Category Archives: သောင်းပြောင်းထွေလာ

Supermoon on the World (5th May 2012)

U.S. Space Agency NASA ၏ ထုတ်ပြန်ချက်အရ  ၂၀၁၂ မေလ ၅ ရက် (ကဆုန်လပြည့်နေ့ည) က ကမ္ဘာနှင့် အနီးဆုံးသို့ရောက်ရှိလာကာ သာမန်ထက် ၁၄% ပိုကြီးပြီး ၃၀% ပိုလင်းသော လမင်းကြီးအား ကမ္ဘာ့နိုင်ငံအသီးသီးမှ တွေ့မြင်ရပုံများကို စမ်းချောင်းဂျာနယ် ပရိသတ်ကြီး အတွက် တင်ဆက်လိုက်ရပါတယ်။

ဆက်သွယ်ရေးမှ လူကြီးမင်းများ ခင်ဗျား

ဆက်သွယ်ရေးမှ တာဝန်ရှိလူကြီးမင်းများခင်ဗျား၊ နိုင်ငံအတွင်း တစ်ခုတည်းသော ဆက်သွယ်ရေးဌာနဖြစ်သည့် လူကြီးမင်းတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအပေါင်း သုံးစွဲနေရ သည်မှာ ငြင်းမရသောအချက် ဖြစ်ပါသည်။

ယခုအခါ တယ်လီဖုန်းများ ပေါလာသည်နှင့်အမျှ ခေါ်ဆိုရခက်ခဲမှုများ ကြုံတွေ့လာရပါသည်။

သူငယ်ချင်း တစ်ဦးကမူ ယခုအယူအဆမှာ မှားကြောင်း၊ ဖုန်းများ ရှားပါးပစ္စည်းဘ၀ကလည်း ဆက်သွယ်ရခက်ကြောင်း ပြောပါ သည်။

ထိုကိစ္စမှာ ယခုတင်ပြမည့်အထဲ မပါသဖြင့် နောင်မှ ဆွေးနွေးပါတော့မည်။

ယခု ကျွန်တော်တင်ပြလိုသည်မှာ တယ်လီဖုန်းဆက်သွယ်မှုခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးရန် ဖြစ်ပါသည်။

လူကြီးမင်းတို့ဌာနမှ နိုင်ငံတကာနှင့်ယှဉ်လျှင် မြန်မာနိုင်ငံသည် ဖုန်းခေါ် ဆိုမှုနှုန်းထား သက်သာသည်ဟု ပြောဆိုထားသည်ကို ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရပါသည်။

သို့သော် ကျွန်တော်တို့၏၀င်ငွေများမှာလည်း နိုင်ငံခြားကို မမီပါဟု ပထမအချက်အနေဖြင့် တင်ပြလိုပါသည်။

ထိုထက် အရေးကြီးသောအချက်မှာ တယ်လီဖုန်းခေါ်ဆိုခများကို လေးပုံ တစ်ပုံခန့်အထိ လျှော့ချပေးစေလိုပါသည်။

အဘယ်ကြောင့် ယခုကဲ့သို့ အရေးဆို တင်ပြရသည်ကို ရှင်းလင်းလိုပါသည်။

ကိစ္စတစ်ခုကြောင့် လက်ကိုင်ဖုန်းကို အသုံးပြု ဆက်ပါက ပထမခေါ်ဆိုမှုတွင် ကျွန်တော်၏အသံကို တစ်ဖက်မှကြားရ ပါသည်။

သို့သော် တစ်ဖက်မှအသံကို ကျွန်တော်မကြားရပါ။

ထို့ကြောင့် ဖုန်းကိုဒုတိယအကြိမ် ပြန်ခေါ်ရပါသည်။

ယခုတစ်ကြိမ်တွင်မူ တစ်ဖက်မှအသံကို ကျွန်တော်ကြားရပါသည်။

သို့သော် ကျွန်တော်၏အသံကို တစ်ဖက်မှ မကြားရပါ။

သို့နှင့် တတိယမ္ပိ ကြိုးစား ကြည့်သောအခါ ဟိုဘက် ဒီဘက်အသံ ကောင်းစွာကြားပြီး ပြောဆိုနိုင်ပါသည်။

သို့သော် ပြော၍မှ လိုရင်းမရောက်မီ တီ တီ တီ တီ ဟု အော်မြည်သံပေးကာ ဖုန်း ပြုတ်ကျသွားပါသည်။

တစ်ခါတစ်ရံ မည်သည့်အသံမှ မမြည်ဘဲ အသံပျောက် သွားတတ်ပါသည်။

တစ်ခါတစ်ရံ ပြောရင်း အသံတဖြည်းဖြည်း တိမ်ဝင်သွားတတ်ပါသည်။

ထို့ကြောင့် အဆိုပါ ပြောလက်စကိစ္စတစ်ခု ပြီးမြောက်ရန်အတွက် စတုတ္ထအကြိမ် ထပ်မံခေါ်ရပါသည်။

အနည်းဆုံး လေးခါခေါ်မှ အလုပ်ကိစ္စ တစ်ခု ပြီးမြောက်သည့်သဘော ဖြစ်နေပါသည်။

ထို့ကြောင့် တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများကို လေးပုံတစ်ပုံ လျှော့ချ ပေးသင့်ကြောင်း တင်ပြလိုပါသည်။

ဒုတိယတင်ပြလိုသည်မှာ လူကြီးမင်း တို့ဌာနမှပင် ၀န်ဆောင်မှုပေးနေသော အင်တာနက်ကိစ္စဖြစ်ပါသည်။

