွဲဖို့ ခေါင်းလောင်းကြိုးပါ။  နောက်ပိုင်းတော့ အိမ်ဖော်တွေလည်း ပြေးကြတာနဲ့ပဲ မသုံးဖြစ်ပါဘူး”ဟု မူယာက ပြန်ဖြေ၏။

ကိုမင်းညိုသည် ကြိုးကိုဆွဲကြည့်ရာ ဘာသံမှ ထွက်မလာချေ။ ကြိုးသည် ကုတင်ခေါင်းရင်း နံရံရှိ တရုတ်ကပ် လေ၀င်ပေါက်မှတစ်ဆင့် ဦးဘသိုက် အခန်းဘက်သို့ဝင်သွား၏။

“အင်း လေ၀င်ပေါက်ကို လေ၀င်လေထွက်ရှိတဲ့ဘက်မှာမထားဘဲ အတွင်းခန်းကိုဆက်ထားတာထူးဆန်းတယ်။ လာဗျာ ဦးဘသိုက်အခန်းထဲ ၀င်ကြည့်ရအောင်”

အခန်းထောင့်တွင် လေးထောင့်စပ်စပ်သံသေတ္တာတစ်လုံးတွေ့ရာ မူယာက “သူ့တိုလီမိုလီတွေထည့်ထားတဲ့သေတ္တာ” ဟု ရှင်းပြ၏။

ကိုမင်းညိုက “သူက ကြောင်တွေဘာတွေလဲ မွေးသလားဗျ” ဟုပန်းကန်ပြားတစ်ချပ်တွင် ထည့်ထားသော နို့ အနည်းငယ်ကို ညွှန်ပြရင်း ဆက်မေးလိုက်၏။

“ကျွန်တော် စဉ်းစားမိပြီ မမူယာ၊  ခင်ဗျားရဲ့ အသက်အန္တရာယ်ကတော့ တော်တော်လေးကိုစိုးရိမ်ဖွယ်ရာ ဖြစ်နေပြီပဲ။ ဒီည ကျွန်တော်တို့နှစ်ယောက်ကို ဒီအခန်းထဲမှာ နေခွင့်ပေးရလိမ့်မယ်။ ကျွန်တော်တို့ အခု ခြံအပြင်ဘက်မှာ ခဏထွက်နေဦးမယ်။ ဦးဘသိုက် အိပ်ရာဝင်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ကို ပြတင်းပေါက်ကနေ မီးရောင်ပြပြီး အချက်ပေးလိုက်ပါ။ တံခါးကိုဖွင့်ထားခဲ့ပါ။ ခင်ဗျားကတော့ ကိုယ့်အခန်းမှာ ကိုယ်ပြန်အိပ်ပါ။ ကျွန်တော်တို့ ပြတင်းပေါက်ကတစ်ဆင့် ဒီအခန်းထဲကို ၀င်လာခဲ့မယ်။ ခြူသံကို စောင့် နားထောင်ရမှာပဲ” ဟု ကိုမင်းညိုက သူ့အစီအစဉ်ကို ပြောပြ၏။

“ကျွန်မအမကို ဒီလူကြီး သတ်ပစ်လိုက်တာလား ကိုမင်းညို”ဟု မူယာက တုန်လှုပ်စွာ မေးသည်။

“ကျွန်တော်ရှင်းပြဖို့အတွက် သက်သေအထောက်အထားတွေလိုတယ် မမူယာ၊ အခုတော့ သွားလိုက်ဦးမယ်။ ဘာမှ မစိုးရိမ်ပါနဲ့။ ဒီည မူယာ မှည့်တစ်ပေါက် မစွန်းစေရပါဘူး”ဟု ဆိုကာ ထိုခြံအတွင်းမှ ထွက်ခဲ့ကြလေတော့သည်။

လမ်းတွင် “ဒီညတော့ သေမင်းနဲ့ နပန်းလုံးကောင်း လုံးရလိမ့်မယ်ကိုဝဏ္ဏရေ..၊ ဒီဆရာဝန်ကြီးက သိပ်ကောက်ကျစ်ပြီး ဥာဏ်သွားတဲ့ လူကြီးပဲဗျ။ ခင်ဗျားနဲ့ကျုပ် ပြန်တွေ့ရတာ ဒီကိစ္စ္ဂရှင်းဖို့များလားတောင်မသိဘူး” ဟုဆိုကာ နှစ်ခြိုက်စွာ ရယ်မောလေ၏။

“ကျွန်တော်ကလည်း ဒါမျိုးကြုံချင်တာ ကိုမင်းညိုရေ..တွေ့ကြပြီပေါ့ဗျာ”

“ကျေးဇူးပါပဲဗျာ။ ခင်ဗျားက အဖော်ကောင်းပဲ။  ဒီလို ကိုဝဏ္ဏရဲ့..  ခေါင်းရင်းက ခေါင်းလောင်းကြိုး တွေ့တယ် မဟုတ်လား။ လေ၀င်ပေါက်ကနေ ဟိုဘက်အခန်းထဲကိုဝင်သွားတာ။ အခန်းနှစ်ခန်းကို ဆက်သွယ်ထားတာ အဲဒီတစ်ပေါက်ပဲရှိတယ်။ ဟိုညက မသူဇာ ဆေးလိပ်မီးခိုး မွှန်တယ်ဆိုတာ အဲဒီအပေါက်က ၀င်တာပေါ့။”

“အင်း.. သဘောက်ပေါက်ပြီဗျ”

“ပြီးတော့ ခင်ဗျား ခုတင်ကို သတိထားမိလား။ ကြမ်းပြင်မှာ မူလီစုပ်ထားတာ။ရွှေ့လို့မရဘူး။ ခုတင်ပေါ်မှာ အိပ်နေရင် ခေါင်းလောင်းကြိုးနဲ့ ထိနေတယ်။”