အင်တာနက်ကို ယခင်ခေတ်က လျှပ်စစ်မီး အလှည့်ကျပေးနေသကဲ့သို့ ဆာဗာများ အလိုက် အလှည့်ကျပေးနေသည်ထင်ကြောင်း မိတ်ဆွေတစ်ဦးက ပြောပါသည်။

ထိုအချက်မှာ မဖြစ်နိုင်သော်လည်း ယခုအခါ ကျွန်တော်ပင်လျှင် ယုံချင်သလိုလို ဖြစ်လာပါသည်။

အဘယ်ကြောင့်ဆိုသော် အလုံတွင်နေသော ကျွန်တော်သည် ညဘက် အင်တာနက်သုံးရန်အတွက် ကွန်ပျူတာကိုဖွင့်ပြီး အနည်းဆုံး ၁၀ မိနစ်ခန့် စောင့်ရပါသည်။

DSL မီး မှိတ်တုတ်မှိတ်တုတ် အခြေအနေမှ ဘ၀ကူးပြီး တစ်သမတ်တည်း ငြိမ်သွားအောင် ဘုရားစာများ ရွတ်ဆိုပြီး အင်တာနက် ဆက်သွယ်မှုသေတ္တာ မိုဒန်းကို မေတ္တာပို့ရပါသေးသည်။

၁၀ မိနစ်ခန့်အကြာတွင် မီး အစိမ်း ငြိမ်သွားသည်နှင့် ဖွင့်လိုသော ၀က်ဘ်ဆိုက်ကို အမြန်ဖွင့်ရပါသည်။

သို့သော် မိမိကြည့်လိုသောဝက်ဘ်ဆိုက် မပွင့်မီမှာပင် DSL မီးသည် နဂိုဘ၀ ပြန်ပြောင်းကာ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဆက်သွယ်မှု ပြန်လည်ပြတ်တောက် သွားပါသည်။

ခုတစ်မျိုး တော်ကြာ တစ်မျိုး၊ ခု စာကလေး၊ ခုဆီထမင်းကြော် ဆိုသည့်စကားများမှာ အင်တာနက်ကို ရည်ညွှန်းပြောဆိုထားသည် လားဟု စဉ်းစားစရာပင် ဖြစ်ပါတော့သည်။

အင်တာနက်သုံးစွဲရရန်မှာ ပါဝါမီး လင်းရမည်။ DSL မီးလည်းလင်းပြီး ငြိမ်နေရမည်။ ETH/ACT မီးစိမ်းလေးက တဖျတ်ဖျတ် လှုပ်နေရမည်ဟု သိထားသော်လည်း ယခုအခါ ငြိမ်ရမည့် DSL မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး မှိတ်တုတ် မှိတ်တုတ် ဖြစ်ရမည့် EHT/ACT မီးက ငြိမ်နေသဖြင့် ဟိုဟာပြုရမယ့်ဟာက ဟိုဟာမပြုဘဲ ဟိုဟာမပြုရမယ့်ဟာ ပြုနေတယ်ဟု ပြောရမလို ဖြစ်နေပါသည်။

တစ်ခါတစ်ရံ မီးသုံးလုံးစလုံးက ထေရ်ကြီးဝါကြီးများသဖွယ် ဣနြေ္ဒသိက္ခာအပြည့်ဖြင့် လင်းပြီး ခဏငြိမ်နေပါကလည်း သုံးမရပြန် တော့ပါ။

ထို့ ကြောင့် ဆင်ခြေဆင်လက်ပေးရန်ဟု ရမ်းသန်း ဘာသာပြန်လိုက်သော ကွန်ပလိန့်ဌာနသို့ ဖုန်းဆက်ရပြန်ပါသည်။

အဆိုပါဖုန်းမှာလည်း သုံးလေးကြိမ်ခေါ်မှ လိုရင်းရောက်ပြီး တစ်ဖက်မှ အခြေအနေကို မေးပါသည်။

ထို့နောက် ယင်းတို့ညွှန်ကြားသည့် အင်တာနက် အ၀င်ကြိုးကို စစ်ဆေးခြင်း၊ ညွှန်ကြားသည့်ပင်နံပါတ်များရိုက်ထည့်ခြင်းများ လုပ်ရ ပါသည်။

ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သော်လည်း မထူးသော် (ညွှန်ကြားချက်အတိုင်း လုပ်သဖြင့် တစ်ခါမှလည်း ပြန်ကောင်းလာခြင်းမျိုး မရှိဖူးပါ) ကွန်ပလိန့်နံပါတ်ဟုဆိုကာ နံပါတ်တစ်ခုမှတ်ခိုင်းပြီး နောက်နေ့ ရုံးချိန်တွင် ဆက်သွယ်ရန်ဖုန်းနံပါတ် တစ်ခု ပေးပါသည်။

နောက်နေ့ရုံးချိန်တွင် မဆက်သွယ်မီ အင်တာနက်ဖွင့် ကြည့်သောအခါ သူမဟုတ်သလိုဖြင့် ကောင်းနေသောကြောင့် အဆိုပါဌာနသို့ မဆက်သွယ်ဖြစ်တော့ပါ။

သို့သော် နောက်တစ်နေ့တွင် ယခင်အတိုင်း ရောဂါပြန်ဖောက်လာသဖြင့် ကွန်ပလိန့် လုပ်ရပြန်ပါသည်။

နောက်ဆုံးတွင် ကွန်ပလိန့်နံပါတ်များ တစ်ပြုံကြီးဖြင့်သာ ကျွန်တော့မှာ သုံးရလိုက် သုံးမရလိုက်ဖြင့် လုံးလည်လိုက်နေပါတော့သည်။

ထို့ထက်ပိုဆိုးသည်မှာ အီလက်ထရွန်း နစ်စာတိုက်ပုံးဟုခေါ်သော အီးမေးလ် ကို အင်တာနက်ဆိုင်တွင် ဖွင့်သုံးနေစဉ် ကွန်နက်ရှင် ကျသွားခြင်းဖြစ်ပါသည်။

မိမိ၏စာတိုက်ပုံးမှာ ပြန်မပိတ်ရသေးသဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များ မပေါက်ကြားစေရန် အလို့ငှာ အဆိုပါ ဆိုင်တွင် သုံးလက်စ ကွန်ပျူတာရှေ့၌ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပြီး စောင့်ဆိုင်းရသည့်ဒုက္ခမှာ မသေးလှပါခင်ဗျား။

တစ်ခါကလည်း အင်တာနက်ဆိုင်တစ်ဆိုင်တွင် အသုံးပြုနေစဉ် မနေ့က ချိန်းတဲ့အချိန်လာပါတယ်၊ အင်တာနက် လိုင်းကျနေလို့ပါ၊ ဘယ်မှအလေလိုက် နေတာမဟုတ်ပါဘူး၊ ဘုရားစူး၊ မိုးကြိုး ပွတ်ရစေရဲ့ဟု လူငယ်တစ်ဦး ငိုသံပါကြီးဖြင့် ထုချေလွှာတင်သွင်း နေသည်ကို သနားစဖွယ် ကြားလိုက်ရပါသေးသည်။

ဗုဒ္ဓဘုရားရှင်သည် အိမ်ရှေ့စံဘ၀တွင် သူအို၊ သူနာ၊ သူသေတည်းဟူသော နိမိတ်ကြီးများကိုမြင်ပြီး အနိစ္စမမြဲပါလားဟု သံဝေဂရ တောထွက်ခဲ့သည်ဟု သိရပါသည်။

အကယ်၍သာ ထိုခေတ်တွင် အင်တာနက်သာရှိခဲ့ပါက ကွန်နက်ရှင် တက်လိုက်ကျလိုက်ကိုကြည့်ပြီး ကွန်နက်ရှင်မမြဲပါလားဟု တစ်ထိုင်တည်း အနိစ္စ မတည်မြဲခြင်းသဘောကို သိသွားနိုင်မည်ဟု ထင်မိပါသည်။

လွန်ခဲ့သော ဆယ်နှစ်မှစ၍ အင်တာနက်သုံးစွဲခဲ့သော ကျွန်တော်သည် မိမိ၏ အသက်အပိုင်းအခြားကို အင်တာနက်မှ အကြိမ်ကြိမ် ခိုးယူသည့်ဘေးနှင့် ကြုံတွေ့နေရပါသည်။

ထို့ကြောင့် မိမိ အလုပ်ပြီးမြောက်စေရန် အင်တာနက်ရှေ့တွင် သုံးရမည့် အချိန်လျှော့ချနိုင်ရေးအတွက် အင်တာနက်မြန်နှုန်းများ မြှင့်မပေးနိုင်လျှင်သော်မှ အသုံးပြုနေစဉ် ကွန်နက်ရှင်ပြတ်တောက်မသွားစေရေး ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။

ကျွန်တော်၏တင်ပြချက်များနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမည်ဆိုပါက လူကြီးမင်းတို့အပေါ် ကျွန်တော် သာမက တစ်ပြည်လုံးရှိ အင်တာနက် သုံးစွဲသူများ၊ တယ်လီဖုန်းသုံးစွဲသူများက အထူးကျေးဇူးတင်ရှိမည်မှာ အမှန်ပင် ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။

(စာကြွင်း၊ ကျေးဇူးတင်ပါတယ်ဆိုသောစကားမှာ ဈေးအလွန်ပေါသော၊ ကုန်ကျစရိတ် အသက်သာဆုံးသော စကားဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက ကျွန်တော့အား အငေါ်တူးပြီး ပြောဖူးသော်လည်း ကျွန်တော်တို့အနေဖြင့် ထိုစကားမှလွဲပြီး တခြားပြောစရာ စကား မရှိ သေးသဖြင့်
သည်းခံပေးပါခင်ဗျား)။

မာဂျေ
မြန်မာတိုင်းမ် အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ – ၁ ၊၁၂ ၊ ၂၀၁၁)

အလုပ်ခွင်မှာ ငြိမ်းချမ်းစရာ နှင့် စိတ်၏ကျန်းမာရေး

ဒီကနေ့ ကျွန်တော့်မိတ်ဆွေတွေ တစ်ညီတစ်ညာတည်း ညည်းညူနေကြပါတယ်။ ဘယ်သူနဲ့ပဲ တွေ့တွေ့ “စိတ်ညစ်တယ်” ၊ “အလုပ်ထဲမှာမပျော်ဘူး”၊ “အဆင်မပြေဘူး” စသည်ဖြင့်ပေါ့။ Facebook ရဲ့ ရင်ဖွင့်စရာ မျက်နှာစာ (What’s in your mind) မှာ ကြည့်လိုက်ရင်လဲ အလားတူ ရင်ဖွင့်စာလေးတွေ ရေးထားကြတာ ဖတ်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်ပင်လျှင် လုပ်ငန်းခွင်မှာ မပျော်ပိုက်လို့ ထွက်ခဲ့တာ သိပ်မှ မကြာလှသေးပဲ။ ဒီလိုနဲ့ လုပ်ငန်းခွင်မှာ ဘာလို့မပျော်ကြတာလဲ။ ပျော်အောင်လို့ ဘာလုပ်ရမလဲ စတာလေးတွေ တောင်စဉ်းစား မြောက်စဉ်းစားနဲ့ ထိုင်တွေး နေမိပါတယ်။