“ ဟာ….. ကိုမင်းညို…  ကျုပ် နားလည်ပြီ။  ဒါ … ဒါ…  သေသေချာချာကြံစည်ထားတဲ့ လူသတ်မှုပဲဗျ။”

“ဟုတ်တယ် ကိုဝဏ္ဏ။  ဒါကြောင့် ကျုပ်ပြောပါကောလား.. ဒီလူကြီး တော်တော်ရက်စက်ပြီး ကောက်ကျစ်တယ်လို့။  ဒီညတော့ကျုပ်တို့ မူယာ့ကို ကယ်နိုင်မယ်လို့ ထင်ပါရဲ့ဗျာ..” ဟု ကောင်းကင်က ထွက်ပြူစ လမင်းကြီးကို မော့ကြည့်ရင်း  တစ်ခွန်းချင်း ပြောလိုက်လေတော့၏။

*** *** *** *** ***

သေမင်းတမာန်ည

ကျွန်ုပ်နှင့် ကိုမင်းညိုသည်ဦးဘသိုက်ခြံကြီး၏ ဘေးဘက်တွင် ငြိမ်သက်စွာ ခိုနေရင်း အလယ်အိပ်ခန်းပြတင်းပေါက်ကို အာရုံစူးစိုက်ကြည့်နေကြ၏။ ကျွန်ုပ်တွင် လိုလိုမည်မည် ရှစ်လက်မဓားမြှောင်တစ်ချောင်းပါပြီးကိုမင်းညိုမှာမူ ထိပ်တွင် သံစွပ်ကလေးစွပ်ထားသော ချယ်ရီသား တုတ်ကောက်တစ်ချောင်းသာပါ၏။ မကြာမီ ထိုပြတင်းတံခါး ဖြေးညင်းစွာ ပွင့်လာပြီး လက်နှိပ်ဓာတ်မီးရောင်ဖြင့် သုံးကြိမ်မျှ ဝှေ့ယမ်းပြပြီးလျှင် ပြန်လည်ပျောက်ကွယ်သွားသည်ကို တွေ့ရ၏။

ကျွန်ုပ်တို့လည်းခြံအတွင်းသို့ ခြေသံလုံလုံဖြင့် ၀င်ရောက်ပြီး ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ဝင်ခဲ့ကြ၏။  နေ့ခင်းကတည်းက မှတ်သားခဲ့သဖြင့် မှောင်ထဲမှာပင် ကုတင်အနီးတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေနိုင်၏။ ကျွန်ုပ် စိတ်ထင် တစ်နာရီကျော်မျှအကြာတွင်.. တစ်ဖက်ခန်းမှ မီးရောင်တစ်ခု ဖြတ်ခနဲ လင်းသွားပြီးနောက် အသံတစ်ခု ကြားလိုက်ရ၏။ ထို့နောက် ပြန်လည်ငြိမ်သက်သွား၏။  ကျွန်ုပ်တို့မှာအသက်ရှူသံပင်မထွက်အောင် ငြိမ်နေခိုက် တစ်စုံတစ်ခု ညင်သာစွာလှုပ်ရှားနေသံကိုကြားရပြီး ကိုမင်းညိုသည် လက်ထဲကတုတ်ဖြင့် ခေါင်းလောင်းကြိုးကို ၀ှီးခနဲ ရိုက်ချလိုက်၏။

“တွေ့လိုက်လား ကိုဝဏ္ဏ”ဟု ဆိုသော်လည်း ကျွန်ုပ် ဘာကိုမျှ မတွေ့လိုက်ပါချေ။

ထိုစဉ် တစ်ဖက်အခန်းမှ ခြူလုံးကလေးများကို လှုပ်ခတ်လိုက်သံ နှစ်ချက် သုံးချက်မျှ ထွက်ပေါ်လာရာ လေ၀င်ပေါက် တရုတ်ကပ်သို့ မော့ကြည့်မိစဉ် နာကျင်စွာ အော်လိုက်သော အသံကိုပါ တစ်ဆက်တည်း ကြားလိုက်ရလေ၏။ ထို့နောက် ပြန်လည် ငြိမ်သက်သွားလေ၏။ “ဘာတွေဖြစ်ကုန်ပြီလဲဗျာ” ဟု တုန်ရီစွာဖြင့် မေးကြည့်ရာ ကိုမင်းညိုက “ကိစ္စ ပြီးပြီထင်ပါရဲ့” ဟု ပြန်ဖြေပြီး တစ်ဖက် အခန်းသို့ ထွက်ခဲ့ကြ၏။

အခန်းတွင်းသို့ ရောက်သောအခါသံသေတ္တာမှာ ပွင့်လျက်ရှိပြီး ဦးဘသိုက်သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် လေ၀င်ပေါက်တရုပ်ကပ်သို့ မျက်လုံးပြူးကြီးဖြင့် ကြည့်နေသည်ကို တွေ့ရပြီး ခေါင်းပေါ်တွင် အ၀ါအစိမ်းအညို ပြောက်ကြားအဆင် အခွေတစ်ခွေ တင်လျက် တွေ့ရ၏။

“သေနေလောက်ပြီဗျ။  ပြောက်ကြားကြိုးခွေဆိုတာအဲဒါပေါ့ဗျ။” ဟုကိုမင်းညိုက ရှင်းပြ၏။ ထိုစဉ် ပြောက်ကြား ကြိုးခွေမှာ လျှောကျသွားပြီး ဦးခေါင်းမှာလည်းဇက်လည်ကျလာလေသည်။