အဲလိုတွေးနေတုန်း ကျွန်တော့်သမီးငယ်လေးက ကျွန်တော့်နားလာပြီး “စကားထာဖွက်တမ်းကစား ရအောင်” လို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်စိတ်တွေဟာ ထွက်ခဲ့တဲ့ အလုပ်ထဲက ပျော်စရာမကောင်းပုံတွေ နဲ့ ရှေ့ဆက် ဘယ်လို စခန်းသွားရမလဲဆိုတာတွေကို စဉ်းစားနေလို့ သူခေါ်တာ မကြားမိပါဘူး။ သမီးငယ်လေးဟာ ကျွန်တော့်နားမှာပဲ ထိုင်ပြီး ကစားနေပါတယ်။ ကျွန်တော့်စိတ်တွေကတော့ အတိတ်နဲ့ အနာဂတ်ကို လွန်းထိုး နေတဲ့ အတွက် ပစ္စုပ္ပန်ကို မေ့လျော့နေမိပါတယ်။ ဒါကြောင့် သမီးဟာ ကျွန်တော့်အတွက် ပျောက်ဆုံးလို့နေပါတယ်။ တကယ်က ကျွန်တော်သတိရှိဖို့ကောင်းပါတယ်။ အတိတ်နဲ့ အနာဂတ်မှာ တွေဝေနေမဲ့အစား ပစ္စုပ္ပန်မှာသာ သတိကို ကပ်ထားသင့်ပါတယ်။ ဒါမှသာ သမီးရဲ့ အပြုံးကို မြင်နိုင်ပြီး သူ့ကို ပွေ့ထားနိုင်မှာ ဖြစ်ပါတယ်။

လူတိုင်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြတာချည်းပါပဲ။ အဆင်ပြေချင်ကြတာ ချည်းပါပဲ။ သူများတွေ အကုန် အဆင်ပြေနေကြတယ်။ ကိုယ့်ကျတော့ အဆင်မပြေဘူး။ ဘာကြောင့်ပါလဲ။ ကိုယ်ပဲ သူများတွေထက် ညံ့နေ လို့လား။ အရင် ဘ၀ဟောင်းများမှာ ကောင်းမှုကုသိုလ်တွေ အလုပ်နည်းခဲ့လို့ပဲ ဒီဘ၀မှာ ကျပ်တည်းနေရတာလား။ ဒါမှမဟုတ် ငြိမ်းချမ်းခြင်းဆိုတာ ကိုယ်နဲ့ပဲ မထိုက်တန်လို့လား စသည့်ဖြင့် ဆက်စဉ်းစားနေမိပါတယ်။ ဒီနေရာမှာ တစ်ကယ်ပဲ ကိုယ်ဟာ ငြိမ်းချမ်းခြင်းကို ခံစားနိုင်တဲ့ အရည်အချင်းရှိရဲ့လားဆိုတာ ဖြေစရာကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ငြိမ်းချမ်းခြင်းဆိုတာ ဘာပါလဲ။ ငြိမ်ငြိမ်လေးထိုင်နေရတာကို တစ်ချို့က ငြိမ်းချမ်းတယ်လို့ ပြောပါတယ်။ တစ်ချို့က တော့ ပျင်းစရာကြီးလို့ ပြောပါတယ်။ လူခန္ဓာကိုယ်ကြီးက ငြိမ်ငြိမ်လေးတော့ ထိုင်နေပါရဲ့။ စိတ်က ကျွန်တော့်လို အတိတ်တွေ အနာဂတ်တွေကို လျှောက်သွားနေရင် ဘယ်လိုလုပ် ငြိမ်းချမ်းနိုင်မှာတုန်း။ ချစ်တဲ့ သမီးလေးနဲ့ ပျော်ပျာ်ရွှင်ရွှင်ကစားနိုင်ပါရက်နဲ့ ပစ္စုပ္ပန်ပျောက်နေလို့ ငုတ်တုတ်မေ့နေတဲ့ ကျွန်တော့်မှာ ဘယ်လိုလုပ် ငြိမ်းချမ်းပျော်ရွှင်မှာတုန်း။

နောက်တစ်ခါ ကျွန်တော်တို့ ၁၀တန်းတုန်းက အင်္ဂလိပ်စာမှာ ကဗျာလေးတစ်ပုဒ် သင်ခဲ့ဖူးပါတယ်။ William Henery Davis ရေးတဲ့ “Leisure” တဲ့ အားလပ်ချိန်လေးမှမရှိရင် ဘ၀ဆိုတာ ဘာများအဓိပ္ပာယ်ရှိမှာတုန်းလို့ ရေးထားတဲ့ကဗျာလေးပါ။ အလုပ်ခွင် ယာတောကိုသွားတဲ့လမ်းမှာ မြက်ခင်းစိမ်းစိမ်းတွေ၊ ရှဥ့်လေးတွေ သစ်တိုသီး ကောက်စားနေကြတာတွေ၊ ငှက်ကလေးတွေ သစ်ပင်ကိုင်းမှာ နားနေကြတာတွေကို ခဏလေးမှ ရပ်ကြည့်ချိန်မရှိရင် ဘာလုပ်တော့မှာတုန်းလို့ ဆိုပါတယ်။ စားကျက်ထဲက နွားတွေသိုးတွေလောက်မှ ငြိမ်ငြိမ်သက်သက် စားမြုံ့ ပြန်ချိန်မရှိရင် ဘယ်ကောင်းပါ့မလဲလို့ရေးထားပါတယ်။ တစ်ခါ ဗီယက်နမ် တစ်ယောက် ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ် လည်း ဖတ်ဖူးပါရဲ့။

စည်းရိုးနဘေး ငြိမ်ငြိမ်လေးရပ်ကာ

မင်းက တထူးတဆန်း ပြုံးတယ်။

ကျုပ်မှာ စကားတောင်မပြောနိုင်

မင်းရဲ့ လှပတဲ့ သီချင်းသံတွေကိုပဲ

ကျုပ်မှာဝင်စား။

အစမရှိ အဆုံးမထင်သည်အထိ

မင်းကို ဦးညွတ်မိတယ် တဲ့။

“မင်း” ဆိုတာ ဒေလီယာပန်းလေးကို ပြောတာ။ အဲဒီနေ့မနက် ယာတောကိုအသွား လမ်းမှာ ခပ်ငယ်ငယ် ပန်းလေးတစ်ပွင့် ပွင့်နေတာ သူမြင်ခဲ့တာကိုး ။ အဲဒီမြင်ကွင်းက သူ့ကို ငြိမ်းချမ်းသွားစေလို့ ဒီကဗျာကို ရေးမိတာ လို့ ဆိုပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ ဒါမျိုးတွေရှိနေတာပါပဲ။ နေ့စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ပဲ ဒီလို ငြိမ်းချမ်းမှုလေးတွေကို ရှာကြည့်ရမှာပဲ။

တကယ်တော့ ငြိမ်းချမ်းခြင်းဆိုတာ ကျွန်တော်တို့ ကိုယ်ခန္ဓာမှာတောင် ရှာရင် တွေ့နိုင်ပါတယ်။ တစ်နေ့က ကျွန်တော့် သွားတစ်ချောင်းဟာ တော်တော်ကိုက်လာတယ်။ ဘာမှလဲ စားလို့မရဘူး။ သွားကိုက်တဲ့ဝေဒနာကို ခံစား ရတော့မှ သွားမကိုက်ရင် တော်တော်ကောင်းမှာပဲလို့ တွေးမိတယ်။ အရင်တုန်းကတော့ ဒီလို မစဉ်စားမိသေးပါဘူး။ မေ့နေတာကိုး။ သွားတွေ ကောင်းနေတာကို ငြိမ်းချမ်းတယ်လို့ မထင်မိဘူး။ သွားကိုက်တော့မှပဲ သွားမကိုက်တာဟာ ငြိမ်းချမ်းခြင်းတစ်မျိုးပါလားလို့ သတိပြုမိတယ်။ အဲဒီလို သတိပြုမိအောင် သွားပဲ ကိုက်ပေးရဦးတော့မလို ဖြစ်နေပြီ လို့ တွေးမိပြီး ပြုံးရသေးတယ်။ တကယ်တော့ ဟုတ်တယ်ဗျ။ ဒါပေမယ့် သွားကိုက်ပျောက်သွားတော့လဲ ဒီလိုပါပဲ။ မေ့သွား ပြန်တာပဲ။ အခုလက်ရှိမှာ သွားမနာခြင်းဟာ ငြိမ်းချမ်းခြင်းပဲလို့ သတိလေးထားမိရင် ကောင်းပါတယ်။

လွန်ခဲ့တဲ့ လေးလကျော်လောက်က ကျွန်တော်တို့ ချစ်တဲ့ မိတ်ဆွေတစ်ယောက် ကင်ဆာနဲ့ ဆုံးပါးခဲ့တယ်။ သူ့မှာ ကင်ဆာရောဂါသာ မရှိရင် အခုထိ ကျွန်တော်တို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေမှာပဲ။ ကျွန်တော်တို့မှာ ကင်ဆာဖြစ် နေရင်လဲ အခုလောက်ဆို သူ့နောက်လိုက်ကြပြီ။ ကျွန်တော်တို့မှာ ကင်ဆာမရှိလို့သာ အခုလို ကျန်းကျန်းမာမာ နေနိုင်တာဖြစ်တယ်။ ဒီလိုဆိုကင်ဆာမရှိတာဟာလဲ ငြိမ်းချမ်းခြင်းတစ်မျိုးပဲမဟုတ်လားဗျ။ ဒါပေမယ့် ကျွန်တော်တို့ က ဒါကို ဂရုမထားမိကြဘူး။ လက်ရှိ(ပစ္စုပ္ပန်)ကို ဒီလို ကြည့်လိုက်ရင်တော့လဲ ငြိမ်းချမ်းစရာတွေ အများကြီးပါဗျာ။ သွားမနာတာလဲ ငြိမ်းချမ်းတာပဲ။ ကင်ဆာရောဂါ မရှိတာလဲ ငြိမ်းချမ်းတာပဲ။ ပြီးခဲ့တဲ့ အတိတ်နဲ့ မလာသေးတဲ့ အနာဂတ်ကို လျှောက်တွေးပြီး စိတ်ညစ်နေမဲ့အစား ပစ္စုပ္ပန်ကို သတိလေးနဲ့ ဒီလိုလျှောက်ကြည့်တော့လဲ ငြိမ်းချမ်းသားဗျ။