“ကိုဝဏ္ဏရေ.. သတိထားဗျနော်..အဲဒါ မြွေဗျ။ ဟိမ၀န္တာတောနက်ထဲက မြွေ၊ ပေါက်လိုက်ရင် ဆေးမမီဘူး။ တောထဲမှာ နွယ်ပင်တွေပေါ်ကနေ ရန်သူ့ခေါင်းပေါ်ကိုခုန်ချပြီး ငယ်ထိပ်ကိုမှ ရွေးပေါက်တတ်တာ။ ဦးဘသိုက်ကြီး သူ့ကြောင့်ပွဲချင်းပြီးသွားတာ။ ဒီမြွေကို သေတ္တာထဲ ပြန်ရောက်အောင်လုပ်ရမယ်” ဟုဆိုကာ လက်ကိုင်တုတ်ဖြင့်မြွေကို အထူးသတိထား ချိတ်ပြီး သေတ္တာထဲသို့ ပြန်ထည့်လိုက်၏။

“အဲဒါ မြွေမှန်းဘယ်လိုလုပ်သိသလဲကိုမင်းဒင်”

“ပထမတော့ ဟိုလူကြမ်းတွေလက်ချက်လို့ထင်တာဗျ။ ဒါပေမယ့် အိပ်ခန်းကို ကြည့်တော့ လေ၀င်ပေါက်ကနေ တစ်ခုခုဝင်လာရမယ်။ ခေါင်းလောင်းကြိုးကနေတစ်ဆင့်ကုတင်ပေါ်ကို ကူးရမယ်။ ပြီးတော့ နို့ပန်းကန်ပြား။ မြွေက နို့သောက်တယ်ဗျ။  သစ်တောထဲက လာတယ်ဆိုတဲ့ ဦးဘသိုက်မိတ်ဆွေ လူကြမ်းတွေယူလာပေးတာ ဖြစ်ရမယ်။ မြွေက လေ၀င်ပေါက်ကတစ်ဆင့် ခေါင်းလောင်းကြိုးက လျှောဆင်းသွားပြီး ခြူသံပေးလိုက်ရင် ပြန်လာအောင်လေ့ကျင့်ပေးထား တာ။  ဒီ သံသေတ္တာက မြွေလှောင်အိမ်။ သံပြားကျတဲ့အသံလိုလို အဖုံးပိတ်သံလိုလိုဆိုတာ ဒီသေတ္တာအဖုံးကို ဖိချလိုက်တဲ့အသံ။  မသူဇာကို မကိုက်ခင် ဒီလမ်းကြောင်းကနေ အကြိမ်ကြိမ် လေ့ကျင့် ပေးထားပုံရတယ်။ ဒါကြောင့် ညကြီးသန်းခေါင် ခြူသံကြားရတယ်လို့ ပြောတာ။ အစွယ်ကသေးသေးလေး။ ခေါင်းကိုပေါက်ထားတော့ ဒဏ်ရာရှာရင် တွေ့ဖို့မလွယ်ဘူး။ မူယာလည်း ကျုပ်တို့ဆီကိုသာ ရောက်မလာရင် ဒီလမ်းကိုလိုက်ရရှာမှာပဲဗျ။  ဒီညမှာတော့ မြွေရောက်လာတဲ့အချိန်မှာ ကျုပ် ရိုက်လွှတ်လိုက်တာကိုး။ မြွေကစိတ်ဆိုးပြီး ပြန်အတက်မှာ ဦးဘသိုက်ငယ်ထိပ်ကို ပေါက်ထည့်လိုက်တာ။ ဒီလိုလူကြီးမျိုးကိုတော့ ကျုပ် မသနားမိပေါင်ဗျာ။ နောက်ဆုံးတော့သူလုပ်တဲ့အတိုင်း သူ ပြန်ခံရတာပဲ။”

*** *** *** *** ***

ကျွန်ုပ်လည်း နားရက်စေ့ပြီဖြစ်သဖြင့် ရန်ကုန်သို့ ပြန်ခဲ့ပြီး များမကြာမီ မူယာမှာ ကိစ္စများအားလုံး ရှင်းလင်းပြီး သူမအား လက်ထပ်ခွင့်တောင်းသူနှင့် လက်ထပ်တော့မည့်အကြောင်း၊ ကျွန်ုပ်ကိုလည်း မင်္ဂလာဆောင်လာဖြစ်အောင် လာရန် ဖိတ်စာနှင့်တကွ ဖိတ်ကြားလေ၏။ မင်္ဂလာဆောင်တွင် ကိုမင်းညိုနှင့် ထပ်မံဆုံတွေ့ကြပြီးနောက်  ကျွန်ုပ်တို့နှစ်ဦးအား မင်္ဂလာမောင်နှံမှ ကောင်းစွာ ကန်တော့လေ၏။

မူယာမှာ ပထမတွေ့စကကဲ့သို့မဟုတ်တော့ဘဲ ကျန်းမာလန်းဆန်းကာ အထူးပျော်ရွှင်နေပုံရ၏။  သူမဘ၀၏ ကံဆိုးမိုးမှောင်ကျသော အစိတ်အပိုင်းများကို မေ့ဖျောက်ပြီး ဘ၀သစ်ကို စတင်ခဲ့ပြီဖြစ်သော်လည်း သန်းခေါင်ယံက မြခြူသံ နှင့် ပြောက်ကြားကြိုးခွေကိုမူ ဘယ်သောအခါမှ မေ့နိုင်လိမ့်မည် မဟုတ်ပါချေ။

“ကိုမင်းညို…  ခင်ဗျားရဲ့စွန့်စားမှုတွေကို စာရေးလိုက်ရရင်တော့ခင်ဗျားလည်း စုံထောက်မောင်စံရှား တို့  ဆားပုလင်းနှင်းမောင်တို့လို  “လူစွန့်စားမင်းညို” ဆိုပြီး ကျော်ကြားဦးတော့မှာပဲ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုမင်းညိုမှာ သူ့ထုံးစံအတိုင်း နှစ်သက်စွာ ရယ်မောလိုက်လေတော့သတည်း..။

“ ဟား…ဟား…ဟား….ဟား…..”