အလုပ်ခွင်ထဲကျတော့တစ်မျိုးဗျ။ ဒီကနေ့ ကျွန်တော်တို့ ၀န်ထမ်းတွေမှာ “Multi-task” လို့ခေါ်တဲ့ တစ်ချိန် တည်း မှာ အလုပ် နှစ်မျိုးသုံးမျိုးကို တစ်ပြိုင်နက်တည်းခိုင်းတဲ့ စနစ်တစ်ခု ခေတ်စားနေတယ်။ အလုပ်တွေ ပြိုင်လုပ်ရတော့ ဘာဖြစ်လာလဲ ဆိုတော့ ကျွန်တော်တို့ရဲ့ စွမ်းအင်တွေ ပြန့်ကျဲလာတယ်။ အလုပ်ကိစ္စတွေကို အဆင်ပြေအောင်လုပ်ဖို့ ခက်လာတယ်။ အဲဒီတော့ လစ်ဟင်းမှုတွေ အမှားအယွင်းတွေများလာရော။ အထက်လူကြီးက ဆူရော။ အလျော်အစားတွေ ပါလာ ရော။ ခဏခဏဖြစ်တော့ စိတ်ညစ်ရော၊ အလုပ်ထွက်ချင်လာရော။ စိတ်တိုတယ်။ လုပ်ဖော်ကိုင်ဘက် အချင်းချင်း စိတ်ဝမ်းကွဲမှု၊ ကဏ္ဍကောစတွေဖြစ်လာရော။ မပြုံးနိုင်ကြတော့ဘူး။ ဒီလိုနဲ့ပဲ အလုပ်ခွင်မှာ ငြိမ်းချမ်းရေးမဲ့လာတော့ တာပါပဲ။ ကျွန်တော်တော့ တစ်ကယ်အလုပ်လုပ်နေကြရတဲ့ နေရာတိုင်းမှာ ဒါမျိုးတွေချည်းပဲလို့ ထင်ပါတယ်။

အဲဒီတော့ အလုပ်ခွင်မှာ ငြိမ်းချမ်းစရာရှာဖို့ ဟိုဟိုသည်သည် လျှောက်ကြည့်မိတော့ တစ်ချို့အချက်ကလေး တွေ တွေ့ရလို့ ပြန်ပြီးဖောက်သည် ချလိုက်ရပါတယ်။

နံပါတ် (၁) က ရေလိုကျင့်ပါ တဲ့။

သူကဘာပြောတာလဲဆိုတော့ စမ်းချောင်းထဲမှာ ရေစီးတယ်မဟုတ်လား။ တစ်ခုခု အဟန့်အတားတွေ့ရင် ရတဲ့လမ်းက ကွေ့ပတ်ပြီးစီးပစ်လိုက်တာပဲ။ တင်းခံမနေဘူး။ အလုပ်ထဲမှာလဲ ဒီလိုပဲ။ စိန်ခေါ်မှု၊ အဟန့်အတား (လူတွေပါ ပါတယ်) တွေ့ရင် တင်းခံမထားနဲ့တဲ့။ ရေလို ပျောင်းနွဲ့ ညွတ်ကွေးပြီး ကျော်ဖြတ်လိုက်ပါတဲ့။ အားနဲ့ တောင့် ခံထားရင် တင်းလို့ပြတ်တတ်တယ်တဲ့။

နံပါတ် (၂) က ဒေါသရှေ့မထားပါနဲ့တဲ့။ ဒေါသထွက်ပြီဆိုရင် အမှားလုပ်မိတော့တာပဲ။ စိတ်ခံစားချက်တွေကို ရှေ့တန်းမတင်ပါနဲ့။ “စိတ်လိုက်မာန်ပါ” ဆိုတာလို စိတ်နောက်က မာန် ပါသွားရင် မှားတော့တာပါပဲ။

နံပါတ် (၃)က အလုပ်နဲ့အိမ်၊ အလုပ်နဲ့မိသားစု၊ အလုပ်နဲ့ ကိုယ်ကိုယ်တိုင် ဟန်ချက်ညီအောင် ထိန်းထားပါတဲ့။

နံပါတ် (၄)က ပစ္စုပ္ပန်တည့်တည့်ရှု။ ဒါက အလုပ် နှစ်လုပ်ပြိုင်လုပ်ရရင်ပြောတာဖြစ်မယ်။ ဥပမာ ဖိုင်တွဲရင်း paper work လုပ်ရင်း ဖုန်းလာတယ်ဆိုပါစို့။ ဖုန်းပြောရင် စိတ်ကို ဖုန်းထဲက ကိစ္စမှာပဲထား။ ဟို လုပ်လက်စအလုပ်ကို ခဏ မေ့ထားလိုက်။ စိတ်က ဟိုရောက်နေရင် ဒီက ဖုန်းထဲက ကိစ္စမှာ မှားတော့မယ်။ ပစ္စုပ္ပန်တည့်တည့်ရှုဆိုတာ ဒါကို ဆိုလိုတာဗျ။ ပစ္စုပ္ပန်မှာပဲနေ ဆိုလို့ အတိတ်ကိုလည်း သင်ခန်းစာမယူ၊ အနာဂတ်အတွက်လည်း မပြင်ဆင်ဆိုရင်တော့ သိပ်မဟန်လောက်ဖူးထင်တယ်။

နံပါတ်(၅)ကတစ်နေ့စာတစ်နေ့ ပြီးအောင်ဖြတ်၊ နောက်နေ့မှာ အသစ်ကိုစ။နေ့တိုင်း နေ့တိုင်း စိတ်သစ် လူသစ်နဲ့ ရွှင်လန်းစွာအလုပ် လုပ်ရင် လေ့လာစရာတွေအများကြီးရလာမယ်။

နံပါတ် (၆)က အာရုံကို အလုပ်အပေါ်မှာပဲထား။ ရလဒ်အပေါ်မှာ မထားပါနဲ့တဲ့။ ရည်ရွယ်ချက်တစ်ခုထားပြီး အလုပ်လုပ်ဖို့ အရေးကြီးတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီရည်ရွယ်ချက်အောင်မြင်အောင် တစ်ဆင့်ချင်း စနစ်တကျ လုပ်သွားမှ ပန်းတိုင်ရောက်မယ်မဟုတ်လား။ ဥပမာ – ပွဲတစ်ခုအတွက် လုပ် ရမယ် ဆို ပါတော့ဗျာ။ ဒီပွဲကြီး အောင်မြင်ဖို့က ကျွန်တော်တို့ရဲ့ ပန်းတိုင် ဆိုပါစို့။ ပွဲအောင်မြင်ဖို့ပဲ အာရုံထားပြီး ပြင်ရဆင်ရမယ့်ဘက်ကို အာရုံမထား ရင် ဒီပွဲစနစ်တကျ အောင်မြင်ဖို့ မလွယ်ဖူးဗျ။

နံပါတ်(၇)က အလုပ်ကို ရင်ထဲကစေတနာနဲ့ အလိုအလျောက်လုပ်သလိုဖြစ်အောင်လုပ်ပါတဲ့။ အလုပ်ကို တကယ်စိတ်ပါလို့ မြိန်မြိန်ယှက်ယှက် လုပ်တဲ့လူနဲ့ လုပ်စရာမို့လို့ လုပ်နေရတဲ့သူ စိတ်ပျော်ပုံချင်းမတူဘူးဗျ။

နံပါတ် (၈)က မကြောက်ရဘူးတဲ့။ တကယ်တော့ ကြောက်တယ်ဆိုတာ ဖြစ်လာတော့မှာကို တွေးတွေးပြီး ကြောက်နေတာဗျ။ အဲဒါ တကယ်မှ ဖြစ်မလာသေးဘဲ။ ဘာလို့ တွေးကြောက်နေရမလဲ။ ကြောက်ပြီဆိုရင် ကျွန်တော် တို့ရဲ့ စွမ်းအားတွေကို ယိုစီးစေတော့တာပဲတဲ့။ လက်ငင်းအကျပ်အတည်းက ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲ ဆိုတဲ့ အကြံဥာဏ်ကောင်းတွေထွက်လာစေမယ့် စွမ်းအားတွေ ယိုစီးကုန်တာပဲတဲ့။

နံပါတ် (၉)က ပြိုင်ပွဲတစ်ခုမှာ နိုင်ချင်ရင် ကိုယ့်ကိုယ်ကို ပြည့်ဝအောင် ကြိုးစားရမယ်တဲ့။ ပြိုင်ဘက်ကို လဲကျ သွားအောင်ထိုးနိုင်တာ အကောင်းဆုံး အနိုင်ယူနည်းမဟုတ်ပါဘူး။ ပြိုင်ဘက်ရဲ့ ထိုးနှက်ချက်တွေကို တောင့်ခံနိုင် အောင်သာလုပ်ထားရမယ်တဲ့။ ပြိုင်ဘက်တွေဟာ သူတို့အားနည်းချက်တွေကြောင့် သူတို့ဟာ သူတို့ပဲ လဲကျသွားကြ ပါလိမ့်မယ်တဲ့။ ကိုယ်က လုပ်စရာရှိတာ လုပ်ထားရုံပါပဲတဲ့။

နောက်ဆုံး နံပါတ် (၁၀)က ကိုယ့်ကိုယ်ကို အားလပ်ချိန်လည်းပေးရမယ်တဲ့။ အနားမယူဘဲ အလုပ်ချည်းပဲ ဖိလုပ်နေရင် ကြာကြာမခံဘဲ သွားလိမ့်မယ်တဲ့။ စိတ်ကို ကြည်လင်သန့်ရှင်းဖို့ အချိန်ပေးရပါမယ်။ သန့်ရှင်းတဲ့ စိတ်ကသာ ဆောင်ရွက်နိုင်၊ တုန့်ပြန်နိုင်၊ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်ဗျာ။

ဗြိတိန် နှလုံးဖောင်ဒေးရှင်းက နှလုံးအထူးသူနာပြု ဂျွန်ဒေးဗစ်ဆင်က “အလုပ်ထဲမှာ စိတ်ဖိစီးမှု ခံစားနေရရင် မိတ်ဆွေတွေ ဒါမှမဟုတ် မန်နေဂျာကို ပြောပြပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ မေးမြန်းဆွေးနွေးသင့်ပါတယ်။ စိတ်ဖိစီးမှုတွေကို အကောင်းမြင်ဝါဒနဲ့ တုန့်ပြန်ဖို့ ကြိုးစားပါ။ လုပ်ငန်းခွင်ထဲမှာ တက်တက်ကြွကြွနေပါ။ လှေကားကို သုံးပြီးလမ်းလျှောက်တက်ပါ။ အလုပ်သွားတဲ့လမ်းမှာ အနည်းငယ်လမ်းလျှောက်ပါ။ ဒီလုပ်ဆောင်ချက်ကလေး တွေက ဖိစီးမှုကို ပြိုကွဲစေဖို့ အကူအညီပေးတဲ့အပြင် နှလုံးကျန်းမာရေးကောင်းအောင်လဲ အားပေးပါတယ်” လို့ အကြံပေးကြောင်း ၁၆ ဇူလိုင် ၂၀၁၀ ထုတ် မော်ဒန်ဂျာနယ်မှာလည်း ဖတ်လိုက်ရပါတယ်။