လူစွန့်စားမင်းညို နှင့် သံသယ သံသရာ

တစ်နေ့သ၌ကျွန်ုပ်၏မိတ်ဆွေကြီး ကိုမင်းညိုထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့၏။ စာမှာ အောက်ပါအတိုင်းဖြစ်လေသည်။

သို့/ ကိုဝဏ္ဏ
မြန်မာပြည်မြောက်ပိုင်းဘက်မှာနေတဲ့ ကျုပ်မိတ်ဆွေတစ်ယောက် ဆီက အကူအညီ လှမ်းတောင်းထားလို့ အဲဒီဘက်ကိုခရီး ထွက်ဖို့ စီစဉ်နေတယ်။ အဆင်ပြေမယ်ဆိုရင် လိုက်ခဲ့စေချင်တယ်။ ကျုပ်တို့အတွက် အတွေ့အကြုံ ကောင်းကောင်းတစ်ခု ရလိမ့်မယ်။ အသေးစိတ်ကိုတော့ တွေ့မှ ပြောတော့မယ်။ ဒီလမကုန်ခင် သွားကြမယ်။ ခင်ဗျား မန္တလေးကို တစ်ပတ်အတွင်း အရောက် လာခဲ့ပါ။
မင်းညို

သို့ဖြင့် ကျွန်ုပ်လည်း အလုပ်မှ လက်ကျန်ခွင့်ရက်များကိုအကုန်ယူခဲ့ပြီး ကိုမင်းညို နှင့် ဆုံရန် မန္တလေးသို့ အမြန်ထွက်ခဲ့တော့၏။

ကျွန်ုပ်နှင့် ကိုမင်းညိုတို့ မန္တလေးတွင်ဆုံကြပြီးနောက်မန္တလေးမှ မြစ်ကြီးနား၊ ထိုမှ ဖားကန့်၊ ထိုမှတစ်ဆင့် လီဒိုလမ်းမကြီးတစ်လျှောက် အိန္ဒိယနယ်စပ်ဘက်သို့ ကားဖြင့် တောက်လျှောက် ထွက်လာခဲ့ကြရာ ဒွန်ဘန်ဟုခေါ်သော ရွာငယ်လေးတစ်ခုတွင်တစ်ထောက်နားကြ၏။ ယခင်က အိန္ဒိယ မြန်မာဆက်သွယ်သော လီဒိုလမ်းမကြီးကား ယခုအခါ တောလမ်းကြမ်းအဖြစ်သို့ ရောက်နေပြီးလျှင် မကြာခဏလည်းဗွက်နစ်သည့် ဒုက္ခကို တွေ့ကြုံရ၏။

သို့ဖြင့် ဆက်လက် ထွက်ခွာလာခဲ့ကြရာ ကိုမင်းညို၏ မိတ်ဆွေနေထိုင်သောရွာသို့ ညနေ မစောင်းမီလေးတွင် ရောက်ရှိခဲ့လေ၏။ ရွာအမည်မှာ ရှင်လုံခ ဟူခေါ်ပြီး တနိုင်းနှင့် ရှင်ဗွေယန် အကြားတွင် တည်ရှိသော ရွာကလေးတစ်ရွာဖြစ်၏။ သွားရခက်ပြီး အလွန် ရောက်ပေါက်ခဲလှ သော ဒေသဖြစ်သဖြင့်ကျွန်ုပ်ကို ပါအောင်ခေါ်ခဲ့သော ကိုမင်းညိုကိုပင် ကျေးဇူးတင်နေရ ပေသေး၏။ ရွာကလေးမှာအိမ်ခြေသိပ်မများလှဘဲ ခရစ်ယာန်ရွာကလေး တစ်ရွာ ဖြစ်သည့်အလျောက် ဘုရားရှိခိုးကျောင်းကလေးတစ်ကျောင်းလည်းရှိ၏။ အိမ်များမှာလည်း ရှေးယခင်ကတည်းက ပြောင်းလဲမှုများစွာရှိလှသည့် ပုံမပေါ်ဘဲ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသည့်ပုံစံဟောင်းဟောင်းအိမ်များကိုသာ တွေ့ရလေသည်။

ကိုမင်းညိုကို ဖိတ်ကြားလိုက်သော မိတ်ဆွေမှာ ရစ်ချတ်ဟု ခေါ်ပြီး အသက် ၄၀ ကျော်ခန့်ရှိကာ ရွာ၏ အကြီးအကဲတစ်ဦးလည်းဖြစ်၏။ ရစ်ချတ်သည် ကျွန်ုပ်တို့နှစ်ဦးကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီးသူ့အိမ်တွင်ပင် တည်းခိုရန် နေရာချထားပေး၏။

ကျွန်ုပ်တို့လည်း ထိုညအဖို့ ခရီးပင်ပန်းလာသည်နှင့်အမျှကောင်းစွာအနားယူ အိပ်စက် ကြပြီး နောက်တစ်နေ့နံနက်စောစောတွင် အိမ်ရှင် ရစ်ချတ် ဧည့်ခံသောနံနက်စာကို စားသောက်ရင်း ကျွန်ုပ်တို့ကို ခေါ်ရသော အကြောင်းကိစ္စကို သေချာစွာ မေးမြန်းရလေတော့၏။ ကိုရစ်ချတ် ပြောပြသော အကြောင်းအရာများကိုနားထောင်မိရာမှ ကျွန်ုပ်၏ မိတ်ဆွေကြီး ကိုမင်းညို အဆုံးသတ်ဖြေရှင်းပေးခဲ့ရသော ဤ “လူစွန့်စားမင်းညို နှင့် သံသယ သံသရာ” ဟူသော ၀တ္ထု ဖြစ်ပေါ်လာရပေတော့သတည်း။

ကိုရစ်ချတ်ပြောပြသည့် ရှင်လုံခ ရွာကလေးတွင် ဖြစ်ပွားခဲ့သည့်ထူးဆန်းအံ့သြဖွယ်ရာ အကြောင်းအရာများမှာ အောက်ပါအတိုင်းပင် ဖြစ်လေတော့သည်။

“ဒီိလို ဆရာမင်းညိုရဲ့… ဒီကိစ္စဟာ ကျွန်တော့်အဖိုးဦးရစ်ချတ်တို့ခေတ်ကတည်းက စ ဖြစ်ခဲ့တာ။ ကျွန်တော့်နာမည် ရစ်ချတ်၊ ကျွန်တော့် အဖိုးနာမည်လဲ ရစ်ချတ်၊ ကျွန်တော့် အဖေနာမည်လဲ ရစ်ချတ်ပဲဗျ။ ”

“ခင်ဗျားတို့ မှာ မှည့်စရာ နာမည် ဒီလောက်ရှားသလားဗျာ”

“ဒီမှာတော့ ဒီလိုပဲ မှည့်ကြတယ်ခမျ။ အဖိုးက လောရင့်ဆိုရင် သားလည်း လောရင့်၊ မြေးလည်း လောရင့်ပဲ၊ ခေါ်ရလွယ်တာပေါ့ဗျာ”

“အဖိုးရစ်ချတ်က သူကြီးဗျ။ သူတို့ခေတ်မှာ အမေဆိုးဆိုတဲ့ အဖွားကြီးတစ်ယောက် ရှိသတဲ့။ ရုပ်ဆိုးတဲ့အဖွားကြီးမို့လို့ အမေဆိုးလို့ခေါ်ကြသတဲ့။ ပြောသံကြားဖူးတာတော့ လပြည့်ညတစ်ည မှာ အဖိုးနဲ့ ဘုရားကျောင်းကဘုန်းကြီးနဲ့ လမ်းလျှောက်ထွက်လာကြရင်းအဲဒီ အမေဆိုးဟာ ရွာအနောက်ဖက်စွန်းမှာရှိတဲ့ သစ်မဲပင်ကြီးပေါ်ကို ဘေးတိုက်ကြီး တက်နေတာကို လရောင်မှာ တွေ့ကြရသတဲ့။ ပါးစပ်ကလည်း ဂါထာလိုလိုသီချင်းလိုလို ဆိုနေသတဲ့။ အဲဒီသစ်မဲပင်ကြီးက မက်သယူးတို့ အိမ်ခြံနားမှာရှိတာဗျ။ သစ်ကိုင်းတွေ ဖြာထွက်နေတာများ အကိုင်းတစ်ကိုင်း ဟာဆိုရင် မက်သယူးရဲ့ အိပ်ခန်းပြတင်းပေါက်က လှမ်းဆွဲလို့တောင် ရနိုင်တယ်ဆိုပဲ။ အဖိုးတို့ကလည်း သတ္တိကောင်းတွေပဲဗျာ။ သစ်ပင်နား ကပ်ကြည့်တော့ ပျောက်သွားရောတဲ့။ ဒါနဲ့ ဘာရမလဲ အမေဆိုး အိမ်ကို လိုက်ကြည့်တာပေါ့။ အိမ်ကတော့ မှောင်လို့ပဲတဲ့။ အပြင်ကနေ ခေါ်ကြည့်တော့ တော်တော်နှိုးယူရဆိုပဲ။ အဖွားကြီးကအိပ်မှုန်စုံမွှားနဲ့ ထ လာပြီး အဖိုးတို့ကို မြင်တော့ အံ့သြလို့တဲ့။ မက်သယူးကလည်း တစ်ချို့ လပြည့်ညတွေမှာ သစ်မဲပင်ပေါ်ကို တက်လိုက်ဆင်းလိုက် လုပ်နေတာ မြင်ဖူးတယ်လို့ ပြောတယ်ဗျ။ ဒါနဲ့ပဲ တိုတိုပြောရရင် အဖွားကြီးကို စုန်းမကြီးလို့ သမုတ်ခံရပြီးအဲဒီ သစ်မဲပင်ကြီးမှာပဲ မက်သယူးတို့က ကြိုးပေး သတ်လိုက်ကြသတဲ့ဗျာ။ ကြောက်ကြတာလဲပါမှာပေါ့။ အဖွားကြီးက ကြိုးပေးခံရခါနီးမှာ ဆာတန်မာရ်နတ်ကို တ ပြီး တစ်နေ့ငါ့ အကြောင်း ကောင်းကောင်းသိမယ် လို့ ကြိမ်းသွား သေးတယ်တဲ့ဗျ။ အဖိုးဟာ စိတ်မကောင်းပေမယ့် ဘာမှ မပြောနိုင်ဘူးဗျ။ သူကြီးဖြစ်ပြီးဘာမှ မပြောနိုင်တာကို သူ့မှာ အပြစ်ရှိတယ်လို့ ယူဆပြီး ဘုရားကျောင်းက ဖာသာ ဆီမှာအပြစ် သွားဖြေတယ်။ ဖာသာကတော့ အရာအားလုံးဟာ ဘုရားသခင် အလိုတော်အတိုင်းမို့ ဘာမှမတတ်နိုင်ပါဘူး လို့ နှစ်သိမ့်တာပေါ့ဗျာ။ နောက် လပြည့်ညတစ်ညမှာ မက်သယူးဟာ သူ့အိမ်ခန်းပြတင်းပေါက် ကနေ သစ်မဲပင်ဘက်လှမ်းကြည့်မိတော့ဘာကြီးမှန်းမသိဘူး တက်လိုက် ဆင်းလိုက် လုပ်နေတာကို တွေ့ရပြန်ရောတဲ့။ ခြေနှစ်ချောင်းလက်နှစ်ချောင်းထက် ပိုတာတော့ မှန်းလို့ရတယ်။ လှစ်ခနဲ့ ပျောက်သွားတယ်တဲ့။