အထက်က ဆိုခဲ့တဲ့ အချက်ကလေးတွေအတိုင်း နေကြည့်ရင် စိတ်ညစ်တာတော့ နည်းနည်းသက်သာမယ် ထင်တာပါပဲဗျာ။ အကျင့်ရသွားရင်တော့ ငြိမ်းချမ်းလာမှာပါ။ သစ်တစ်ပင်အောက်၊ ၀ါးတစ်ရုံအောက် မရောက်နိုင် သေးကြတဲ့၊ အလုပ်ခွင်နဲ့ မကင်းကွာနိုင်သေးတဲ့ လူတွေအဖို့ ငြိမ်းချမ်းခြင်းကို အလုပ်ထဲမှာပဲ တွေ့အောင်ရှာကြ ရမှာပဲဗျ။ ကာရာအိုကေသွား ဘီယာစုပ်ရင်းအပန်းဖြေတာနဲ့စာရင် စိတ်ကို ပစ္စုပ္ပန်မှာပဲ တည့်တည့်နေအောင် သတိလေးကပ်ပြီး ရွှင်လန်းစွာနေထိုင်ခြင်းက ကုသိုလ်ဖြစ်ပါတယ်ဗျာ။ တကယ်တော့ အတိတ်ဆိုတာကလည်း ပြီးခဲ့ပါပြီ။ အနာဂတ်ကလည်းရောက်မလာသေးတော့ ဘာမှလုပ်လို့မရပါဘူး။ ပစ္စုပ္ပန်တည့်တည့် သာလျှင် လူတွေအဖို့ အသက်ရှင်ခြင်း စစ်စစ်ပဲမဟုတ်ဖူးလားဗျာ။ နော့ဗျာ။

၁၈၊ ဇူလိုင် ၂၀၁၀

မှီငြမ်း- စင်ကြယ်သောစိတ်(မုံရွေး)- 10 Simple Lessons

ခေါ်သံ

ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။

နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ … .. ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။
Continue reading ခေါ်သံ

မဖော်ပြဖြစ်ခဲ့တဲ့ နီကိုရဲရဲ့ အင်တာဗျူး

နီကိုရဲ ကွယ်လွန်ပြီဆိုတာ သိလိုက်ရသည်။ ကျွန်တော် ချစ်သော အနုပညာရှင်တွေ (ထူးအိမ်သင်၊ နိကိုရဲ) ငယ်ရွယ်စဉ်မှာ ကွယ်လွန်သွားတဲ့အတွက် နှမြောတသ ဖြစ်မိတာ အမှန်ပါပဲ။

မကြည်ပြာ ၀တ္တုထဲမှ အလွဲအချော်ဇာတ်လမ်းများနှင့် ပရိသတ်သိကျွမ်းခဲ့ရသော နီကိုရဲ ။ သူသေဆုံးပြီးချိန်မှာ သူဘ၀နဲ့ ရင်းပြီး ပေးဆပ်လိုက်ရသော လွဲချော်မှုတစ်ခုကို Internet မှဖတ်လိုက်ရသောအခါ-

ကျွန်တော် သူ့ အတွက် ကြေကွဲဝမ်းနည်းခဲ့ရသည်။
Continue reading မဖော်ပြဖြစ်ခဲ့တဲ့ နီကိုရဲရဲ့ အင်တာဗျူး

တမလွန်ကိုဘယ်သူလိုက်မလဲ။

ကျွန်တော်သေတော့မည်ဆိုပါစို့။
တမလွန်ခရီးကို သွားရတော့မည်။
တစ်ယောက်ထဲမသွားလို၍အဖော်ခေါ်သွားရန်ကြိုးစားမိပါသည်။

ပထမဆုံး ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကိုမေးကြည့်သည်။
ဘာတစ်ခုမှ ယူသွားလို့မရ။

ဒုတိယ အခင်ဆုံးသူငယ်ချင်းကို မေးကြည့်သည်။
“မလိုက်ဖူး” ဟု တုံးတိကြီးဖြေသည်။

တတိယ ချစ်ဇနီးကို မေးကြည့်သည်။
“ရှင့်ကို လိုလေသေးမရှိ ပြုစုလိုက်ပါ့မယ်။ သေပြီးတဲ့နောက်တော့ တမလွန်ကို မလိုက်နိုင်ဘူး။ သားတွေသမီးတွေအတွက် လုပ်စရာတွေ အများကြီးကျန်သေးတယ်” ဟု ဆင်ခြေပေးသည်။

နောက်ဆုံး ကိုယ့်ခန္ဓာကိုယ်ကြီးကို ကိုယ်ပြန်မေးကြည့်သည်။
ခန္ဓာကိုယ်ကြီးက “လိုက်မယ်” ဟု ဆိုသည်။
အားတက်သွားမိပါသည်။
ဒါပေမယ့် သင်္ချိုင်းအထိပဲလိုက်မည်ဟု ဆိုသည်။
သင်္ချိုင်းမှာ နေခဲ့မည်။
သင်္ချိုင်းဟိုဘက် တမလွန်ခရီးကို နာမ်ဟုပဲခေါ်ခေါ်၊ စိတ်ဟုပဲခေါ်ခေါ်၊ ၀ိဉာဉ်ဟုပဲခေါ်ခေါ် အဲဒါလေးက တစ်ကိုယ်တည်း ခရီးဆက်ထွက်ရတော့မည်။
တစ်ခုခုတော့ အားကိုးစရာပါသွားမှဖြစ်မည်။
သီလလား၊ သမာဓိလား၊ ပညာလား။
မသွားခင် ပြည့်နိုင်သလောက်ပြည့်အောင်ဖြည့်သွားရမည်။
အခုကတည်းက စဖြည့်နိုင်မှ သေတဲ့အခါ “တနိုင်စာ” ပါသွားနိုင်ပါမည်တဲ့။

ကဲ
ကိုယ့်ဆရာ
သင်ရော သေရင် ဘယ်သူ့အဖော်ခေါ်မှာတုန်း။
မေးကြည့်ပါဦး။
လုပ်တော့နော်… အချိန်မနည်းတော့ဘူး။