ဒီလိုနဲ့ တစ်ရက်မနက်မိုးလင်းတော့ ခါတိုင်းမနက် ခြောက်နာရီလောက် ထ နေကျ မက်သယူးဟာ ရှစ်နာရီထိုးတဲ့အထိ ထ မလာလေတော့ အိမ်သားများကစိုးရိမ်ပြီး သူ့ အိပ်ခန်းကို သွားကြည့်တော့ တံခါးက အတွင်းက ဂျက်ထိုးထားတယ်ဗျ။ ဘယ်လိုနှိုးလို့မှမရလို့ နောက်ဆုံး တံခါးဖျက်ပြီး ၀င်ကြည့်တော့ လား လား မက်သယူးတစ်ယောက် ကုတင်ပေါ်မှာသေလို့တဲ့ဗျာ။ တစ်ကိုယ်လုံးလည်း မည်းနက်နေတယ်ဆိုပဲ။ အဆိပ်တွေ ဘာတွေများ သောက် သေသလား ဆိုပြီးဆေးဆရာနဲ့ စစ်ကြည့်တော့ အဆိပ်သောက်တဲ့ လက္ခဏာလည်း မတွေ့ပါဘူးတဲ့။ အခန်းထဲက ပစ္စည်းတွေအားလုံးလဲနေသာတကျ ရှိလေတော့ မစဉ်းစားတတ်အောင်ကို ဖြစ်ကုန်ကြတယ်။ ဘုရားကျောင်းက ဖာသာ ကြွလာပြီး ကွယ်လွန်သူအတွက် ဆုတောင်းဖို့ လုပ်တော့ ကုတင်ဘေး ကြမ်းပြင်ပေါ်ကျနေတဲ့ သမ္မာ ကျမ်းစာအုပ်ကလေးကိုတွေ့တယ်။ ဆာ မက်သယူးနောက်ဆုံးဖတ်သွားတဲ့ စာမျက်နှာ ပေါ့လေ။ ကျမ်းစာက ရှင်လုကာ အခန်း၈ “ဖြတ်ချပစ်လိုက်ပါ” ဆိုတဲ့ စာမျက်နှာပဲဗျ။ အဖိုး ရစ်ချတ်က သေသေချာချာ မှတ်ထားပြီး ကျုပ်တို့ကို ပြောပြခဲ့တာ။ ဆာမက်သယူး သေဆုံးရတာနဲ့ ပတ်သက်ပြီး အဖိုးဟာ တော်တော်ကိုသံသယကြီးခဲ့တာဗျ။ တစ်နေ့မှာ အဖြစ်မှန်ကို ရအောင်ဖော်ထုတ်ဖို့ ကျုပ်တို့ကို မှာခဲ့ပေတယ်။

ဆာမက်သယူးရဲ့ အိမ်သားတွေလဲ သူ့အိပ်ခန်းကို လုံးဝပိတ်ထားခဲ့လိုက်တာနှစ်တွေကြာလို့ ဟိုတလောဆီကမှ အိန္ဒိယဘက်မှာအလုပ် သွားလုပ်နေတဲ့ သူ့မြေး မက်သယူး ပြန်လာရာ ကနေ ဒီကိစ္စ အစ ပြန်ပေါ်လာတော့တာပဲဗျို့။ သူကကျုပ်သူငယ်ချင်းပါပဲ။ သူ့အဖိုး မက်သယူး ဆုံးပြီးတဲ့နောက် သူ့အဖေက သူ့ကို အိန္ဒိယဘက်ပို့ပြီး စာသင်ပေး အလုပ်တွေ ဘာတွေ အဲဒီမှာပဲလုပ်လို့ အခုမှ ပိုက်ဆံတွေဘာတွေနဲ့ ပြန်ရောက်လာတာဗျ။ သူက ရွာ ဘုရားရှိခိုးကျောင်းကို တိုးချဲ့မယ်ဆိုပြီး ကျောင်းနောက်က သင်္ချိုင်းဟောင်းကိုရှင်းတာကိုး။ အဲဒီမှာ သူ့အဖိုး လက်ထက်က ကြိုးပေးခဲ့တဲ့ အမေဆိုးရဲ့ သင်္ချိုင်းမြေပုံကို သွားတွေ့တာဗျ။ ရွာသား တွေနဲ့ တူးထုတ်ကြည့်တော့အထဲမှာ အရိုးတွေဘာတွေ ဘာဆို ဘာမှ မတွေ့ရဘူး တဲ့ဗျ။ ဒါပေမယ့် အဲဒီညကစပြီး သူ ကောင်းကောင်းမအိပ်ရတော့တာပါပဲဗျာ။ ညဘက်ဆို လေတွေ တိုက်၊ မီးဖိုကလည်း မီးပွားတွေလွင့်ခန်းဆီးတွေလည်း လေတိုက်တော့ တလှုပ်လှုပ်နဲ့ဆိုတော့ သူ အိပ်လို့မပျော်ဘူးတဲ့။ မနက်ကျပြန်တော့လည်းသူ့အိပ်ခန်းက အရှေ့ဘက်လှည့်ထားတော့ နေထိုး လို့ အစောကြီးနိုးနေပြန်တော့ အိပ်ရေးမ၀တာနဲ့ဘဲ အခန်းပြောင်းအိပ်ဖို့ ရွေးရင်း သူ့အဖိုး အိပ်ခဲ့တဲ့အခန်းကို ဖွင့်ကြည့်မိတာပဲ။ အိမ်သားတွေကဒီအခန်းက ပိတ်ထားတာလဲကြာ၊ အဖိုးကိစ္စကလည်း ဖြစ်ဖူးတော့ နိမိတ်မကောင်းတဲ့အခန်းမို့ မအိပ်ချင်ပါနဲ့လို့ ပြောတာ နားမထောင်ဘဲ ဇွတ် အခန်းရှင်းပြီး အိပ်ဖို့လုပ်တော့တာကိုး။

ဒီအချိန်မှာပဲ သူ့ဆီကို ဧည့်သည်တစ်ယောက်ရောက်လာတယ်ဗျ။ သင်းအုပ်ဆရာ ၀ီလျံ တဲ့။ သူ့အဖိုး ၀ီလျံကလည်း ကျုပ်တို့အဖိုးတွေလက်ထက်က ဖာသာပဲဗျ။ ဆာမက်သယူးကို သဂြုင်္ိဟ်ပေးခဲ့တဲ့ဖာသာကြီးပေါ့ဗျာ။ ၀ီလျံက သူ့အဖိုး ဖာသာဝီလျံရေးခဲ့တဲ့ ဆာမက်သယူး အကြောင်း မှတ်တမ်းစာအုပ်ကို ပေးဖို့ လာခဲ့တာ။ ဒါနဲ့ သူတို့နှစ်ယောက်လည်း စကားပြောရင်း စာအုပ်ကို ဖတ်ကြည့်ရာကနေ ဆာမက်သယူးနောက်ဆုံးဖတ်ခဲ့တဲ့ သမ္မာကျမ်းစာအုပ် ထဲက “ဖြတ်ချပစ်လိုက်ပါ” ဆိုတဲ့ ချက်ပတာအကြောင်း ရောက်သွားတယ်တဲ့။ ၀ီလျံက အဲဒီ ကျမ်းစာအုပ်ကလေး ရှိနိုင်သေးလားလို့ရှာကြည့်တော့ အိပ်ရာဘေးက စာအုပ်စင်မှာ အဆင်သင့် တွေ့ရပါတယ်။ မက်သယူးက ကိုင်း ဒီတစ်ခါဒီစာအုပ်ကို တစ်ချက် လှန်ကြည့်မယ်။ ဘာရေး ထားတာကို တွေ့ရမလဲ လို့ ဆိုပြီး လှန်ထည့်လိုက်တာ ဘာတွေ့လဲ ဆိုတော့ “နံနက်ဦးအချိန်တွင် သင် ကျွန်ုပ်ကို လာရှာသော်လည်း ကျွန်ုပ်ကားဤနေရာတွင် ရှိလိမ့်မည်မဟုတ်တော့ချေ” လို့ ရေးထား တာကို တွေ့ရတယ်။ မက်သယူးကလည်း ပြတင်းပေါက်အပြင်ဘက်ကိုလှမ်းကြည့်ရင်း အဖိုးလက်ထက်က ဖြတ်ချပစ်လိုက်ပါဆိုတာကို မြေးလက်ထက်မှာ မနက်ကျ မရှိတော့ဘူးလို့ ဆိုလိုတာဟာ ဒီ သစ်မဲပင် က အကိုင်းကြီးကို ပြောတာဖြစ်ရမယ် လို့ ဆက်ဆက်စပ်စပ် တွေးကြည့်ပြီး မနက်ဖြန်ကျရင် ဒီအကိုင်းကို ခုတ်ပစ်မယ်လို့ ပြောတယ်တဲ့။

ဒါပေမယ့် ခမျာများ မနက်ထိအောင် မခံရှာပါဘူး။ နောက်နေ့မနက်မိုးလင်းတော့ သူ့အဖိုး သွားတဲ့ လမ်းအတိုင်းပဲ အိပ်ရာထဲမှာ တစ်ကိုယ်လုံးမည်းပြီးတော့ သေနေတာ တွေ့ရတော့ တာပါပဲ။ ကျုပ်လည်း ဒီကိစ္စကို သံသယရှင်းချင်တာနဲ့ ကိုမင်းညိုတော့ဖြင့် ရှင်းနိုင် လောက်ရဲ့ လို့ ယူဆပြီးခင်ဗျားတို့ကို ဒီအရောက် ဖိတ်ရတာပါပဲ။ ခေါင်တာကတော့ အားနာတယ်ဗျာ” ဟု ရှည်လျားစွာရှင်းပြလေ၏။

ကိုမင်းညို ရှင်းပြီ

ကိုမင်းညိုလည်း အစမှ အဆုံး ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်နားထောင်ရင်း အချို့အချက်ကလေး များကို သေချာအောင် ထပ်မေး၏။ သင်းအုပ်ဆရာ ၀ီလျံလည်းရောက်လာပြီးထပ်မံ ရှင်းပြ၏။ ထို့နောက် ကိုမင်းညိုက “ကိုင်း လာကြဗျာ.. မက်သယူးရဲ့ အိပ်ခန်းတို့သစ်မဲပင်တို့ သွားကြည့်ကြရအောင်” ဟု ဆိုကာသစ်မဲပင်ကြီးရှိရာသို့ ထွက်ခဲ့ကြလေသည်။ သစ်ပင်ကြီးမှာ နှစ်ပေါင်းတစ်ရာခန့်ပင် ရှိပြီဖြစ်ရာလွန်စွာအိုမင်းပြီး အကိုင်းအခက်များ ကိုင်းကျနေသည်ကို တွေ့ရ၏။ မက်သယူး၏ အိပ်ခန်းကိုလည်း ၀င်ရောက်ကြည့်ရှုရာ အမှန်ပင် သစ်မဲပင်၏ အကိုင်းတစ်ကိုင်းမှာ ပြတင်းပေါက်နားရောက်နေပြီး ခုန်ကုး၍ပင် ရနိုင်သည့် အနေအထားတွင်ရှိ၏။

ကိုမင်းညိုက “ကျွန်တော်စဉ်းစားကြည့်မိတာတော့ ပြဿနာက ဒီသစ်ပင်ပဲဗျ။ သစ်ပင်ထဲ ဘာတွေရှိတယ် မဆိုနိုင်ဘူး။ ခင်ဗျားတို့ သဘောတူရင်ဖြိုကြည့်ချင်တယ်” ဟု ဆိုရာ ရစ်ချတ် နှင့် ၀ီလျံတို့က ခွင့်ပြုသဖြင့် သတ္တိကောင်းကောင်းရွာသားခြောက်ယောက်လောက် ၀ါးရင်းတုတ် တွေနဲ့ ၀ိုင်းထားပေးဗျာ။ နောက်တစ်ဖွဲ့က အကိုင်းတွေကစ ခုတ်။ ဘာပဲထွက်လာထွက်လာ ဆော်သာဆော်” ဟု ဆိုကာ သစ်မဲပင် ရှင်းလင်းရေးကို စလုပ်တော့၏။ ဘေးကိုင်းများ အတော်အတန်ရှင်းပြီးသောအခါပင်စည် အထက်တွင် အခေါင်းပေါက် တော်တော်ကြီးကြီးတစ်ခု ပေါ်လာ၏။ သတ္တိကောင်းသော ကာလသားတစ်ဦးမှ သစ်ခေါင်းထဲသို့ မီးတုတ်နှင့်ထိုးပြီး ကြည့်ရာမှ ကြောက်လန့်တကြား အောင်မယ်လေးဗျ ဟု အော်ပြီး သစ်ပင်ပေါ်မှ ပက်လက်လန် ကျလေတော့၏။ မီးတုတ်မှာ သစ်ခေါင်းအတွင်းသို့ ကျသွားပြီး သစ်မဲပင်ကြီးမှာ မီးစွဲလောင် လေတော့သည်။ ကျန်သောရွာသားများမှာ သစ်ပင်ကြီး မီးလောင်နေသည်ကို ကြည့်နေရင်း “ထွက်လာပြီ ထွက်လာပြီ”ဟု အလန့်တကြား အော်ဟစ်ကြလေ၏။ ကိုမင်းညိုက “ရိုက် ရိုက် ဘာဖြစ်ဖြစ် ရိုက်” ဟုသတိ ပေးမှ ၀ိုင်းရိုက်ကြရာ လူ့ဦးခေါင်းပမာဏခန့် ကိုယ်လုံးရှိပြီး တစ်ကိုယ်လုံးမီးခိုးရောင် အမွေးများဖုံးအုပ်လျက်ရှိသည့် တောကြီးပင့်ကူကြီး ဖြစ်နေသည်ကို အံ့သြစွာတွေ့ကြရ လေတော့သည်။ “ဟော ဟော တစ်ကောင် ထွက်လာပြန်ပြီ ဆော်ဟ ချ ဟ” နှင့် မီးဘေးမှ ထွက်လာကြသောပင့်ကူများမှာ ရွာသားများ၏ တုတ်ချက်အောက်တွင် အသက်ပျောက်ကြရလေ၏။ ကျွန်ုပ်တို့လည်းပင့်ကူ အသေကောင်များကိုပါ မီးထဲထည့် ပြာချ ပစ်လိုက်ကြ၏။ များမကြာမီ သစ်မဲပင်ကြီး တစ်ပင်လုံးလည်းပြာကျပြီး ရေများ ဖြန်းပြီး မီးငြှိမ်းလိုက်ကြလေတော့သည်။ ပြာများအကြားတွင် လူ အရိုးဟုယူဆနိုင်သော အရိုးများ၊ ဦးခေါင်းရိုးနှင့် အ၀တ်စ အစုတ်များကို တွေ့ကြရလေရာ ဆာမက်သယူးတို့ခေတ်က အမေဆိုး ဆိုသော စုန်းအစွပ်စွဲခံ သနားစရာအဖွားအိုကြီး၏ အရိုးများဖြစ်နိုင်ကြောင်း ကိုမင်းညိုက မှတ်ချက်ပေး၏။ သစ်ခေါင်းအတွင်းမှ ပင့်ကူတို့သည် ညအချိန်တွင် သစ်ကိုင်းမှ တစ်ဆင့်အိပ်ခန်းတွင်းသို့ကူးလာပြီး အိပ်ရာထဲမှ မက်သယူး မြေးအဖိုး၏ ခေါင်းကို ဖောက်ကာ ဦးနှောက်ကိုစုပ်ယူစားသုံးပြီး ထိုသစ်ကိုင်းမှပင် သစ်ခေါင်းတွင်းသို့ ပြန်ဝင်သွားကြကြောင်း တောကြီးပင့်ကူတို့၏ သဘောသဘာဝကို လည်း အားလုံး သဘောပေါက်အောင် ရှင်းပြ၏။ အမေဆိုး၏အလောင်းကိုလည်း ပင့်ကူကြီးများကပင် အသိုက်ထဲသယ်ယူပြီး စားသောက် ထားကြဟန် ရှိကြောင်းပြောပြ၏။

သို့ဖြင့် နိဂုံးချုပ်ရသော်..

အဖိုး မက်သယူးတို့ခေတ်က လက်သည်မပေါ်ဘဲထူးဆန်းစွာ သေဆုံးခဲ့ရသည့် အကြောင်းရင်း သံသယတို့သည် မြေး မက်သယူးခေတ်တွက် သံသရာတစ်ပတ်လည်ပြီးတိုက်ဆိုင်စွာ သေပုံသေနည်းတစ်ထပ်တည်းဖြင့် တမလွန်သို့သွားခဲ့ကြရသော မြေးအဖိုးနှစ်ဦး၏ ကံကြမ္မာကား အမေဆိုး၏ ကျိန်စာကြောင့်ပင် သစ်မဲပင် သစ်ခေါင်းအတွင်းရှိ နှစ်ချို့ပင့်ကူသိုက်ကြီး၏ အစာဖြစ်ခဲ့ ကြရရှာသလော ဟု တွေးနေမိရင်း ဤ ၀တ္ထုကို “လူစွန့်စားမင်းညိုနှင့် သံသယ သံသရာ” ဟု အမည်ပေး ကင်ပွန်းတပ်လိုက်ရပေတော့ သတည်း။ ။